တပြည်လုံးအတိုင်းအတာနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးဖို့ အဆင့်သင့် မဖြစ်သေးတဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP/SSA ရဲ့ တပ်စွဲရာ ဒေသနဲ့ ဝမ်ဟိုင်း ဗဟိုဌာနချုပ်ကို မြန်မာ့တပ်မတော်ကနေ ထိုးစစ်ဆင်နေတဲ့ အတွက် နေ့ စဉ်ဆိုသလို တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေ ပါတယ်။ အောက်တိုဘာလ(၁၈) ရက်နေ့မှာ မြန်မာ့တပ်မတော်ကနေ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သတင်း ထုတ်ပြန်ထားတဲ့ နေရာတွေဟာ မြောက်ပိုင်း ရှမ်းပြည် တပ်မတော်ဘက်က တိုက်ပွဲရပ်တန့်ရေးအတွက်ရည်စူးပြီး တပ်ဆုတ်ပေး ထားတဲ့နေရာလို့လဲ SSPP/SSA ခေါင်းဆောင်တွေက တုန့်ပြန်ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် NCA လက်မှတ်ရေးထိုးခြင်း မပြုနိုင်သေးတဲ့ အဖွဲ့တချို့ အပေါ်မှာ မြန်မာ့ တပ်မတော်ကနေ သာမန်နဲ့မတူတဲ့ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေတယ်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေက ရှု့မြင်နေတဲ့ အခြေအနေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက်နိုင်ကွန်းအိန်ကနေ အခုလိုသတင်းပေးပို့ထားပါတယ်။
မိုင်းရှူးမြို့နယ်နဲ့ ကျေးသီးမြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP/SSAတပ်ဖွဲ့တွေ အကြား တိုက်ပွဲတွေဖြစ်ပွားနေ ပါတယ်။ မြန်မာ့တပ်မတော် အနေနဲ့ မြောက်ပိုင်း ရှမ်းပြည်တပ်မတော် တပ်စွဲထားတဲ့နေရာနဲ့ ဝမ်ဟိုင်းဌာနချုပ်ကို ပစ်ခတ်တိုက်ခိုက်နေတယ်လို့ SSPP ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလက ဒီကနေ့မှာ VOAကို အခုလိုပြောပါတယ်။
“ဟိုက်ပါ အနီးတဝိုက်တောင်ကုန်းတွေမှာ ဒီနေရာတွေကို သူတို့ ၇ နာရီကနေ စပြီးတော့ ညနေအထိတော့သူတို့ လက်နက်ကြီးတွေ ပစ်ပြီးတော့ ပြန်ပြီးတော့ ပြင်းပြင်း ထန်ထန်ဖြစ်တယ်ပေါ့နော်။ ကျနော်တို့ ဖယ်ပေးတဲ့နေရာ တောင်ကုန်းပွိုင့်တွေမှ သူတို့ တက်ပြီးတော့ နေရာယူ ထားပါတယ်။ နောက် အဲဒီနေရာ ကနေပြီးတော့ ကျနော်တို့ တပ်ဖြန့်ထားတဲ့ နေရာတွေမှာ သူတို့ ပြန်ပြီး လက်နက်ကြီးတွေနဲ့ ပစ်တယ်လေနော်။ တပ်စခန်းပေ့ါ။ အဲဒီ ဝမ်ဟိုင်းနဲ့ နှစ်မိုင်ခန့်အကွာမှာရှိတဲ့ တပ်ကနေပြီးတော့ လက်နက်ကြီးနဲ့ ဝမ်ဟိုင်းကို ပစ်တာပေါ့နော်။ ဒီ ဝမ်ဟိုင်းအစွန်မှာရှိတဲ့ ထီဆိုင် တောင်ကုန်းနားလေးမှာ နှစ်လုံးလောက်ကျပြီးတော့ ပေါက်ကွဲခဲ့တယ်။ ပြီးတော့ ကျနော်တို့ ဝမ်လွင်နဲ့ မိုင်ဟန်ဖက် ထိုးဖောက်ဝင်လာတဲ့ စစ်ကြောင်းလည်း ပုန်ကန်မှုကြောင့်သူတို့ နောက်ပြန်ဆုတ်ပြီးတော့ ဒီတောင်ကုန်းတောင်ကျောတွေမှာ အခုထိ သူတို့ကနေရာယူပြီးတော့ ဖြန့်ပြီးတော့ နေရာယူဆဲပဲဖြစ်တယ်။ ”
