ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ် ၈ နှစ်ကနေ ၁ နှစ် အထိ ထိုင်းဘုရင်က လျှော့ပေါ့ပေးလိုက်ကြောင်း ဒီကနေ့ စက်တင်ဘာလ ၁ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ တော်ဝင်ပြန်တမ်းမှာ ဖော်ပြထားပါတယ်။ ဘီလီယံနာသူဌေး ဝန်ကြီးဟောင်းသက်ဆင်က ဘုရင်မင်းမြတ်ထံမှာ ပြစ်ဒဏ်တွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အသနားခံစာတင်ပြီး တရက်အကြာမှာ အခုလို ကြေညာချက် ထွက်လာတာပါ။
သက်ဆင် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ကာလအတွင်း အာဏာအလွဲသုံးစားလုပ်မှု အကျင့်ပျက် ခြစားမှုတွေ ကျူးလွန်ခဲ့တယ်ဆိုပြီး တရားစွဲထားတဲ့ အမှုတွေကို ရင်မဆိုင်လိုတာကြောင့် သူ့သဘောနဲ့သူ ပြည်ပမှာ ၁၅ နှစ်လောက် ရှောင်တိမ်းနေခဲ့ရာကပြီးခဲ့တဲ့သီတင်းပတ်ကမှ အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ထိုင်းနိုင်ငံကို ပြန်လာခဲ့တာပါ။
သူ့ကိုယ်ပိုင် ဂျက်လေယာဉ်နဲ့ ပြန်လာခဲ့ပြီး ခရီးရောက် မဆိုက်မှာဘဲ သူ့မျက်ကွယ်မှာချထားတဲ့ ပြစ်ဒဏ် ၈ နှစ်ကို ကျခံဖို့အတွက် အကျဉ်းထောင်ကို ပို့ခံခဲ့ရပါတယ်။ ထောင်ကိုရောက်တဲ့ ပထမညမှာဘဲ ရင်ဘတ်အောင့်တယ်၊ သွေးတိုးတယ်လို့ဆိုပြီး ရဲဆေးရုံကို ပို့ခဲ့ပါတယ်။ မနေ့ ကြာသပတေးနေ့ကတော့ သူ့ပြစ်မှုတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဘုရင့်ထံမှာ အသနားခံစာတင်ခဲ့ပါတယ်။
သက်ဆင်ဟာ ဝန်ကြီးချုပ်ဟောင်းတဦးဖြစ်ခဲ့သလို တိုင်းပြည်အပေါ်စိတ်ကောင်းထားတဲ့သူဖြစ်တဲ့အပြင် ဘုရင်စနစ်အပေါ်မှာလည်း သစ္စာရှိသူတဦးဖြစ်တယ်လို့ တော်ဝင်ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် သူဟာ တရားစီရင်ရေးစနစ်ကို လေးစားလိုက်နာသူ၊ သူကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ဝန်ခံခဲ့သူ၊ တရားရုံးရဲ့ စီရင်ချက်ကို လက်ခံခဲ့သူဖြစ်တဲ့အသက် အသက်အရွယ်ကြီးရင့်ပြီး ဆရာဝန်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူနေရသူဖြစ်တယ်လို့လည်း ဒီကနေ့ထုတ်ပြန်တဲ့ တော်ဝင် ကြေညာချက်မှာ ဖော်ပြထားပါတယ်။