သီရိလင်္ကာမှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ မျက်ရည်ယိုဗုံးသုံးနှိမ်နင်း
{{Zawgyi/Unicode}}
သီရိလင်္ကာနိုင်ငံမှာ ဆိုးဝါးလာနေတဲ့ စီးပွါးရေး အခြေနေကို မကိုင်တွယ်နိုင်တဲ့ သမ္မတ Gotabaya Rajapaksa နှုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြသူတွေ စနေနေ့က သမ္မတရုံးနားကပ်ဖို့ ကြိုးစားလာတာကို ရဲက မျက်ရည်ယိုဗုံးတွေ မီးသတ်ပိုက်တွေနဲ့ လူစုခွဲခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ သမ္မတရုံးအပြင်မှာ စခန်းချနေတာဖြစ်ပြီး သူတို့ရဲ့ ဆန္ဒပြတာ ရက်ပေါင်း ၅၀ ပြည့် အထိမ်းအမှတ် စုဝေးပွဲကို ရဲက ဖြိုခွဲခဲ့သလို ကနဦးမှာ လူ ၃ ဦးလောက်ကို ဖမ်းဆီးခဲ့တာ ဖြစ်ပေမယ့် နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။
သီရိလင်္ကာနိုင်ငံဟာ နိုင်ငံခြားကြွေးမြီ မဆပ်နိုင်ပဲ ဒေဝါလီခံရလု့နီး အခြေနေဆိုက်ခဲ့သလို ကုန်စည်တင်သွင်းဖို့ နိုင်ငံရပ်ခြား ငွေလိုအပ်ချက် ကြီးမားနေပြီး စားသုံးဆီ၊ ဓါတ်ဆီနဲ့ ဆေးဝါးလို နေ့စဉ် မသုံးမဖြစ် လိုအပ်တဲ့ကုန်ပစ္စည်း မလောက်မငဖြစ်တဲ့ ဒဏ်ကို ခံနေရတာပါ။
အခုလို နိုင်ငံတွင်း စီးပွါးရေးပြဿနာ ပေါ်လာတာဟာ အုပ်ချုပ်နေတဲ့ Rajapaksa မိသားစုရဲ့ အဂတိလိုက်စားတာနဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့်လို့ စွပ်စွဲပြီး နိုင်ငံတဝှမ်း ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
Rajapaksa မိသားစုကို ထောက်ခံသူတွေက ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို တိုက်ခိုက်ခဲ့တဲ့ မေလ ၉ ရက်နေ့က စပြီး နိုင်ငံတလွှား အကြမ်းဖက်မှုတွေ ဖြစ်ပွားလာခဲ့တာပါ။ အာဏာရပါတီက လွှတ်တော်အမတ်တဦးအပါအဝင် လူပေါင်း ၉ ဦး အသတ်ခံခဲ့ရသလို ဝန်ကြီးတွေရဲ့ နေအိမ်တွေလည်း မီးရှို့ခံခဲ့ရတာပါ။ အခုလို အကြမ်းဖက်မှုတွေ အတွင်းမှာပဲ သမ္မတရဲ့ အကိုဖြစ်သူ ဝန်ကြီးချုပ် Mahinda Rajapaksa က နှုတ်ထွက်သွားခဲ့တာ ဖြစ်သလို သမ္မတရဲ့ သားချင်း ၃ ဦးနဲ့ တူတော်သူတဦးပါ အစိုးရအဖွဲ့ ထဲကနေ နှုတ်ထွက် သွားခဲ့ကြပါတယ်။
အသစ်တက်လာတဲ့ ဝန်ကြီးချုပ် Ranil Wickremesinghe ကတော့ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMF ဆီက နိုင်ငံ့စီးပွါးရေး ကျားကန်ပေးလာရေး ကြိုးစားဆောင်ရွက် နေတာပါ။
.....................................
{{Zawgyi/Unicode}}