နှစ်လတာနီးပါး စစ်ရေးပဋိပက္ခဖြစ်ပွါးနေတဲ့ မြန်မာ့ တပ်မတော်နဲ့ မြောက်ပိုင်း ရှမ်းပြည် တပ်မတော်တို့ အကြား ပစ်ခတ် တိုက်ခိုက်မှု လျှော့ချနိုင်ဖို့ မြန်မာအစိုးရ ကိုယ်စားလှယ် အဖွဲ့နဲ့ မြောက်ပိုင်း ရှမ်းပြည်တပ်မတော် ကိုယ်စားလှယ်အဖွဲ့တို့ ဒီကနေ့ ရန်ကုန်မြို့မှာ အကြိုတွေ့ဆုံ ညှိနှိုင်းခဲ့ကြပါတယ်။ ဒီအကြိုတွေ့ဆုံမှု ကနေ မြန်မာ အစိုးရ ငြိမ်းချမ်းရေး ကော်မီတီ အဖွဲ့နဲ့ မြောက်ပိုင်း ရှမ်းပြည် တပ်မတော် တို့ အကြား လာမယ့် ရက်သတ္တပါတ်တွေမှာ တွေ့ဆုံ ဆွေးနွေး သွားဖို့ သဘောတူညီချက်တွေ ရရှိခဲ့တယ်လို့ SSPP အဖွဲ့ခေါင်းဆောင်တွေက ပြောပါတယ်။ ဒီအခြေအနေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန် ကနေ အခုလို သတင်းပေးပို့ထားပါတယ်။
လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုး ဦးဆောင်တဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ ဒီကနေ့ တွေ့ဆုံရာမှာ မြောက်ပိုင်း ရှမ်းပြည် တပ်မတော်အပေါ် ထိုးစစ်ဆင်နေမှုကို ရပ်တန့်ပေးဖို့ တင်ပြတောင်းဆိုခဲ့တယ်လို့ SSPP အဖွဲ့ခေါင်းဆောင် စိုင်းနော်လိတ် က ပြောပါတယ်။
" ဒီတိုက်ပွဲကို အမြန်ဆုံး ရပ်တန့်ဖို့ပေါ့နော်။ တပ်က ဒီနယ်မြေကို ပြန်ပြီးတော့ ဆုတ်ခွာပေးဖို့ပေါ့။ သဘောထားကြီးစွာ ဆုတ်ခွာပေးဖို့ပေါ့။ ဘာကြောင့်လဲ ဆိုတော့ ပြည်သူလူထုလည်း စစ်ဘေးဒုက္ခသည်တွေ ဒုက္ခရောက်နေတဲ့အချိန် ဒီတပ်တွေ ရှိနေသမျှ ကာလပတ်လုံး သူတို့က လာရဲမှာ မဟုတ်ဘူး။ ဒီအချက်တော့ ကျနော်တို့ တင်ပြတယ်။"
အခုတွေ့ဆုံမှုဟာ ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ မြန်မာ အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီ အဖွဲ့နဲ့ မြောက်ပိုင်း ရှမ်းပြည် တပ်မတော် တို့ အကြား တွေ့ဆုံဆွေးနွေးနိုင်ဖို့ အကြိုညှိနှိုင်းမှုတခုလို့ လဲ SSPP အဖွဲ့ခေါင်းဆောင် စိုင်းနော်လိတ်က အခုလိုပြောပါတယ်။
"ကျနော်တို့ ဦးအောင်မင်းရယ်၊ ဦးသိန်းဇော်ရယ် ဦးခင်မောင်စိုးရယ် ကျနော်တို့ အကောင်းဆုံးဖြစ်အောင် ညှိနှိုင်းဆွေးနွေးပါ့မယ်။ ဖိတ်စာတွေ သွားပြီးတော့ ပြန်လာပါလို့ ဖုန်းဆက်ပါတယ်။ သူတို့ကတော့ လာဖြစ်စေချင်တယ်။ ကျနော်တို့အပိုင်းကတော့ လူ ပြန်ပြီးတော့ ရွေးရမယ်။ "
လာမဲ့အပါတ်အတွင်းတွေ့ဆုံမှုအတွက် မြောက်ပိုင်းရှမ်းပြည်တပ်မတော်ဘက်ကသဘောတူခဲ့ပေမဲ့ ဆွေးနွေးရေး ကိုယ်စားလှယ် ထပ်မံဖွဲ့ စည်းရမှာဖြစ်တဲ့အတွက် တွေ့ဆုံမဲ့ရက် အတိအကျ အတည်မပြုနိုင်သေးဘူးလို့လဲ သူကဆို ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ(၁၈) ရက်နေ့ က မြောက်ပိုင်း ရှမ်းပြည် တပ်မတော်ခေါင်းဆောင် တွေ နဲ့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်က တာဝန်ရှိ သူတွေနဲ့တွေ့ဆုံခဲ့အပြီး အခုလိုမြန်မာအစိုးရ ကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံဆွေးနွေခဲ့ကြတယ်လို့လဲ SSPPပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလ ကပြောပါတယ်။
" ၁၈ရက်နေ့မှာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ညှိနှိုင်းခဲ့တယ်လေနော်။ ညှိနှိုင်းခဲ့ပြီးတော့ နှစ်ဖက် သဘောတူညီချက်ကတော့ လောလောဆယ်က အခုဖြစ်နေတဲ့ တိုက်ပွဲကို ကျနော်တို့ ခန ရပ်တန့်ပြီးတော့ လူကြီးတွေ ပြန်ပြီးတော့ ညှိနှိုင်းကြမယ် ဆွေးနွေးကြမယ်ပေါ့။ "
ဒီရက်ပိုင်းအတွင်းမှာတော့ ဝမ်ဟိုင်းဒေသဘက်မှာ တိုက်ပွဲရပ်တန့်နေတယ်လို့လဲ သူက ပြောပါတယ်။
မြောက်ပိုင်း ရှမ်းပြည် တပ်မတော်ကနေ NCAအပစ်ရပ်စာချုပ် လက်မှတ်ရေးထိုး ဖို့ ငြင်းဆန်ခဲ့ပြီး နောက်ပိုင်း အောက်တိုဘာ (၆)ရက်နေ့ကစပြီး နိုဝင်ဘာ (၂၈) ရက်နေ့ အထိ မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွါးခဲ့သလို တိုက်ပွဲတွေ မှာ မြန်မာ့ တပ်မတော်ဘက်ကနေ စစ်လေယာဉ်တွေ အသုံးပြုပြီး ပစ်ခတ် တိုက်ခိုက်ခဲ့ တယ်လို့လဲ မြောက်ပိုင်းရှမ်းပြည် တပ်မတော်ဘက်ကပြောပါတယ်။
ဒါပေမဲ့ အခုလိုဖြစ်ပွါးနေတဲ့ ပစ်ခတ်တိုက်ခိုက်မှုဟာ NCA အပစ်ရပ်စာချုပ် လက်မှတ် မထိုးတဲ့ အကြောင်းအရင်း မဟုတ်ဘူးလို့လဲ မြန်မာငြိမ်းချမ်းရေးစင်တာ အကြီးတန်း အရာရှိ ဦးလှမောင်ရွှေကပြောပါတယ်။
"အခုဟာက NCA ထိုးလို့ မထိုးလို့ မဟုတ်ဘူး။ NCA မထိုးတဲ့ အခု ခုနှစ်ဖွဲ့ထဲမှာလည်း ငါးဖွဲ့နဲ့ ပဋိပက္ခ မဖြစ်ဘူး။ အခုဖြစ်တာ နှစ်ဖွဲ့လောက်ပဲ ပဋိပက္ခဖြစ်တဲ့အတွက် ( အသံအပြည့်အစုံ ဖိုင်မှာ နားဆင်နိုင်ပါတယ်။)
ဦးလှမောင်ရွှေအနေနဲ့ကတော့ နှစ်ဖက်တပ်ဖွဲ့တွေ အကြား နယ်မြေသတ်မှတ်မှုနဲ့ ပတ်သက်ပြီး ဖေါက်ဖျက်မှုဖြစ်စဉ်တွေကြောင့် တိုက်ပွဲတွေဖြစ်ပွါးခဲ့တယ်လို့ ဆိုပါတယ်။
မြောက်ပိုင်း ရှမ်းပြည်တပ်မတော်နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ် အဖွဲ့တို့ ပြည်နယ် ပြည်ထောင်စု အဆင့် အပစ်ရပ် လက်မှတ်ထိုးစဉ်ကတည်းက နယ်မြေသတ်မှတ်ရေး တိတိကျကျ အတည်ပြုသဘောတူညီချက်လုပ်ဆောင်ခဲ့တာ မရှိဘူး လို့လဲ မြောက်ပိုင်း ရှမ်းပြည်တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလ ကပြောပါတယ်။
ဒီလိုနှစ်ဖက်တပ် အကြားဖြစ်ပွါးတဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီး မိုင်းရှူး မိုင်းနောင် ဘက်က ဒေသခံ ကျေးရွာသား(၈၀၀၀)ကျော်ဟာ စစ်ပြေးဒုက္ခသည် အဖြစ်နဲ့ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါ တယ်။
အလားတူ ကချင်ပြည်နယ် မိုးညှင်းဒေသဘက်မှာ လဲ မြန်မာ့တပ်မတော် အဖွဲ့နဲ့ ကေအိုင်အို ကချင်လွတ်လတ်ရေး အဖွဲ့တွေအကြားမှာ တိုက်ပွဲတွေဖြစ်ပွါးနေဆဲအခြေအနေမှာရှိနေပါတယ်။