တောင်ကိုရီးယားနိုင်ငံမှာ ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲတွေကျင်းပနေတဲ့အတွက် ရွှေ့ဆိုင်းထားတဲ့ အမေရိကန်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဧပြီလ မကုန်ခင် ပြုလုပ်မယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဌာန တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ တောင်ကိုရီးယားနဲ့ အမေရိကန်ပူးတွဲ စစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားကိုရန်စတဲ့လုပ်ရပ်ဖြစ်တယ်လို့ မြောက်ကိုရီးယားဖက်က တုံ့ပြန်ပါတယ်။ တောင်နဲ့မြောက် ကိုရီးယား နှစ် နိုင်ငံကြား ပြန်လည်ထိတွေ့ဆက်ဆံတဲ့လမ်းစပေါ်နေချိန်မှာ ပြုလုပ်မယ့်စစ်ရေးလေ့ကျင့်မှုကြောင့် ဘယ်လိုသက်ရောက်မှုတွေရှိလာနိုင်ပါသလဲ။ VOA သတင်းထောက် Victor Beattie ရဲ့သတင်းကို မစုမြတ်မွန်က ဆက်လက်တင်ပြပါမယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ကြား နှစ်စဉ်ပြုလုပ်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြုံချန်းမြို့မှာကျင်းပနေတဲ့ ဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲတွေကြောင့် နောက်ဆုတ်ထားပါတယ်။ ဆောင်းရာသီအိုလံပစ်ပွဲတွေအပြင် မသန်စွမ်းအိုလံပစ်ပြိုင်ပွဲတွေပြီးဆုံးမယ့် မတ်လ ၁၈ ရက်နေ့နောက်ပိုင်း ဧပြီလ မကုန်ခင် အမေရိကန်နဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ပြုလုပ်သွားမှာဖြစ်တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဌာနတာဝန်ရှိတွေက အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။ ခုလိုအမေရိကန်နဲ့တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်တာဟာ မြောက်ကိုရီးယားကို ဝင်ရောက်ကျူးကျော်ဖို့ပြင်ဆင်တဲ့ ရန်စတဲ့လုပ်ရပ်ဖြစ်တယ်လို့ မြောက်ကိုရီးယားအစိုးရဖက်က မှတ်ယူထားပါတယ်။ ဒါပေမဲ့ တောင်ကိုရီးယားအတွက်က သူ့စစ်တပ်ရဲ့ စွမ်းရည်တိုးတက်အောင် အမေရိကန်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ လိုအပ်တယ်လို့မြင်ကြောင်း Japan Forum for Strategic Studies က အကြီးတန်းသုတေသီ Grant Newsham ကပြောပါတယ်။
“ပူးတွဲစစ်ရေးလေ့ကျင့်မှုထဲမှာ တပ်သားသစ်တွေ အရာရှိသစ်တွေ အများကြီးပါဝင်တဲ့အတွက် သူ့တို့အနေနဲ့လည်း စစ်ဆင်ရေး ဘယ်လိုလုပ်သလဲဆိုတာ လေ့ကျင့်ဖို့လိုပါတယ်။ ဒါကြောင့် ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုက ပုံမှန် လုပ်နေကျ လိုအပ်လို့ဆက်လုပ်တဲ့ လေ့ကျင့်မှုပဲဖြစ်ပါတယ်။ Baseball အသင်းလိုပါပဲ အမြဲလေ့ကျင့်နေဖို့လိုအပ်လို့ လေ့ကျင့်တာမျိုးပါ။ ဒါတင်မက အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ၂ ဖက်လုံးအတွက် နိုင်ငံရေးအရရော စိတ်ဓါတ်ရေးရာအရပါ တဖက်နဲ့တဖက်ကူညီဖို့ သဓိဌာန်ခိုင်မာတယ်ဆိုတာကို ပြသရာလည်း ရောက်ပါတယ်။ ဒါကြောင့် ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုလုပ်ဖို့အတွက် လက်တေ့ွကျတဲ့ အကြောင်းအချက်တွေအများကြီးရှိပါတယ်။”
