လူမှုကွန်ယက်စွဲနေသူတွေနဲ့ မူးယစ်ဆေးစွဲနေသူတွေရဲ့ ပြုမူဆောင်ရွက်ချက်တွေ အင်မတန်ဆင်တယ်လို့ သိပ္ပံပညာရှင်တွေ လေ့လာတွေ့ရှိခဲ့ပါတယ်။ လူမှုကွန်ယက်ကို အလွန်အကျွံသုံးစွဲသူတွေဟာ မူးယစ်ဆေးစွဲနေသူတွေလိုပဲ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ မချနိုင်တာကို တွေ့ရတယ်လို့ အမေရိကန်က Michigan ပြည်နယ်တက္ကသိုလ်နဲ့ Australia က Monash တက္ကသိုလ်က လေ့လာသူတွေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာရှိသမျှ လူဦးရေရဲ့ ၃ ပုံ ၁ ပုံဟာ လူမှုကွန်ယက်တွေကို သုံးစွဲနေကြတယ်၊ တချို့သူတွေကတော့ အလွန်အမင်းကို သုံးနေကြပြီး ပါတ်ဝန်းကျင်မှာဖြစ်နေတာတွေကို လိုက်လျောညီထွေဖြစ်အောင် မတုံ့ပြန်နိုင်တော့တာတွေ့ရတယ်လို့ Michigan ပြည်နယ်တက္ကသိုလ်က လက်ထောက်ပါမောက္ခ Dar Meshi က ပြောပါတယ်။
လေ့လာမှုအစီရင်ခံစာကို ပူးတွဲရေးသားသူလဲဖြစ်တဲ့ လက်ထောက်ပါမောက္ခ Meshi ကသူတို့ရဲ့ လေ့လာချက်ကနေ လူမှုကွန်ယက်တွေ လိုတာထက်သုံးနေကြတဲ့ကိစ္စကို အလေးထား ကိုင်တွယ်ဖြေရှင်းလာကြဖို့ မျှော်လင့်တယ်လို့လည်းပြောပါတယ်။
လေ့လာချက်မှာ ပါဝင်သူ ၇၁ ယောက်ကို သူတု့ိရဲ့ ဆုံးဖြတ်နိုင်စွမ်း ဘယ်လောက်ရှိ သလဲလို့ တိုင်းတာလေ့လာ ခဲ့တာဖြစ်ပါတယ်။ မူးယစ်ဆေးစွဲနေသူတွေမှာ ဘယ်လောက် မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်သလဲဆိုတာကို တိုင်းတာနဲ့ Iowa Gambling Task စိတ်ပိုင်းဆိုင်ရာစမ်းသပ်မှုမျိုး လူမှုကွန်ယက်စွဲနေသူတွေကို လုပ်ခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ ဆုံးဖြတ်ချက်က ဆိုးကျိုးသက်ရောက်မှုတွေ ရှိလာမယ်ဆိုတာကို သိရက်နဲ့ လူမှု ကွန်ယက် အလွန်အမင်းသုံးသူတွေဟာအန္တရာယ်များတဲ့ ဆုံးဖြတ်ချက်ကို ချလေ့ရှိတာကို တွေ့ရှိ ခဲ့ကြပါတယ်။ ဒါတင်မက အဲဒီသူတွေဟာ လူမှုကွန်ယက်မသုံးရတဲ့အချိန်မှာလည်း သုံးဖို့ စိတ်ရောက်နေကြသလို အိပ်ရေးလည်းအပျက်ခံကြတယ်လို့ လေ့လာမှုမှာ ပါဝင်သူတွေ က ပြောပါတယ်။