တောင်ကိုရီးယား သမ္မတမွန်ဂျယ်အင်းရဲ့ အထူးကိုယ်စားလှယ်အဖွဲ့ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။
အာဏာရလာအပြီး (၇) နှစ်အတွင်း တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့နဲ့ လူသိရှင်ကြား ပထမဆုံးတွေ့တဲ့ ကင်မ်ဂျုံအွန်း အနေနဲ့ ဒီအဖွဲ့ကို ညစာတည်းခင်းဧည့်ခံခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြနေကြပါတယ်။
အဖွဲ့ဝင် ၁၀ ဦးပါတဲ့ ဒီအထူးကိုယ်စားလှယ်အဖွဲ့ကို သမ္မတမွန်ဂျယ်အင်း ရဲ့ ထိပ်တန်း အမျိုးသားလုံခြုံရေး အကြံပေး Chung Eui-Yong က ဦးဆောင်ပြီး ပြုံယမ်းမြို.တော်ကို ဆိုးလ်မြို.တော်ကနေ ရှားရှားပါးပါး တိုက်ရိုက်လေယာဉ်နဲ့ ရောက်လာခဲ့ပါတယ်။
ကိုရီးယားကျွန်းဆွယ်တွင်း နျူကလီးယားကင်းစင်ရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် တောင်ကိုရီးယားသမ္မတ အခိုင်အမာ မှာလိုက်တာတွေကို မြောက်ကိုရီးယားကိုရှင်းပြဖို့ ခုလို လာရောက်ခဲ့ကြတာပါ။
အထူးကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် Chung က ခုလို ရှင်းပြတာအပြင်၊ မြောက်ကိုရီးယားနဲ့ အမေရိကန်အပါအဝင် နိုင်ငံတကာနဲ့ ဆွေးနွေးပွဲတွေ ပြန်စနိုင်အောင် လမ်းစရှာဖွေရေး အလေးအနက် ဆွေးနွေးသွားဖို့ရှိတယ်လို့ ဆိုးမြို့တော်ကနေ မထွက်ခင် သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဒါပေမဲ့လည်း မကြာခင်လုပ်ဖို့ စီစဉ်ထားတဲ့ အမေရိကန်နဲ့တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကြောင့် ဒီတွေ့ဆုံဆွေးနွေးရေးကြိုးပမ်းမှုအပေါ် အခက်အခဲဖြစ်စေနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
အမေရိကန် အနေနဲ့ ရှေ့လထဲ တောင်ကိုရီးယားနိုင်ငံနဲ့ ပူးတွဲ ကျင်းပမယ့် ဒီစစ်ရေးလေ့ကျင့်မှုတွေကို ဆက်လုပ်မယ်ဆိုရင် မြောက်ကိုရီးယားဘက်က ပြန်လည် တုံ့ပြန်သွားမယ့်အကြောင်း မြောက်ကိုရီးယား အစိုးရသတင်းအေဂျင်စီ KCNA က ထုတ်ပြန်ထားပါတယ်။