ဒီတိုက်ပွဲတွေအတွင်း မြောက်ပိုင်းရှမ်းပြည်တပ်မတော်အခြေပြုနေရာယူထားတဲ့ ပွိုင့်-၈၅၈ ပွိုင့်-၁၂၈၆ နဲ့ပွိုင့် ၁၃၀၉ လွယ်ခူတောင်ကုန်းတွေ ကို အောက်တိုဘာလ (၁၈)ရက်နေ့မှာ မြန်မာ့တပ်မတော်ကနေ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ် လို့ တပ်မတော် သတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ မနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
တပ်မတော်ကနေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြောဆိုတဲ့နေရာတွေ ဟာ မြောက်ပိုင်း ရှမ်းပြည် တပ်မတော်တပ်ဖွဲ့ကနေ နောက်ဆုတ်ပေးတဲ့နေရာလို့ ဗိုလ်မှူးကြီးစိုင်းလကပြောပါတယ်။
“ကျနော်တို့ အဖက်ဖက်ကို သုံးသပ်ပြီး ဖယ်ပေးလိုက်တဲ့နေရာတွေ ရှိတယ်။ သူတို့ တိုက်ပြီးတော့ သိမ်းပိုက်လိုက်တယ်ဆိုတာ မရှိပါဘူး။”
ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်နဲ့ ကျေးသီးမြို့နယ်ထဲမှာ အခြေပြု လှုပ်ရှားနေတဲ့ မြောက်ပိုင်း ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့တွေ တပ်ဆုတ်ပေးဖို့ မြန်မာစစ်တပ်ကနေ အောက်တိုဘာ ပထမအပါတ်မှာ ညွှန်ကြားချက် ပေးလာ ခဲ့ပြီး နောက်ပိုင်း နှစ်ဖက်အဖွဲ့အကြား တိုက်ပွဲတွေ နေ့စဉ်လိုလိုဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲတွေကြောင့် မိုင်းရှူးမြို့နယ်နဲ့ ကျေးသီးမြို့နယ် ထဲက ဒေသခံကျေးရွာသား (၃၀၀၀)ကျော်ဟာ စစ်ဘေးတိမ်းရှောင် နေကြရပါတယ်။
မြောက်ပိုင်းရှမ်းပြည်တပ်မတော်နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီအဖွဲ့နဲ့ ပြည်ထောင်စု အဆင့် အပစ်အခတ် ရပ်စဲရေးဆွေးနွေး တုန်းက တပ်နေရာဆုတ်ခွါပေးရမယ်ဆိုတဲ့ သဘောတူညီချက် မပါရှိဘူးလို့ လဲ ဗိုလ်မှူးကြီးစိုင်းလက အခုလိုဆက်ပြောပါတယ်။
“ကျနော်တို့ သဘောတူညီချက်ထဲမှာ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် တပ်ဖွဲ့များကို ဝမ်ဟိုင်းအတွင်း အခြေပြုပြီး လက်ရှိဖြန့်ခွဲထားသောနေရာ များတွင် ယာယီအခြေပြုနေထိုင်ရန် သဘောတူသည်လို့ ပါတယ်။ အဲဒီမှာ ဝမ်ဟိုင်းအနီးတွင်မ ကဘူး၊ ကျနော်တို့ ရှမ်းမြောက်၊ မိုးမိတ်ဖက်ရော ကျနော်တို့ မူဆယ်၊ နမ့်ခမ်းဖက် ၊ သိန္ဒီ ၊ သီပေါ ဖက်ရော ကျနော်တို့ တပ်တွေ အများကြီး ရှိပါတယ်။ အဲဒီရောက်ရှိတဲ့နေရာမှာ ဖြန့်ခွဲနေထိုင်ထားဖို့ ကျနော်တို့ ယာယီ သဘောတူညီချက်ဖြည့်ထားတယ်လေ။ ကျနော်တို့ နယ်မြေကိစ္စတွေ ။ ခင်ဗျားတို့ ဒီနေရာကနေ မကျော်လွန်ကဘူး၊ ဒီနေရာမှာ မနေရဘူး လို့ ကျနော်တို့ သဘောတူညီထားတာ မရှိဘူး ခင်ဗျာ။”
မြောက်ပိုင်းရှမ်းပြည်တပ်မတော်နဲ့ မြန်မာငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မီတီတို့ဟာ ၂၀၁၂ခုနှစ် ဇန်နဝါရီလ ကုန်ပိုင်းမှာ အချက်(၇)ချက် ပါတဲ့ နှစ်ဘက် သဘောတူညီအပစ်ခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါပေမဲ့ လက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှာ မြောက်ပိုင်း ရှမ်းပြည်တပ်မတော်ရဲ့ တာဆမ်ပူး ကူးတို့ဆိပ် တပ်စခန်းကို နောက် ဆုတ် ဖယ်ရှားပေးဖို့ အောက်တိုဘာလ မှာမြန်မာအစိုးရက ညွှန်ကြားချက်ပေး လာခဲ့ပြီးတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။
အောက်တိုဘာလ(၆)ရက်နေ့ကနေ ယနေ့အထိ နှစ်ဖက်တပ်တွေ အကြားဖြစ်ပွား ခဲ့တဲ့ တိုက်ပွဲမှာ မြန်မာ့ တပ်မတော်ဘက်က ထိခိုက်ကျဆုံးမှုကိုတော့ အတည်မပြုနိုင်သေးသလို မြောက်ပိုင်း ရှမ်းပြည် တပ်မတော်ဘက်က အရာရှိ စစ်သည် (၄) ဦး ကျဆုံးခဲ့တယ်လို့ ဗိုလ်မှူးကြီးစိုင်းလကပြောပါတယ်။
မြန်မာ့တပ်မတော်သတင်း ထုတ်ပြန်ရေး အဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ချက်အရ တပ်မတော်ဘက်က ကျဆုံးထိခိုက် ဒဏ်ရာမှု တချို့ရှိခဲ့သလို SSPP/SSAအဖွဲ့ရဲ့ အလောင်း(၇)လောင်း လက်နက်မျိုးစုံ(၈)လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့ပြီး နယ်မြေ ရှင်းလင်းရေးကို ဆက်လက်လုပ်ဆောင်နေကြောင်း ဖေါ်ပြထားပါတယ်။
လက်ရှိအခြေအနေအရ တပြည်လုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA လက်မှတ်ရေးထိုးခြင်းမပြုနိုင်သေးတဲ့ အဖွဲ့တချို့အပေါ်မှာ မြန်မာ့တပ်မတော်ကနေ သာမာန်နဲ့ မတူတဲ့ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေတယ်လို့ ရခိုင်တပ်မတော် (AA)အဖွဲ့ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဒေါက်တာညိုထွန်းအောင် က အခုလိုပြောပါတယ်။
“သာမာန်နဲ့မတူဘူး ဆိုတာက အရင်ဆိုရင်တော့ သူတို့က ကချင်ဒေသကိုပဲ စစ်အင်အားတွေ ဘာတွေ နည်းနည်းတိုးတယ်။ ပြီးရင် တခြားနေရာတွေမှာ ငြိမ်နေတယ်။ အခုကတော့ အဲဒီလိုမျိုးမဟုတ်ဘူး။ စစ်ဖြစ်နေတဲ့ဒေသတွေနဲ့ တပြိုင်တည်းကို၊ ကချင်ဒေသတွေမှာ လည်း စစ်အင်အားတိုးတယ်။ ပြီးရင် ရှမ်းပြည်ရဲ့တာဆန်ဖူး SSA၊ ဝမ်ဟိုင်းတို့မှာလည်း တိုက်ပွဲတွေဖြစ်တယ်။ ပလောင်ဒေသတွေမှာလည်း အဲဒီလိုမျိုး၊ နောက်ပြီးတော့ ကျနော်တို့ ရခိုင်ဒေသတွေမှာလည်း အဲဒီလို တပြိုင်နက်တည်း တချိန်တည်းမှာ ဖြစ်နေတဲ့ အနေအထားကို ကြည့်ခြင်းအားဖြင့် သာမာန်နဲ့ မတူတဲ့ စစ်ရေးလှုပ်ရှားမှုဆိုတာကို ဆိုလိုတာခင်ဗျာ။ ”
အခုလိုဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲ ထိခိုက်မှာကို စိုးရိမ်ကြောင်း ရခိုင်တပ်မတော်ကနေ ဒီကနေ့မှာ သဘောထားကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းအနေနဲ့ NCAလက်မှတ်ရေးထိုးဖို့ အဆင်သင့်မဖြစ်သေးတဲ့ အဖွဲ့တွေအပေါ် ထိုးစစ်ဆင်မှာ မဟုတ်ဘူးလို့ ပြောဆို ခဲ့ပေမယ့် လက်ရှိ မှာတော့ KIOကချင်လွတ်လပ်ရေး အဖွဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA တအာင်းပလောင်တပ်ဖွဲ့TNLA ကိုးကန့်တပ်ဖွဲ့တို့အပေါ်မှာ မြန်မာ့တပ်မတော်ကနေ ထိုးစစ်ဆင်နေဆဲ အခြေအနေမှာရှိနေပါတယ်။