သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်ကို တရားမဝင်လာတဲ့ ထိုင်း ၈၁ ယောက် ထိုင်းဘက်ကို လွှဲပြောင်းပေး


ထိုင်းနိုင်ငံက တရားမဝင်လာရောက်သူ ၈၀ ကျော်က မြန်မာက ထိုင်းဘက်သို့ တရားဝင်လွှဲပြောင်းပေးအပ်စဉ်။ (ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့/ ဖေဖော်ဝါရီ ၇၊ ၂၀၁၉)
ထိုင်းနိုင်ငံက တရားမဝင်လာရောက်သူ ၈၀ ကျော်က မြန်မာက ထိုင်းဘက်သို့ တရားဝင်လွှဲပြောင်းပေးအပ်စဉ်။ (ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့/ ဖေဖော်ဝါရီ ၇၊ ၂၀၁၉)

မြန်မာနိုင်ငံထဲကို တရားမဝင် ခိုးဝင်မှုနဲ့ ရှမ်းပြည်နယ်မှာ ဖမ်းဆီးထားတဲ့ ထိုင်း နိုင်ငံသား ၈၀ ကျော်ကို ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ထိုင်းနိုင်ငံဘက်ကို တရားဝင် ပြန်လည် လွှဲပြောင်း ပေးလိုက်ပါပြီ။ မူးယစ်ဆေးဝါးမှုနဲ့ သံသယရှိသူတွေအပါအဝင် အဲဒီလူတွေကို ထိုင်းရဲချုပ် ကိုယ်တိုင် လက်ခံခေါ်ဆောင်သွားပြီး ဒါဟာ နှစ်နိုင်ငံကြား မူးယစ်ဆေးဝါး နှိမ်နင်းရေး ဆိုင်ရာ အရေးကြီးတဲ့ ဆောင်ရွက်ချက်ဖြစ်ကြောင်းကိုလည်း ထိုင်းအစိုးရဘက်က ပြောပါ တယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါ တယ်။

ထိုင်းနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေး အဆင့်မြင့်အရာရှိ ရဲချုပ် ဆူရချေ့ ဟတ်ဖန်နဲ့အဖွဲ့ဟာ ဖေဖော်ဝါရီလ ၇ ရက်၊ နေ့လည်ပိုင်းက ဘန်ကောက်ကနေ အထူးလေယာဉ်နဲ့ ထိုင်း မြန်မာနယ်စပ်ကိုသွားရောက်ခဲ့ပြီး တာချီလိတ်-မဲဆိုင် ချစ်ကြည်ရေးတံတားကနေ တရားဝင် လွှဲပြောင်းပေးခဲ့တဲ့ ထိုင်း နိုင်ငံသား ၈၁ ကို လက်ခံခဲ့ပါတယ်။

ထိုင်းရဲချုပ် ဆူရချေ့နဲ့အဖွဲ့ဝင်တွေဟာ မြန်မာအာဏာပိုင်တွေနဲ့လည်း သီးသန့်တွေ့ဆုံခဲ့ပြီး မြန်မာအာဏာပိုင်တွေရဲ့ လုပ်ရပ်ကို ကြိုဆို၊ ကျေးဇူးတင်ကြောင်း ရဲချုပ်နဲ့အဖွဲ့ဝင်တွေက လက်ခုပ်တီးပြီး ဂုဏ်ပြုခဲ့ကြပါတယ်။

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့ မူးယစ်နှိမ်နင်းတပ်ဖွဲ့က ဖမ်းဆီးပေးခဲ့တဲ့ ထိုင်းနိုင်ငံသား ၈၁ ဦးကို ဇန်နဝါရီလ ၇ ရက်၊ ည (၈) နာရီကစတင်ပြီး တာချီလိတ်မြို့ ဘက်ကနေ အချုပ်ကားတွေနဲ့ ခေါ်ယူသွားခဲ့ကြတာပါ။ လွှဲပြောင်းပေးခံရတဲ့ ထိုင်းနိုင်ငံ သားတွေထဲမှာ ဆိုလို ဘန်ထုမက် မူးယစ်ဂိုဏ်းဝင် အမျိုးသမီးနှစ်ဦး ပါဝင်တဲ့ တရားခံ (၇) ဦးကိုတော့ လက်ထိပ်တွေခတ်ပြီး အထူးဗင်ကားတွေနဲ့ ခေါ်သွားကြပါတယ်။

