သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆေးခြောက်အသုံးပြုမှုစည်းမျဉ်းသစ် ထိုင်းအစိုးရပြင်ဆင်ရေးဆွဲ


ထိုင်းနိုင်ငံမှာ တရားဝင်ဆေးခြောက်အရောင်းဆိုင်တဆိုင်။​ (ဓာတ်ပုံ-VOA video screenshot, Oct 02, 2023)
ထိုင်းနိုင်ငံမှာ တရားဝင်ဆေးခြောက်အရောင်းဆိုင်တဆိုင်။​ (ဓာတ်ပုံ-VOA video screenshot, Oct 02, 2023)

ဆေးခြောက်ကို တရား၀င် သုံးစွဲခွင့်ပြုထားတဲ့ ထိုင်းနိုင်ငံမှာ ထိုင်းအစိုးရသစ်အနေနဲ့ စည်းမျဥ်းဥပဒေသစ်တရပ်ထည့်သွင်းရေးစွဲဘို့ ပြင်ဆင်နေ တယ်ဆိုတဲ့ သတင်းတွေ ဒီရက်ပိုင်းမှာပဲ ထွက်ပေါ်လာပါတယ်၊​ထိုင်းနိုင်ငံရဲ့ ဆေးခြောက်ရောင်းဝယ်မှု လုပ်ငန်းတွေမှာ မြန်မာပြည်သား တွေ လည်း အများကြီး ပါဝင်မှုရှိနေတာကြောင့် တကယ်လို့သာဥပဒေသစ် အတည်ဖြစ်ခဲ့ရင် ဘယ်လို အကျိုးသက်ရောက်မှု တွေရှိနိုင်မလဲဆိုတာကို မညိုညိုလွင် မေးမြန်းတင်ဆက်ထားပါတယ်။

ဆေးခြောက်ကို ဆေးကုသရေးအတွက်ပဲ သုံးသင့်တယ်လို့ ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ချိုလ်နန်ဆရီကယူး (Dr Cholnan Srikaew) က ပြောလိုက်ပြီး အပမ်းဖြေဖို့ အပျော်တမ်းဆေးခြောက်သုံးတာဟာ အစိုးရသစ် တာဝန်ယူချိန်မှာ အဓိက ပြောင်းလဲမှုတခု ဖြစ်လာနိုင်တယ်လို့ ဆေးခြောက်ရောင်းသူတွေနဲ့ သုံးစွဲသူတွေကြားမှာ ဒီရက်ပိုင်း ကျယ်ကျယ်လောင်လောင် ပြောလာကြပါတယ်။

အပမ်းဖြေဖို့ အပျော်ဆေးခြောက်ရှူတာကို ပိတ်ပင်တားမြစ်တဲ့စာပိုဒ်တရပ် ဥပဒေမှာဖြည့်စွက်ဖို့ ဝန်ကြီးချုပ်သစ် Srettha Thavisin (ဆရက်ထာ သာဗီဆင်) ရဲ့အဖွဲ့က လုပ်နေတယ်လို့ သတင်းတွေထွက်နေပြီး အရင်အစိုးရလက်ထက်မှာ ခွင့်ပြုပေးခဲ့တာတွေကို ပြန်ပြီးစိစစ်လာရင် ဒီအချက်က ဖြစ်လာနိုင်တယ်လို့ ဆေးခြောက်သုံးစွဲတာ ဆယ်စုနှစ် တခုကျော်ရှိလာပြီဖြစ်တဲ့ ကိုဂျိုးက ရှင်းပြပါတယ်။

“သူတို့ရဲ့ရည်ရွယ်ချက်က နည်းနည်းလေးပြန်ပြီး တင်းကျပ်ချင်တာပေါ့နော်။ အများကြီးတော့ sideeffect ဖြစ်နိုင်တယ်။ သူတို့နိုင်ငံက ထိုင်းနိုင်ငံအစိုးရအတွက်ကလည်း tax တွေ ဘာတွေ နည်းနည်းလေး ပိုလိုချင်တော့ strict လုပ်လိုက်တဲ့အတွက် ဘယ်လိုပြောမလဲ။ စိုက်တဲ့သူတွေနဲ့အစိုးရကြား၊ ရောင်းတဲ့သူနဲ့အစိုးရကြား နည်းနည်းတော့ conflict တော့ ဖြစ်လာမယ် ထင်တယ်။ အခုဆိုရင် ထိုင်းနိုင်ငံ ဒီ industry မှာ မြန်မာနိုင်ငံသားတွ အများကြီးစီးမျောတယ်။ ကျနော်တို့အပါအဝင်ပေါ့။ စစချင်း တရားဝင်ဖွင့်ပေးလိုက်ကတည်းကလည်း တရားဝင်စပြီးတော့ ရှိနေတဲ့သူတွေလည်း ရှိတာပေါ့။ အဲဒီအတွက် ဘယ်လို သက်ရောက်လာနိုင်လဲဆိုတော့ - ကျနော်တို့အနေနဲ့မှမဟုတ်ဘူးပေ့ါနော်၊ ဒီနယ်ပယ်မှာရှိတဲ့သူအားလုံး ရဲ့အလုပ်အကိုင်ပေါ့။ သူတို့ဒါကို ဘလော့ လုပ်လိုက်မယ်ဆိုရင် တစ်အချက်-ကျနော့်နောက်မှာ မိသားစုရှိတယ်။ ကျနော် jobless ဖြစ်သွားရင် မိသားစုအတွက်လည်း အနည်းအကျဥ်းသက်ရောက်မယ်။ ဒီလို မျိုး လူတွေ အများကြီးရှိတယ်ပေါ့။ မြန်မာပြည်သားတွေအတွက် အဓိကသက်ရောက်တာက ဒီက ပြောင်းရွှေ့လုပ်သားတွေထဲမှာ မြန်မာနိုင်ငံသားတွေက အများဆုံး ဖြစ်တယ်။ ပြီးတော့ ဒီ အင်ဒတ်စတရီထဲမှာ စီးမျောနေတာကမြန်မာပြည်သားတွေ အများဆုံးဖြစ်နေတယ်။

… ဆိုတော့ တခြားပြောင်းရွှေ့လုပ်သားတွေထက်စာရင်တော့ မြန်မာပြည်သား

တခြား ပြောင်းရွှေ့လုပ်သားတွေနဲ့စာရင်တော့ မြန်မာလုပ်သားတွေက အဆုံးအရှုံးများတာပေါ့နော်။ ဒါပေမဲ့ တခြားအလုပ်အကိုင်အခွင့်အလမ်းတွေက အများကြီးပါ။ တခြားအလုပ် ပြောင်းလုပ်လို့ရတယ်။ ရွေးချယ်လို့ရတယ်။ တကယ် ဒီထဲမှာဆက်ပြီး သွားချင်ရင်တော့ ဒီအစိုးရသတ်မှတ်တဲ့ ဥပဒေအသစ်အတိုင်း ကိုယ်က လိုက်နာပေါ့။ သူတို့ပေးတဲ့ဥပဒေအတိုင်းပေါ့။ အဲဒါပဲရှိပါတယ်။”

ထိုင်းနိုင်ငံ၊ ပြည်သူ့ကျန်းမာရေး၀န်ကြီးဌာနက ဆေးခြောက်မှာ THC - တက်ထြာ ဟိုက်ဒြို ကနဘီနောလ် (tetrahydrocannabinol) ဆိုတဲ့ စိတ်ကိုပြောင်းလဲစေတဲ့ဓါတ် ပါ ၀င်မှု ၀.၂ % အထက်ရှိရင် မူးယစ်ဆေးအဖြစ် သတ်မှတ်ထားတာပါ။

ဆေးခြောက်မသုံးစွဲရလို့ တားမြစ်ထားတဲ့စာရင်းကနေ ၂၀၂၂ ဇွန်လက ပယ်ဖျက်လိုက်ပြီး တရား၀င်သုံးစွဲခွင့်ပြုလိုက်တာကြောင့် ထိုင်းနိုင်ငံဟာ အာရှတိုက်မှာ ဆေးခြောက်တရား၀င် သုံးစွဲ၊ ရောင်းချနိုင်တဲ့ ပထမဆုံးတိုင်းပြည် ဖြစ်လာပါတယ်။

