သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအာဏာသိမ်း ၂ နှစ်ပြည့် ဆန္ဒပြ


ထိုင်းအာဏာသိမ်း ၂ နှစ်ပြည့် ဆန္ဒပြ
ထိုင်းအာဏာသိမ်း ၂ နှစ်ပြည့် ဆန္ဒပြ

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာ တနင်္ဂနွေနေ့တုန်းက စစ်အာဏာသိမ်းတဲ့ ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လူ ၂၀၀ ကျော်ဟာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ရွေးကောက်ခံအစိုးရလက်က စစ်အာဏာသိမ်းချိန်ကစပြီး စစ်အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေထဲမှာ ဒီတကြိမ်ဟာ အကြီးဆုံးတခုဖြစ်ပေမယ့် အာဏာပိုင်တွေဟာ အရင်တုန်းကလို လမ်းပေါ်မှာပဲဖြစ်ဖြစ် အွန်လိုင်းကနေပဲဖြစ်ဖြစ် ဆန့်ကျင်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူလေ့ရှိတဲ့ အရင်ပုံစံမျိုး မဟုတ်တော့ဘဲ သည်းခံတာတွေ့ရပါတယ်။

ဒီဆန္ဒပြပွဲဟာ စစ်အစိုးရအုပ်ချုပ်မှုကို အထင်ရှားဆုံး ဆန့်ကျင်တဲ့ ဆန္ဒပြပွဲအငယ်စားလေးတွေနဲ့ ပတ်သက်တဲ့ ကျောင်းသားတွေ ပါဝင်တဲ့ အဖွဲ့ငယ်တစ်ခုက ဦးဆောင်ခဲ့တာပါ။ တနင်္ဂနွေနေ့က အခု ချီတက်ဆန္ဒပြပွဲဟာ စစ်တပ်က ပြဌာန်းတဲ့ အငြင်းပွားစရာ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်အတွက် လူထုဆန္ဒခံယူပွဲ ကျင်းပဖို့ ၃ လ မတိုင်ခင် မှာ ဖြစ်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဥပဒေပါ ပြဌာန်းချက်တွေဟာ နိုင်ငံရေးပါတီတွေကို အားနည်းစေပြီး အနာဂတ် အစိုးရတွေကို စစ်အစိုးရက ကြိုတင်ပြဌာန်းထားတဲ့ မူဝါဒရေးရာတွေအတိုင်း လုပ်ဆောင်ဖို့ တွန်းအားပေး ထားတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။ ဥပဒေသစ်ဟာ မဲမထည့်ရေး စည်းရုံး လှုပ်ရှားသူ ဘယ်သူ့ကိုမဆို ကြီးလေးတဲ့ပြစ်ဒဏ် ကျခံရဖို့ ခြိမ်းခြောက်ထားပါတယ်။ ဒါပေမယ့် ချီတက်ဆန္ဒပြသူတွေကတော့ သူတို့ရဲ့ဆန္ဒအမှန်ကို သိအောင်ပြဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။

ထိုင်း စစ်တပ်ဟာ ဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်အစိုးရကို ဆန့်ကျင်တဲ့ သွေးကြွဆူပူမှုတွေ၊ တခါတရံ ပြင်းထန်တဲ့အကြမ်းဖက်မှုတွေ လပေါင်းများစွာ ဖြစ်ပေါ်လာခဲ့ပြီးတဲ့နောက်၂၀၁၄ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှာ စစ်အာဏာသိမ်းခဲ့ပါတယ်။

မစ္စ်ယင်လပ် ရဲ့အကို ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာလည်း ၂၀၀၆ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းချိန်အတွင်း ရာထူးက ဖြုတ်ချခံခဲ့ရသူဖြစ်ပါတယ်။ သူ့ကိုထောက်ခံသူတွေနဲ့ ပြိုင်ဘက်တွေကြား အဲဒီအချိန်ကတည်းက နိုင်ငံရေးသြဇာအာဏာ အားပြိုင်ပွဲ ပေါ်ပေါက်ခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG