အခုရက်ပိုင်းတွေအတွင်းမှာ ထိုင်း၊ မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့မှာ ထိုင်းကုန်သည်တွေက တောက်တဲ့တွေကို ဈေးကောင်းပေးဝယ်နေတဲ့ အတွက် ရှာဖွေသူတွေ များပြားလာတယ်လို့ ဆိုပါတယ်။ အဲဒီတောက်တဲ့တွေကို HIV/AIDS ရောဂါကို ကုသရာမှာ အသုံးပြုသွားမယ်လို့ ဆိုပေမဲ့လည်း ထူးခြားမှုရှိမှာ မဟုတ်ဘူးလို့ ဆေးပညာရှင်တွေက သုံးသပ်ထားပါတယ်။ ဒီလို တွားသွားသတ္တဝါတွေကို ရောင်းဝယ်မှု ပြုနေတာကြောင့် ရှားပါးသွားမယ့် အရေးကို စိုးရိမ်တယ်လို့ သဘာဝဝန်းကျင် ထိန်းသိမ်းသူတွေက ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။
ထိုင်းကုန်သည်တွေက တောက်တဲ့ဆိုတဲ့ သတ္တဝါကို ဈေးကောင်းပေး ဝယ်ယူနေတာကြောင့် ထိုင်း၊ မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့နဲ့ အနီးကျေးရွာတွေမှာတော့ အခုရက်ပိုင်းမှာ တောက်တဲ့ရှာတဲ့သူတွေ အလွန်များပြားလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။ အိမ်နေတောက်တဲ့၊ တောနေတောက်တဲ့ စတဲ့ ဘယ်အမျိုးအစား တောက်တဲ့မျိုးကိုမဆို အနည်းဆုံး ၃၀ဝ ဂရမ် (၂၀ ကျပ်သားခန့်) ရှိတဲ့ အနာအဆာ မရှိတဲ့ တောက်တဲ့ အရှင်ကိုသာ ဝယ်ယူနေတယ်လို့ ဘုရားသုံးဆူ မြို့ခံတွေက ပြောပါတယ်။ တောက်တဲ့ ဝယ်ယူနေတာနဲ့ ပတ်သက်ပြီး တောက်တဲ့ဖမ်းသူ တဦးက မွန်ဘာသာနဲ့ အခုလို ပြောပါတယ်။
“တောက်တဲ့တကောင်ဆိုရင် ထိုင်းအလေးချိန် ၃ ခစ်၊ ဗမာအလေးချိန်နဲ့ဆိုရင် ၂၀ ကျပ်သားပြည့်ရင် ဘုရားသုံးဆူမှာ ၁,၅၀ဝ ဘတ် ပေးဝယ်နေတယ်။ ထိုင်းဘက်မှာ သွားရောင်းရင်တော့ တကောင်ကို ၂,၅၀ဝ ဘတ်အထိ ဝယ်နေတယ်။ အခုဆိုရင် တောက်တဲ့ဖမ်းသူတွေ များနေတယ်ပေါ့။ ဒါပေမဲ့ ၃ ခစ်လောက် အလေးချိန်ရှိတဲ့ တောက်တဲ့ဟာ တော်တော်ကြီးတယ်။ သူ့အလေးချိန်က ပေါ့တယ်။”
ဒါပေမဲ့ တောက်တဲ့ဟာ ရှာဖွေဖမ်းဆီးရ ခက်တဲ့အတွက် လိုအပ်သလောက် မရသေးဘူးလို့ ဘုရားသုံးဆူမြို့ အဝယ်ဒိုင်တွေက ပြောပါတယ်။ အဝယ်ဒိုင် ထိုင်းအမျိုးသားတွေကတော့ တောက်တဲ့အန်ဖတ်ကို HIV/AIDS ရောဂါ ကုသရာမှာ အသုံးပြုမယ်လို့ အဝယ်ဒိုင်နဲ့ နီးစပ်တဲ့ ဘုရားသုံးဆူ ဒေသခံတဦးက အခုလို ပြောပါတယ်။
“ဒီတောက်တဲ့ကို သူတို့ဝယ်ပြီးရင် တနှစ် ပြန်မွေးတယ်။ ပြန်မွေးတဲ့ အဲဒီတောက်တဲ့က ရလာတဲ့ အန်ဖတ်ကို ဆေးဖော်တာပေါ့။ သူတို့ပြောတာက HIV/AIDS ရောဂါကို ကုနိုင်တယ်လို့ ထိုင်းလူမျိုးတွေက ယုံကြည်ကြတယ်။”
အရင်ကဆိုရင် နယ်စပ်နေ လောရှမ်းတွေဟာ တောက်တဲ့တွေကို စားစရာအဖြစ်နဲ့ နှစ်ခြိုက်စွာ စားသုံးကြပါတယ်။ အခုဆိုရင် တောက်တဲ့တွေကို အရှင်မွေးပြီး ဆေးဝါးအဖြစ် ဖော်စပ်တဲ့ အပေါ်မှာ ဆရာဝန်တဦးဖြစ်တဲ့ ဒေါက်တာ အောင်မိုးရဲ့ အမြင်ကတော့ ဒီလိုပါ။
“ဒီတောက်တဲ့မှာတော့ အန်တာရယ်၊ တံထွေးရယ် အဲဒီမှာက အင်ဇိုင်းတွေပါတယ်။ နောက် ဓာတုပစ္စည်း ထူးထူးဆန်းဆန်းတွေတော့ ပါနိုင်တယ်ပေါ့လေ။ တကယ်လို့ AIDS အတွက် ဆေးဖက်ဝင်တယ် ဆိုရင်တော့ အင်မတန် ဝမ်းသာစရာပေါ့။ တကယ်လို့ ဆေးဖက်ဝင်ရင် တောက်တဲ့ကို မွေးမြူတဲ့ အတွေ့အကြုံ ရှိတဲ့သူတွေ အများကြီး သုတေသန လုပ်ပြီးတော့ သုတေသနရဲ့ တွေ့ရှိချက်၊ ထောက်ခံချက်တွေနဲ့မှ သေချာတယ်။
“စဉ်းစားစရာက မွေးတဲ့နေရာမှာ သူတို့ အစားအသောက်မှာ ကျွေးတဲ့ဟာပဲ စားရမှာပေါ့။ အဲဒါ သူ့ရဲ့ သဘာဝ သူစားချင်ရာ စားတဲ့ဟာ မစားရဘူးဆိုရင် လျော့နည်းရင်လည်း လျော့နည်းမယ်။ ကျနော့် ထင်မြင်ချက် အနေနဲ့ကတော့ ဘာမှ သိပ်မထူးခြားဘူး။”
တောက်တဲ့ဟာ သွေးအေးသတ္တဝါတမျိုး ဖြစ်ပြီး ကြွက်၊ တီကောင်နဲ့ အင်းဆက်ပိုးမွှားတွေကို အစာအဖြစ် ဖမ်းယူလေ့ ရှိပါတယ်။ လူနေအိမ် ချောင်ကြတဲ့ နေရာတွေနဲ့ သစ်ခေါင်းပေါက်တွေမှာ နေထိုင်တတ်ပါတယ်။ မြွေတွေလို အရေခွံလဲတတ်ပြီး ၎င်းတို့ရဲ့ ဥတွေကိုလည်း ပြန်လည် စားသောက်တတ်တဲ့ အတွက် ရှားပါးသတ္တဝါ စာရင်းမှာ ပါနေပြီလို့ စံခလဘူရီနေ သဘာဝဝန်းကျင် ထိန်းသိမ်းရေး လေ့လာသူတဦးဖြစ်တဲ့ ဦးထွန်းရီက ပြောပါတယ်။
တောက်တဲ့သတ္တဝါကို အရင်က တရုတ်ပြည် နယ်စပ်တွေမှာ မှောင်ခိုရောင်းဝယ်မှုတွေ ရှိခဲ့ပေမဲ့ အခုလို ထိုင်းနိုင်ငံဘက်ကနေ ဈေးကောင်းပေး ဝယ်နေတာကြောင့် တွားသွားသတ္တဝါ မျိုးစိပ်တခု ရှားပါးသွားမှာ စိုးရိမ်တယ်လို့ သဘာဝဝန်းကျင် ထိန်းသိမ်းရေး လေ့လာသူ ဦးထွန်းရီက ပြောပါတယ်။