ဆီဈေးတက်လို့ ထိုင်းငါးဖမ်းလုပ်ငန်းက မြန်မာအလုပ်သမားတွေ အလုပ်အကိုင်ဆုံးရှုံး
{{Zawgyi/Unicode}}
ထိုင်းနိုင်ငံမှာ လောင်စာဆီဈေး မြင့်တက်မှုကြောင့် ငါးဖမ်းလုပ်ငန်းတွေကို ထိခိုက်လာနေရာက မြန်မာအလုပ်သမားတွေ အလုပ်အကိုင် ဆုံးရှုံးနေကြရတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အခုအခါ အလုပ်လက်မဲ့ဖြစ်နေကြတဲ့ မြန်မာအလုပ်သမား ထောင်ဂဏန်းအထိ ရှိနေပြီလို့လည်း အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ် အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံ အတွင်းမှာ လောင်စာဆီတွေ မြင့်တက်နေတဲနေတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေ အဆင်မပြေကြတာကြောင့် ငါးဖမ်းလှေ ၁၀၀ ကျော် ရပ်နားထားရကာ မြန်မာအလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်နေကြတယ်လို့ ဆိုပါတယ် ။ တချို့ဆိုရင် အလုပ်ကနေ ရပ်နားထားပြီး ဘယ်အချိန် အလုပ်ပြန်ခန့်မလဲဆိုတာလည်း မရေရာသလို လှေနားထားရတဲ့အချိန်မှာ အကျိုးခံစားခွင့်တွေလည်းမရကြဘူးလို့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က အလုပ်သမားရေး လှုပ်ရှားသူ ဦးမင်းဦး က ပြောပါတယ် ။
" ဒီဇယ်ဈေး လောင်စာဆီ ဈေးကြီးတယ် ဆိုပြီးတော့ လှေတွေက တချို့လှေတွေဆို လုံးလုံးနားတယ်။ တချို့လှေတွေဆိုရင် နှစ်ခေါက် ထွက်ရမယ့်ဟာကို တခေါက်ပဲထွက်တော့တယ်။ လှေသားတွေကို ပြောရမယ်ဆိုရင် လှေတွေထွက်မယ်ဆိုရင် ပိုက်ချစားရိပ်လို့ ခေါ်တဲ့ကြိုတင်ငွေ ပေးရတာရှိတယ်။ အရင်တုံးက ဘတ်၈ထောင် ပေးရတယ်ဆိုရင် အခုဆိုရင် ၇ ထောင်တို့ ၆ထောင်တို့ပဲ ပေးပြီးလျော့ပေးကြတယ်။ တချို့လှေတွေဆိုရင် သူဌေးတဦးတည်းကပဲ လှေ၃စီးပိုင်တယ်ဆိုရင် အခုဆိုရင် လှေနှစ်စီးပဲသွားတော့မယ် နောက်တစီးကို ဖြုတ်လိုက်တယ်ဆိုရင်တော့ အဲဒီတစီးက လူတွေက အလုပ်တွေပြုတ်ကုန်တယ် ။ တချို့ဆိုရင် သူဌေးက လုံးလုံးကိုဖြုတ်လိုက်တယ် ။ အလုပ်ရှိရင် ပြန်ခေါ်မယ်ဆိုပြီး အကျိုးခံစားခွင့်တွေလည်း မပေးတော့ဘူး"
အခုဆိုရင် လှေပေါင်း ၁၀၀ကျော် ရပ်နားလိုက်ရတဲ့အတွက် အဲဒီမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေ ထောင်ဂဏန်းနဲ့ အလုပ်လက်မဲ့ဖြစ်နေတဲ့ ပြသနာကို ရင်ဆိုင်နေရတယ် လို့လည်းပြောပါတယ်။
" ပျမ်းမျှဆိုရင် လှေတစီးကို လှေက အမျိုးအစားတွေက အများစုက ဝါးတန်းနဲ့ ဝါးလတ်လို့ ခေါ်တယ်။ ဝါးတန်းဆိုတာကတော့ တရွတ်တိုက်ဆွဲတဲ့ပိုက် နဲ့ ဖမ်းတဲ့လှေ ဝါးတန်းဆိုတာကတော့ ဝိုင်းချုပ်ပြီး ငါးဖမ်းတဲ့လှေဖြစ်တယ်။ ဝါးတန်းဆိုရင် တစီးကို လူက ၃၀ကျော်တယ်။ အခုဆိုရင် ပျမ်းမျှ လူ၃၀လောက်ပါတယ်။ တစီးကို ပျှမ်းမျှ ၂၅ယောက်ပဲတွက် အစီး၁၀၀လောက်ဆိုရင် အဲဒီလူတွေက ဒုက္ခရောက်ပြီပေါ့"
မြန်မာ အလုပ်သမားတွေကတော့ အလုပ်လက်မဲ့ဖြစ်တာနဲ့ ပတ်သက်လို့ တိုင်ကြာတာမျိုးတွေမလုပ်ကြပဲ အလုပ်တွေပြန်ခေါ်တဲ့အခါမှာ ပြန်အလုပ်ရဖို့အတွက်သာ စောင့်မျှော်နေကြတယ်လို့ လည်းပြောပါတယ်။
" အကြောင်းကြောင်းတွေကြောင့် အလုပ်ရှင်ကို အားနာတာ ကြောက်တာ မိသားစုနဲ့ဆိုပြီး အလုပ်လက်မဲ့ဖြစ်မှ ာကိုယ့်ကိုမှီခိုသူတွေအခက်အခဲဖြစ်မှာကို စိုးရိမ်ပြီး အဲဒီလိုပဲသွားနေကြတယ်"
ထိုင်းနိုင်ငံအတွင်းမှာ လှေလုပ်သားတွေဟာ အက်ဒမန်ပင်လယ်ပြင်ထဲမှာ ငါးဖမ်းထွက်ကြပြီး ရာသီဥတုဆိုးဝါးတဲ့အခါမှာ လှေတွေရပ်နားထားရတာမျိုးတွေရှိသလို အခုလိုလောင်စာဆီ အခက်အခဲနဲ့ ငါးဖမ်းလှေ လုပ်ငန်းရှင်တွေက အရှုံးပေါ်တဲ့အခါမှာလည်း လှေတွေ ရပ်နားထားရတာတွေကြောင့် အလုပ်လက်မဲ့ဖြစ်ရတဲ့ ပြသနာတွေရင်ဆိုင်နေရပါတယ်။
...............................................................
{{Zawgyi/Unicode}}