ထိုင်းနိုင်ငံသားတွေကို မြန်မာနိုင်ငံဘက်က ပြန်လွှဲပြောင်းပေးတာနဲ့ပတ်သက်လို့ ရဲချုပ် ဆူရချေ့ ဟတ်ဖန်က အခုလို ပြောသွားပါတယ်။

“အခုလို ထိုင်းနိုင်ငံက မူးယစ်ဆေးသမားတွေကို ပြန်ပို့ပေးပြီး မြန်မာနိုင်ငံဘက်က ပူးပေါင်းဆောင်ရွက်တာဟာ နှစ်နိုင်ငံအတွက် အရေးကြီးတဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေး လုပ်ဆောင်မှု တခုပါပဲ။ မြန်မာအာဏာပိုင်တွေကို ထိုင်းအစိုးရအနေနဲ့ ကျေးဇူးတင်၊ ဂုဏ်ပြုပါတယ်။ ဒီထဲမှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်သူ ၁၁ ယောက် ပါဝင်ပါတယ်။ ၇ ယောက်ကတော့ ဆိုလိုမန်ထုမက်ဂိုဏ်း နဲ့ ပတ်သက်နေပါတယ်” ….လို့ ပြောသွားခဲ့တာပါ။

ဖမ်းမိသူတွေထဲမှာ ဆိုလိုဂိုဏ်းခေါင်းဆောင် ပန်နဝစ် (ကိုကယ်) ပါဝင်တာ မတွေ့ရပါဘူး။ မူးယစ် တရားခံတွေကို ရဲချုပ် ဆူရချေ့က တွေ့ဆုံစစ်ဆေးရာမှာ တရားခံတွေထဲက ဆိုလို ဂိုဏ်းအတွက် အလုပ်လုပ်ပေးနေတဲ့ မိန်းကလေးတဦးက သူမအနေနဲ့ ဆိုလိုဂိုဏ်းဝင်တွေ ဟာ ဘယ်သူဆိုတာ မသိပေမယ့် မူးယစ်ဆေးရောင်းရာက ရလာတဲ့ ငွေမည်းတွေကို ဘဏ်အကောင့်ဖွင့်ပြီး လက်ခံပေးခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

တရားခံတွေဟာ ထိုင်း-မြန်မာ နယ်စပ်မှာ တနေ့ကို ထိုင်းဘတ်ငွေ ၆ သိန်းထုတ်ပြီး မူးယစ်ဂိုဏ်းက ခိုင်းစေတဲ့အတိုင်း ငွေတွေကို ထပ်ပြီး လွှဲပြောင်း ပို့ပေးခ လစဉ် ဘတ်ငွေ ၂ သောင်းကို လခအဖြစ် ရခဲ့ကြကြောင်း ဝန်ခံကြပါတယ်။ ပြန်လည် လွှဲပြောင်းပေးခံရသူ ၈၁ ဦးအနက် တချို့ ထိုင်းနိုင်ငံသားတွေကတော့ နာမည်နဲ့ မှတ်ပုံတင်တွေကို အမှန် အတိုင်း စာရင်းပေးထားကြတာ မဟုတ်တာကြောင့် သူတို့ဟာ တခြားမှုခင်းတွေနဲ့ ပါဝင် ပတ်သက်မှု ရှိမရှိဆိုတာကို ဆက်လက် စစ်ဆေးနေဆဲဖြစ်ပါတယ်။

ဖေဖော်ဝါရီလ (၇) ရက်နေ့ တနေ့တည်းမှာပဲ ထိုင်းမူးယစ်တပ်ဖွဲ့တွေဟာ ထိုင်းနိုင်ငံ အလယ်ပိုင်းဒေသ ၂၁ နေရာမှာ မူးယစ်ဂိုဏ်းနဲ့ပတ်သက်နေသူ တရားခံ (၁၀) ဦးကို ဖမ်းဆီးခဲ့ပြီး တရားခံတွေပိုင်ဆိုင်တဲ့ အိမ်၊ ခြံ၊ ကား၊ ငွေ နဲ့ ရွှေထည်ပစ္စည်း စုစုပေါင်း တန်ဖိုး ဘတ် သန်းပေါင်း ၁၀၀ လောက်ကိုလည်း ထိုင်းနိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG