သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ် မွန်ပြည်သစ်နဲ့ မြန်မာစစ်တပ် အခြေအနေတင်းမာ


မွန်ပြည်သစ်ပါတီ
မွန်ပြည်သစ်ပါတီ
ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီနဲ့ မြန်မာစစ်တပ်တို့အကြား တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင်ဘက်မှာ စစ်ရေးတင်းမာနေတဲ့ အခြေအနေမှာ ရှိနေတယ်လို့ မြိတ်ခရိုင်ဒေသခံ တပ်မှူးတွေက ပြောပါတယ်။ မွန်ပြည်သစ်တပ်ဖွဲ့ဝင်တွေ အခြေပြုရာ ထန်ဖရ ဂွင်ဘက်ကို မြန်မာစစ်တပ်ကနေ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့အတွက် တိုက်ပွဲ ဖြစ်ပွားလာနိုင်ဖွယ် ရှိတယ်လို့လည်း ဒေသခံတပ်မှူးတွေက ပြောပါတယ်။

မွန်ပြည်သစ်ပါတီဘက်ကတော့ ထိုးစစ်ဆင်မှုကို ရပ်တန့်ပေးဖို့ တောင်းဆိုထားသလို မြန်မာစစ်တပ်ဘက်ကနေ ဖမ်းဆီးသွားတဲ့ မွန်ပြည်သစ် တပ်မိသားစုဝင်တွေနဲ့ ရွာသားတွေကို အခုထိ ပြန်လည် လွတ်မြောက်လာတာ မရှိသေးတဲ့ အခြေအနေတွေကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ခဲ့ပါတယ်။

တနသာၤရီတိုင်းဒေသကြီး မြိတ်ခရိုင်ဘက်မှာ အခြေပြု လှုပ်ရှားနေတဲ့ မွန်ပြည်သစ်ပါတီ တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်အကြားမှာ စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ဒေသခံတပ်မှူးတွေက ပြောပါတယ်။ မွန်ပြည်သစ်တပ်ဖွဲ့ဝင်ရှိရာ ပေါင်းကိုးဒေသဘက်ကို မြန်မာစစ်တပ်ကနေ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာကြောင့် တိုက်ပွဲဖြစ်ပွားဖို့ အခြေအနေရ ှိနေတယ်လို့လည်း မွန်ပြည်သစ်ပါတီ မြိတ်ခရိုင် ဒေသခံတပ်မှူး ဗိုလ်မှူးဟံသာက ပြောပါတယ်။
“သူတို့ ထန်ဖရ ဂွင်မှာပဲ နေရာယူထားတုန်းပဲပေါ့။ တပ်ခွဲ နှစ်ခွဲတော့ ကျနော်တို့ ဒီ ထန်ဖရ ဂွင်နဲ့ ကျနော်တို့ တပ်စခန်းရှိရာ နေရာကို လာပြီးတော့ ကြည့်ဖို့ အခြေအနေ ရှိတယ်ပေါ့။ ကျနော်တို့လည်း အဲဒီဂွင်မှာပဲ။ ကျနော်တို့ လူတွေ တပ်တွေ ဖြန့်ထားတာရှိတယ်။ တကယ်လို့ သတင်းမပေးဘဲ ဝင်လာရင် တိုက်ပွဲဖြစ်ဖို့ အခြေအနေ ရှိတယ်ပေါ့။”

လက်ရှိ မြိတ်ခရိုင်ဒေသမှာ မွန်ပြည်သစ်ပါတီ တပ်ဖွဲ့နဲ့ မြန်မာစစ်တပ်တို့ စစ်ရေးအသင့်ပြင်နေတဲ့ အနေအထားမှာ ရှိနေတယ်လို့လည်း ဗိုလ်မှူး ဟံသာ က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့က မွန်ပြည်သစ်ပါတီ တပ်စခန်းချရာ မြိတ်ခရိုင် ပေါင်းကိုးဒေသ သုမင်္ဂလံရွာနားက တပ်စခန်းကို အစိုးရ ခမရ (၅၈၁) တပ်ဖွဲ့တို့ကနေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် မွန်ပြည်သစ်ပါတီဘက်က နှစ်ဦး သေဆုံးသွားသလို၊ မြန်မာစစ်တပ်ဘက်က ၁ ဦး ကျဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါဟာ မွန်ပြည်သစ်ပါတီနဲ့ မြန်မာစစ်တပ်တို့အကြား ၁၈ နှစ်တာကာလအတွင်းမှာ ပထမဆုံးအကြိမ် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာပါ။ မြန်မာစစ်တပ်တွေအနေနဲ့ မြိတ်ခရိုင် ဒေသဘက်မှာ လှုပ်ရှားနေတဲ့ မွန်ပြည်သစ်တပ်ဖွဲ့တွေကို ထိုးစစ်ဆင်မှု ရပ်တန့်ပေးဖို့ မြန်မာအာဏာပိုင်တွေကို တောင်းဆိုထားတယ်လို့ မွန်ပြည်သစ်ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် နိုင်တလညီ က မွန်ဘာသာနဲ့ အခုလို ပြောပါတယ်။

အစိုးရဘက်ကနေ စစ်ရေးအရ ထိုးစစ်ဆင်နေတာတွေ ရပ်ပေးဖို့ ကျနော်တို့ တောင်းဆိုထားတယ်။ သူတို့အနေနဲ့ကတော့ တမော့ချမ်းတို့ဟာ မွန်ပြည်သစ်ပါတီက မဟုတ်ဘူးလို့ သူတို့ နားလည်ထားတယ်လို့ ပြောလာတယ်ပေါ့နော်။ တမော့ချမ်းတို့ဟာ ကျနော်တို့ မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်လို့ ကျနော်တို့ တင်ပြထားတာရှိတယ်လို့ မွန်ဘာသာနဲ့ ပြောဆိုသွားတာပါ။
ဒီတိုက်ပွဲ မဖြစ်ပွားခင်နဲ့ ဖြစ်ပွားအပြီးမှာ မြန်မာစစ်တပ်ကနေ မွန်ပြည်သစ် တပ်ဖွဲ့ဝင်တွေနဲ့ ရွာသားတွေကို ဖမ်းဆီးသွားခဲ့ပါတယ်။ အဲဒီ ဖမ်းဆီးခံရသူတွေ ပြန်လည် လွတ်မြောက်လာတာ မရှိသေးဘူးလို့လည်း မြိတ်ခရိုင် ဒေသခံတပ်မှူး ဗိုလ်မှူး ဟံသာ ကပြောပါတယ်။

“အခု လောလောဆယ်တော့ တယောက်မှ လွတ်လာတာ မရှိသေးပါဘူး။ သူတို့ ထိန်းသိမ်းဆဲပဲ။ အကုန်လုံးဆိုရင် ကျနော်တို့ တပ်ဖွဲ့ဝင်နှစ်ယောက်၊ သူ့ဇနီး နှစ်ယောက်ဆိုရင်တော့ ၄ ယောက်ပေါ့။ နောက်ပြီးတော့ ရွာသား တစ်ယောက်ဆို စုစုပေါင်း ၅ ယောက်ပေါ့နော်။”

အခုလို ဖြစ်ပွားတဲ့တိုက်ပွဲနဲ့ ပက်သက်ပြီး မြန်မာစစ်တပ်က ဖမ်းဆီးထားတဲ့သူတွေ ပြန်လွှတ်ပေးဖို့နဲ့ စစ်ရေးပြဿနာ ဖြေရှင်းဖို့အတွက် မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တွေအနေနဲ့ မြန်မာငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီတို့နဲ့ လာမယ့်ရက်တွေမှာ ဆက်လက် ဆွေးနွေးသွားဖွယ် ရှိတယ်လို့လည်း မော်လမြိုင်ရုံးနေ မွန်ပြည်သစ်ပါတီ အရာရှိတဦးက ပြောပါတယ်။

တနင်္သာရီတိုင်း မြိတ်ခရိုင်ဒေသမှာ လှုပ်ရှားနေတဲ့ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ကို မြန်မာအစိုးရစစ်တပ်ကနေ ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ကို ရှုတ်ချတဲ့အနေနဲ့ ထိုင်းနိုင်ငံရောက် မွန်ရွှေ့ပြောင်းအလုပ်သမားများ၊ ထိုင်းနိုင်ငံ တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ မွန်ကျောင်းသူကျောင်းသားများ ဘန်ကောက်မြို့မှာရှိနေတဲ့ မွန်များ စုစုပေါင်း ၁၅၀ ခန့်ဟာ ဇူလိုင် ၂၉ ရက်နေ့တုန်းက ဘန်ကောက်မြို့မှာရှိတဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

မွန်ပြည်သစ်ပါတီဟာ ၁၉၉၅ ခုနှစ် ဇွန်လမှာ မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ၂၀၁၀ ခုနှစ် ဧပြီလမှာ နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးကိစ္စနဲ့ ပက်သက်ပြီးတော့ ငြိမ်းချမ်းရေး ပျက်ပြယ်သွားခဲ့ပါတယ်။

၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလမှာ ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီအဖွဲ့နဲ့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။


အခုလို အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ကြားက မွန်ပြည်သစ်ပါတီနဲ့ တင်းမာမှုတွေ ဖြစ်နေတဲ့အပေါ် အစိုးရငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့အပေါ် ဒေသခံတွေထဲက အားမလို အားမရမှုတွေ ရှိနေပါတယ်။ လတ်တလော စံခလဘူရီမှာ နေထိုင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားဟောင်း ABSDF ကျောင်းသားတပ်မတော်ခေါင်းဆောင်မှု အခန်းကဏ္ဍမှာ တာဝန်ယူခဲ့ဖူးသူ ကိုကိုဦး က သူ့ရဲ့ လူမှုကွန်ယက်ဝပ်ဆိုဒ်ပေါ်မှာ သူ့အမြင်ကို ဝေဖန်ရေးသားထားတာ တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဦးစံမိုးေ၀ က ကိုကိုဦး ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး။ ။ ကိုကိုဦးကိုယ်တိုင် အခု မွန်ပြည်နယ် နယ်စပ်မှာ ရောက်နေတာ ဆိုတော့ အခု လတ်တလောဖြစ်နေတဲ့ NMSP မွန်ပြည်သစ်တပ်တွေနဲ့ အစိုးရတပ်တွေကြားမှာ တင်းမာမှုတွေ ဖြစ်နေတယ်ဆိုတာ ကြားမိလားခင်ဗျ။

ဖြေ။ ။ ဟုတ်ကဲ့။ မွန်နဲ့ တိုက်ပွဲဖြစ်ပြီးတော့ သူတို့ နည်းနည်း တင်းမာသွားတယ်။ တင်းမာသွားတဲ့အပိုင်းမှာတော့ အဓိကက ဘာကြောင့်ဖြစ်သလဲ။ ဘာအတွက်ဖြစ်တာလဲ။ ဘယ်သူတိုက်ခိုင်းတာလဲ အခုထိ ကျနော်တို့က သဲသဲကွဲကွဲ မသိရသေးဘူး။ မွန်ဘက်ကလည်း ဒါကို မထုတ်ပြန်သေးဘူး။ နောက်တခါ ဗမာအစိုးရဘက်ကလည်း ဒါကို မထုတ်ပြန်သေးဘူး။ ဒါပေမဲ့ တင်းမာမှုကတော့ လောလောဆယ် ရှိနေဆဲပဲ။

မေး။ ။ နောက်တခုက ကိုကိုဦးရဲ့ လူမှုကွန်ယက် ဘလော့ခ်ပေါ်မှာပေါ့ အစိုးရရဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့နဲ့ ပတ်သက်ပြီးတော့ မှတ်ချက်ရေးထား တာကို ကျနော်တို့ တွေ့ရပါတယ်။ ကိုကိုဦးအနေနဲ့ အဲ့ဒီ peace center အပေါ်မှာ ဘယ်လို အမြင်ရှိပါသလဲခင်ဗျ။

ဖြေ။ ။ ဟုတ်ကဲ့ ကျနော်မြင်တာက peace center က တကယ်တမ်း သူတို့က ငြိမ်းချမ်းရေးအတွက် လုပ်မယ်ဆိုရင် သူတို့မှာ လုပ်ပိုင်ခွင့် အတိုင်းအတာတစ်ခု ရှိရမယ်။ နောက်ပြီး ဦးသိန်းစိန်အစိုးရကလည်း သူတို့ကို လုပ်ပိုင်ခွင့် ပေးထားရမယ်။ ဒါပေမဲ့ အခုလို မွန်နဲ့ ပဋိပက္ခဖြစ်တဲ့ကိစ္စမှာ သူတို့ဘက်ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ မထုတ်ပြန်နိုင်သလို၊ စစ်အစိုးရကလည်း ဘာမှ မထုတ်ပြန်ဘူး။ မွန်ဘက်ကလည်း ဘာမှ မထုတ်တဲ့အခါကျတော့ ပြည်သူလူထုအနေနဲ့ ဒီကိစ္စကို သဲသဲကွဲကွဲ မသိဘူး။ ငြိမ်းချမ်းရေးလည်း ယူထားတယ်။ တိုက်ပွဲလည်းဖြစ်တယ်ဆိုတော့ ဒီပြဿနာက ဘာပဲပြောပြော peace center နဲ့ ပတ်သက်လာတယ်။ သူတို့ရဲ့ လုပ်ပိုင်ခွင့် ရှိမှု - မရှိမှု အပေါ်မှာ ဒီဟာကို ကျနော်တို့က စံထားပြီး စဉ်းစားရမှာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ငြိမ်းချမ်းရေးဖြစ်အောင် လုပ်နေတယ်။ တဘက်မှာက တိုက်ပွဲတွေဖြစ်နေတယ်။ ဖြစ်လာတဲ့အပေါ်မှာ သူတို့က လူထုကို ချပြဖို့ တာဝန်ရှိတယ်လို့ ကျနော် ထင်ပါတယ်။ ဘာကြောင့် တိုက်ပွဲဖြစ်တယ်။ ဘယ်သူမှားသလဲ။ မွန်ဘက်က မှားသလား။ သူတို့တပ်ဘက်က မှားသလား။ ဒီကိစ္စကို ဘယ်လို အရေးယူမလဲ ဆိုတာတွေ ပါဖို့လိုပါတယ်။ ဒါမှသာ ကျနော်တို့က ငြိမ်းချမ်းရေးကို ဆက်လုပ်လို့ရမှာ။ ဒီလိုမျိုး လုပ်ပိုင်ခွင့်မရှိဘူး။ ပြောပိုင်ခွင့် မရှိဘူးဆိုရင် ဒီ peace center ဆိုတာက အလကားပဲ။ ကျနော် မြင်တာကလေ။

မေး။ ။ အဲ့ဒီ ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ပေါ်မှာရော ဘာတွေများ မျှော်လင့်ထားသလဲ။

ဖြေ။ ။ ကျနော်ထင်တာကတော့ လောလောဆယ် သူတို့ လုပ်တဲ့ အနေအထားတခုက လက်ရှိ ဦးသိန်းစိန်အစိုးရက ချပေးတဲ့ လမ်းကြောင်းပေါ်မှာ လုပ်နေရတာဖြစ်တယ်။ အမှန်မှာက သူတို့ကတော့ peace center ဆိုတာက နှစ်ဘက်ကြားမှာ ရပ်ပြီး လုပ်ပေးရမှာ။ ဒါပေမဲ့ သူတို့က ဟိုဘက်ကို ပိုနီးစပ်ပြီးတော့ လုပ်နေရတဲ့အပိုင်းတွေကို တွေ့နေရတော့ ကျနော် ပြည်သူတယောက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ သိပ်တော့ အားမရဘူး။ ကျနော့်အနေနဲ့ ပြောရမယ်ဆိုရင်တော့ peace center ဟာ လိုတောင်မလိုအပ်ဘူး ဖြစ်နေတယ် ဒီနေ့ ဒီအချိန်မှာ။ အစိုးရက တိုက်ရိုက်စကားပြောနိုင်ပြီ။ ဝန်ကြီးဌာနက တိုက်ရိုက်စကားပြောနိုင်ပြီ။ ဥပမာ တိုင်းရင်းသားအဖွဲ့အစည်းတခုက သူတို့က ဝန်ကြီးဌာနတခု ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးချင်တယ်။ ဥပမာထားပါတော့ ပြည်ထဲရေးကိစ္စ peace center က တာဝန်ခံပြီးတော့ ပြောလို့မရဘူးခင်ဗျ။ ပြည်ထဲရေး ဝန်ကြီးဌာနက ပြောရတော့မယ်။ ဒီနေ့အချိန်မှာ ကျနော်ထင်ပါတယ်။ peace center က မလိုအပ်တော့ဘူး။ ပထမ ကျနော်တို့ ငြိမ်းချမ်းရေး ဆက်လုပ်တာ လိုအပ်ပါတယ်။ ဒီနေ့ ဒီအချိန်မှာတော့ မလိုအပ်တော့ဘူးလို့ ကျနော်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပိုပြီးတော့ နက်ရှိုင်းတဲ့ ငြိမ်းချမ်းရေးကိစ္စ လုပ်ဖို့အတွက်ကို ပိုပြီး တာဝန်ရှိတဲ့သူကို တိုက်ရိုက်ဆွေးနွေးတာဟာ အကောင်းဆုံးပဲလို့ ကျနော်မြင်တယ်။

မေး ။ အဲ့ဒီ peace center ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေ ပိုပြီးတော့ ထိရောက်အောင် ဘာတွေလုပ်သင့်တယ်လို့ ယူဆသလဲ။

ဖြေ။ ။ ဒီအခြေအနေမှာ ကျနော်က ပြောစေချင်တာက peace center က သူတို့ ပိုပြီး တိုးချဲ့ဖွဲ့ရလို့ရှိရင်ကို ပိုပြီး တာဝန်ရှိတဲ့သူတွေ ပါလာအောင် သူတို့ လုပ်ရမယ်။ နောက်တခါ ဒီ ကျနော်တို့ peace center မှာ မပါသေးတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေက သူတို့ peace center မှာ ထည့်ပြီးတော့ ပူးပေါင်းပြီး ဖွဲ့စည်းရမယ်။ သူတို့ချည်းပဲ ဦးသိန်းစိန် အစိုးရဘက်က လူတွေချည်းပဲ မဖွဲ့စည်းဘဲနဲ့ ဒီဘက်မှာရှိတဲ့ တိုင်းရင်းသားခေါင်းဆောင် မဟုတ်ရင်တောင်မှ ဗမာပြည်မှာရှိတဲ့ တိုင်းရင်းသား လူမျိုးတွေထဲက လူထုလေးစားလောက်တဲ့ ခေါင်းဆောင်တွေ peace center မှာ ထည့်ပြီးတော့ တိုးချဲ့ပြီးတော့ တကယ်တမ်းလုပ်ဖို့အတွက် လိုအပ်တယ်။ ပြောရမယ်ဆိုရင် messenger အဆင့်မှာပဲရှိတယ် peace center က လက်ရှိအနေအထားမှာ။
XS
SM
MD
LG