နှစ်စဉ်တောင်ကိုရီးယားနဲ့ အမေရိကန်တပ်ဖွဲ့ဝင် သောင်းနဲ့ချီပါဝင်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားကို ဝင်ရောက်ကျူးကျော်ဖို့ ပြင်ဆင်တဲ့လေ့ကျင့်မှုဖြစ်တယ်လို့ မြောက်ကိုရီးယားဖက်က အမြဲပြောနေတာပါ။ ဒါပေမဲ့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့အတွက်ကတော့ ရန်ကိုကာကွယ်ဖို့အတွက်ရည်ရွယ်ပြုလုပ်တာသာဖြစ်တယ်လို့ သုတေသီ Grant Newsham ကသုံးသပ်ပါတယ်။
“မြောက်ကိုရီးယားဖက်ကတော့ အဲလိုပဲပြောပါလိမ့်မယ်။ ဒါပေမဲ့ ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုက ကာကွယ်ရေးအတွက်သက်သက်သာဖြစ်ပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ မဟာဗြူဟာမြောက်ခံစစ်အတွက် အမေရိကန်နဲ့တောင်ကိုရီးယားက ဆောင်ရွက်နေတာပါ။ အမေရိကန်လုပ်သမျှ။ တောင်ကိုရီးယားလုပ်သမျှကို မြောက်ကိုရီးယားဖက်ကတော့ သူ့နိုင်ငံကို ကျူးကျော်ဖို့ပဲလို့ မြင်မှာပါပဲ။ ဒါပေမဲ့ အမေရိကန်ဖက်ကရော တောင်ကိုရီးယားဖက်ကရော မြောက်ကိုရီးယားကို ကျူးကျော်ဖို့ဆိုတဲ့ကိစ္စကို အလေးအနက်တောင်မထားပါဘူး။ ဒါကြောင့် ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုမျိုးကို ခုခံကာကွယ်ဖို့အတွက်လေ့ကျင့်တယ်လို့ပဲ မြင်သင့်ပါတယ်။”
တောင်ကိုရီးယားနိုင်ငံ ပြုံချမ်းမြို့မှာပြုလုပ်တဲ့ ဆောင်းရာသီအိုလံပစ်ပွဲတော်ဖွင့်ပွဲကို မြောက်ကိုရီးယားရဲ့ နိုင်ငံတော်ဟန်ပြအကြီးအကဲသာမက။ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ညီမ Kim Yo Jong ပါလာရောက်ပြီး တောင်ကိုရီးယားသမ္မတနဲ့လည်း တေ့ွဆုံခဲ့ကြပါတယ်။ မြောက်ကိုရီးယားမှာ ၂ နိုင်ငံထိပ်သီးစည်းဝေးပွဲကျင်းပဖို့ ကမ်းလှမ်းတဲ့စာကိုလည်း Kim Jong Un က ညီမကနေတဆင့် တောင်ကိုရီးယားသမ္မတကို ပေးခဲ့ပါတယ်။ ခုလို တောင်နဲ့မြောက်ကိုရီးယား ၂ နိုင်ငံကြား ပုံမှန်ဆက်ဆံရေးပြန်စဖို့ အစပျိုးနေချိန်မှာ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မယ့်ကိစ္စကြောင့်ဘယ်လို သက်ရောက်မှုတွေရှိလာနိုင်ပါသလဲ။
“ကျွန်တော့အထင်တော့ မြောက်ကိုရီးယားဖက်က တင်းမာမှုပြန်ပြပြီး ပြဿနာ လုပ်ကောင်းလုပ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့လည်း မြောက်ကိုရီးယားတို့ဖက်က တောင်ကိုရီးယားအကြိုက်လိုက်ပြီး ထိတွေ့ဆက်ဆံထားနိုင်တဲ့အတွက် အောင်မြင်မှုရနေပါတယ်။ အဲဒီအတိုင်းသူတို့ဆက်ပြီး တောင်ကိုရီးယားနဲ့ အဆက်အဆံလုပ်မယ်။ အချိန်ကြာလာတာနဲ့အမျှ အဆိုးနဲ့အကောင်းတွဲပြီးလုပ်ပြပါလိမ့်မယ်။ အိုလံပစ်ပွဲမှာတွေ့ရတဲ့ တောင်နဲ့မြောက်ချစ်ကြည်မှုကတော့ အားကစားပြိုင်ပွဲပိတ်ပွဲပြီးသွားတဲ့နောက်ပိုင်း တော်တော်ကြာကြာအထိခံမယ်လို့တော့ ကျွန်တော်မထင်ပါဘူး။”
တောင်ကိုရီးယားနဲ့ အမေရိကန်ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြန်လုပ်မယ့်အစီအစဉ်ဟာ မြောက်ကိုရီးယားဖက်က တောင်ကိုရီးယားနဲ့အဆင်ပြေအောင် တက်တက်ကြွကြွအားထုတ်ဆောင်ရွက်မှုတွေအပေါ် ကြောချမ်းစရာရန်စတဲ့လုပ်ရပ်ဖြစ်တယ်လို့ မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းဌာနက တုံ့ပြန်သွားပါတယ်။ တင်းမာမှုတွေကို လျှော့ချနိုင်ဖို့နဲ့ ငြိမ်းချမ်းတဲ့ပါတ်ဝန်းကျင်ကို ဖန်တီးနိုင်ဖို့ နိုုင်ငံတကာအသိုင်းအဝိုင်းရဲ့ စိတ်ထက်သန်မှုကို ရန်စလိုက်တာဖြစ်တယ်လို့လည်း မြောက်ကိုရီးယားဖက်က ပြောကြားခဲ့ပါတယ်။