ဆေးခြောက်ကို တရား၀င် သုံးခွင့်ပေးလိုက်တာကြောင့် ထိုင်းနိုင်ငံရဲ့ ပင်လယ်ကမ်းခြေမြို့တွေနဲ့ တခြားဒေသတွေမှာ စည်ကားလာပေမဲ့ ကမ္ဘာ လှည့်ခရီးသွားတွေ ဆေးခြောက်အလွန်အကျွံသုံးပြီး အသက်သေဆုံးတာ၊ သတိလစ်ပြီး ဆေးရုံရောက်တာနဲ့ တခြား ဒုစရိုက်မှုတွေပါ အများကြီး ဖြစ်လာတယ်လို့ တိုင်ကြားမှုတွေလည်း ရှိနေတာပါ။

ဒါပေမဲ့လည်း ဆေးခြောက်ကိုပုံမှန်သုံးစွဲလာတာကြာပြီဖြစ်တဲ့ ကိုဂျိုးကတော့ တခြားမူးယစ်ဆေးတွေနဲ့ရောနှောသုံးစွဲတာ၊ နာတာရှည်ရောဂါခံစားနေရတာမျိုးမရှိရင်၊ ဆေးခြောက်ကို စည်းကမ်းတကျနဲ့သုံးစွဲသွားမယ်ဆိုရင် အသက်ဆုံးလောက်တဲ့အန္တရာယ်မျိုးတွေ မရှိလောက်ဘူးလို့ ဆိုပါတယ်။

“ကျနော်ပြောချင်တာကတော့ ဆေးခြောက်က လူ့အသက်သေစေတဲ့အထဲမှာ မပါပါဘူး။ သေချာပေါက်ပြောရဲတယ်။ ဒါပေမဲ့အလွန်အကျွံ ဆိုရင်တော့ အရာရာတိုင်းမကောင်းဘူးပေါ့နော်။ ဒီဆေးခြောက်ကြောင့်ဖြစ်တယ်ဆိုတာက ကျနော့အမြင်ပြောရရင် other drugs ပေါ့နော်-ရောနှောပြီးသုံးထားတာပါမယ်။ ပြီးရင် ကိုယ်ခံအားက တခြားရောဂါအခံရှိနေရင်...အဲဒီလိုမျိုးအခြေအနေတွေမှာဖြစ်နိုင်တယ်။ ရှော့ဖြစ်တာမျိုး။ တခြားမူးယစ်ဆေးဝါးကြောင့် သက်ရောက်လာတယ်။ ဆေးခြောက်လည်းသုံးစွဲထားတယ်ဆိုရင်တော့ ဆေးခြောက်အပေါ်အမြင်မှားနိုင်တယ်။...ဒါပေမဲ့အသက်အန္တရာယ်ဖြစ်လောက်တာအထိ မဖြစ်ပါဘူး၊ ဘာလို့လဲဆိုတော့ ကျနော်ကိုယ်နှိုက်ကိုကလည်း သုံးစွဲလာတာ ၁၆ နှစ် ပတ်ချာလည်ရှိပြီဆိုတော့ ဘာမှမဖြစ်ပါဘူး၊ ဆေးခြောက်ရဲ့သဘောတရားက သွေးကိုနည်းနည်း နှေးစေတတ်တဲ့သဘောတရားလည်းဖြစ်တော့ အန္တရာယ်ကင်းတယ်လို့ထင်တယ်။ ဘာမှတော့ မဖြစ်ပါဘူး၊ အရာရာတိုင်းကတော့ limitless ဖြစ်သွားရင်မကောင်းဘူး။ ဒါပေမဲ့ သူ့အတိုင်းအတာလေးနဲ့သူပေါ့နော်။”

အသက် ၁၈ နဲ့ ၁၉ နှစ်ကြား လူငယ်တွေကြားမှာ ဆေးခြောက်သုံးတာ ၁၀ ဆလောက်များလာတာကို စစ်တမ်းတွေက ဖေါ်ပြနေပြီး အပန်းဖြေဘို့ ဆေးခြောက် အပျော်မသုံး ရဘူးဆိုတဲ့ ပြဌာန်းချက် ရှိနေပေမဲ့ မထိရောက်ဘူးလို့ ဝေဘန်တာတွေလည်း ရှိနေတာပါရှင်၊ ကျမ ညိုညိုလွင်ပါ -

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG