အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ရာထူးက နုတ်ထွက်ဖို့ စဉ်းစားနေတဲ့ အကြောင်း ကောလာဟလ သတင်းတွေနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Heather Nauert က အတိအလင်း ငြင်းဆိုလိုက်ပါတယ်။
Tillerson အနေနဲ့ ရာထူးက နုတ်ထွက်ဖို့ ဒါမှမဟုတ် Trump အစိုးရကနေ စောစီးစွာ နုတ်ထွက်ဖို့ စဉ်းစားနေတဲ့ အကြောင်း မှန်မမှန်ကို အင်္ဂါနေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် တဦးက ပထမဦးဆုံး မေးခွန်း ထုတ်ခဲ့တာ ဖြစ်ပါတယ်။
ပြောခွင့်ရက ဒါဟာ မဟုတ်မှန်တဲ့ အကြောင်း၊ သူ့အနေနဲ့ နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဒီအကြောင်း ပြောဆိုခဲ့ပြီး နိုင်ငံခြားရေး ဝန်ကြီးကလည်း သူ့အနေနဲ့ ရာထူးမှ ဆက်တာဝန်ထမ်းဆောင်သွားဖို့ ရည်ရွယ်တဲ့ အကြောင်း ပြတ်ပြတ်သားသား ပြောကြားခဲ့တယ်လို့ ဖြေကြားခဲ့ပါတယ်။ အင်္ဂါနေ့က Tillerson အနေနဲ့ စီစဉ်ထားတဲ့ တွေ့ဆုံပွဲတွေ စီစဉ်ထားမှု မရှိတာနဲ့ ပတ်သက်လို့ သတင်းထောက်တွေက ထောက်ပြခဲ့ရာမှာတော့ Tillerson အနေနဲ့ ရက်အနည်းငယ် ကြိုတင် ခွင့်ယူထားတဲ့ အကြောင်း Heather Nauert က ဖြေကြားခဲ့ပါတယ်။
Tillerson အနေနဲ့ အနည်းဆုံး ဒီနှစ်ကုန် အထိတော့ နိုင်ငံခြားရေးဝန်ကြီး အဖြစ် ဆက်လက် ထမ်းဆောင်သွားဖို့ ရည်ရွယ်တဲ့အကြောင်း သူနဲ့ နီးစပ်သူတွေကို ပြောကြားခဲ့ပေမယ့် နိုင်ငံခြားရေး ပေါ်လစီနဲ့ ပတ်သက်လို့ သမ္မတ Donald Trump နဲ့ သဘောထား ကွဲပြားမှုတွေအတွက် စိတ်ပျက်မှုတွေ တိုးနေတဲ့အကြောင်း CNN က တနင်္လာနေ့က သတင်းဖေါ်ပြခဲ့တာ ဖြစ်ပါတယ်။
ပဲရစ် ရာသီဥတုပြောင်းလဲမှု ထိန်းချုပ်ရေးဆိုင်ရာ သဘောတူစာချုပ် အပြင် နိုင်ငံတကာ နျူကလီးယား သဘောတူညီမှုကို အီရန်လိုက်နာရေးနှင့် ကာတာနိုင်ငံအပေါ် ဆော်ဒီဦးစီးတဲ့ ပိတ်ဆို့မှု စသဖြင့်တို့မှာ Tillerson နဲ့ Trump ဟာ အမြင်တွေ ကွဲပြားခဲ့ကြတာ ဖြစ်ပါတယ်။ ဒါအပြင် အရေးပါတဲ့ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ရာထူးတွေမှာ ခန့်အပ်ဖို့ Tillerson ရွေးချယ်ထားသူတွေကို အိမ်ဖြူတော်က လက်မခံခဲ့တဲ့ အတွက်လည်း Tillerson နဲ့ အိမ်ဖြူတော် အရာရှိတဦးကြား ကတောက်ကဆ ဖြစ်ခဲ့ကြတယ်လို့ဇွန်လက သတင်းမီဒီယာတွေက ဖေါ်ပြခဲ့ကြပါတယ်။
အဲဒီရာထူးတွေမှာ သမ္မတ Trump ခြောက်လ သက်တမ်းအထိ ဘယ်သူကိုမှ ခန့်အပ်နိုင်ခြင်း မရှိခဲ့သေးပါဘူး။ဒါ့အပြင် ရှေ့နေချုပ် Jeff Sessions အပေါ်သမ္မတ Trump က လူသိရှင်ကြား ပြစ်တင်ဝေဖန်ခဲ့မှု တွေဟာ တရားနည်းလမ်းမကျကြောင်း ရှုမြင်သူတွေအနက် Tillerson လည်း တဦးအပါအဝင် ဖြစ်တယ်လို့ CNN ကဖေါ်ပြပါတယ်။