မြောက်နဲ့ တောင်ကိုရီးယား ၂ နိုင်ငံ နယ်ခြားစောင့် ရှေ့တန်း ကင်းစခန်း ၂၂ ခုက တပ်ဖွဲ့ဝင်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေကို ဒီကနေ့မှာ အပြီးသတ် ရုပ်သိမ်းလိုက်ပါတယ်။ လွန်ခဲ့တဲ့ စက်တင်ဘာက ရရှိထားတဲ့ သဘောတူညီချက်အတိုင်း အခုလို ပြန်ရုပ်သိမ်းလိုက်တာ ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
စစ်ဘက်ဆိုင်ရာ သဘောတူညီချက်ဟာ ဒေသငြိမ်းချမ်းရေးနဲ့ ၂ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေး အရှိန်အဟန်တိုးမြှင့်ဖို့ကိစ္စရပ်တွေအတွက် အရေးကြီးတဲ့ယုံကြည်မှုတည်ဆောက်ရေး အဆင့်ဖြစ် ကြောင်းလည်း တောင်ကိုရီးယားဘက်က ပြောပါတယ်။
ဒါပေမယ့်လည်း ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းရှင်းရေး အစီအစဉ်တွေ အကောင် အထည်ဖေါ်ဖို့ မြောက်ကိုရီးယားဘက်က ပျက်ကွက်တယ်ဆိုပြီး အမေရိကန်နဲ့ မြောက်ကိုရီးယားကြား သိတ်အဆင်မပြေဖြစ်နေချိန်မှာပဲ ခိုင်မာတဲ့ အစပျိုးဆောင်ရွက်မှုတွေ မတွေ့ရဘဲ တောင်ကိုရီးယား အနေနဲ့ အခုလိုစစ်ရေးအရလိုက်လျောတာဟာ အန္တရာယ်ကို ဖိတ်ခေါ်သလိုဖြစ်မယ်ဆိုပြီး အကဲခတ်တွေက ထောက်ပြပါတယ်။
၂ နိုင်ငံခြား စစ်မဲ့ဇုံအစပ်မှာ သံဆူးကြိုး အထပ်ထပ် ကာရံထားတဲ့ ကွန်ဂရစ်ဘန်ကာ တောင်ကိုရီးယား နယ်ခြားစောင့် ကင်းစခန်း ၆၀ လောက်ရှိပြီး အဲဒီမှာ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ တပ်ဆင်ထား တဲ့ တပ်ဖွဲ့ဝင်တွေ ချထားတာပါ။ ၁၉၅၀-၅၃ ခုနှစ်ကစလို့ ၁၅၅ မိုင်အရှည်ရှိတဲ့ ထိစပ်နေတဲ့ နယ်စပ် မျဉ်းတလျှောက် တိုက်ပွဲတွေ ဖြစ်တတ်တဲ့နေရာတွေမှာ မြေမြှုပ်မိုင်း သန်းနဲ့ချီမြှုပ်နှံထားပြီး အဲဒီ နယ်ခြားမှာ မြောက်ကိုရီးယား နယ်ခြားစောင့် ကင်းစခန်း ၁၆၀ လောက်လည်း ရှိနေပါတယ်။