အိန္ဒိယနိုင်ငံအရှေ့ပိုင်း Odisha သြဒိသ ပြည်နယ်မှာ စနေနေ့က မိုးအပြင်းအထန် ရွာတာကြောင့် ပြည်နယ်အတွင်း လုပ်ငန်းတွေ အားလုံး ရပ်ဆိုင်းသွားပါတယ်။
Bhubaneswar ရှေ့ဟောင်းမြို့မှာ ကားလမ်းတွေနဲ့ ရထားလမ်းတွေ ရေကြီးနေပြီး အိမ်ခြေရာပေါင်းများစွာ ရေမြုပ် ပျက်စီးပါ တယ်။ ပြည်နယ်အရှေ့ပိုင်းက Shimla မြို့မှာ မြေပြိုမှုကြီးတခုဖြစ်ပြီး ကားတွေပါသွားပြီးတော့ ဘုရားကျောင်းတခုအပါအဝင် အဆောက်အဦးတွေ ပျက်စီးကုန်ပါတယ်။ ထိခိုက် ဒဏ်ရာရတာမရှိဘဲ အဲဒီဒေသက လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်း ကယ်ထုတ်ပေးခဲ့တယ်လို့ ရဲအရာရှိတဦးက ပြောပါတယ်။
ဒီအတောအတွင်းမှာပဲ တောင်အာရှဒေသမှာ ဆိုးရွားတဲ့ ရေကြီးမှုဒဏ်ကြောင့် ကလေးငယ် ၁၆ သန်းနီးပါးဟာ အသက်ကယ် အကူအညီတွေ အရေးပေါ်လိုအပ်နေ တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ကလေးငယ် ၃ သန်းလောက်အပါအဝင် လူဦးရေ ၈ သန်းကျော် ရေဘေးဒဏ်သင့်နေတယ်လို့ UNICEF က ပြောပါတယ်။
နီပေါလ်မှာတော့ အိုးအိမ်စွန့်ထွက်ပြေးရသူ ၃ သိန်းခွဲကျော်အပါအဝင် လူဦးရေ ၁.၇ သန်းလောက် ရေဘေးဒဏ်သင့်နေပါတယ်။ ကျောင်းပေါင်း ၂ ထောင်နီးပါး ပျက်စီး ဒါမှမဟုတ် ပြိုကျသွားပြီး ကလေးငယ် ၂ သိန်းခွဲကျော်ရဲ့ ပညာရေး ထိခိုက်နေရပါတယ်။
အိန္ဒိယမှာတော့ ပြည်နယ်လေးခုမှာ ရေဘေးဒဏ်ခံနေရပြီး ကလေးငယ် ၁၂.၅ သန်းနီးပါးအပါအဝင် လူဦးရေ ၃၁ သန်းကျော် ရေ ဘေးဒဏ်ခံစားနေရပါတယ်။