သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော် ဘယ်လမ်း ရွေးမလဲ


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နယ်မြေ ရှင်းလင်းမှုတွေကြောင့် ဒုက္ခသည် ၆ သိန်းကျော် ထွက်ပြေးရတဲ့ ဖြစ်ရပ်ဟာ ရိုဟင်ဂျာတွေအပေါ် Ethnic Cleansing လို့ခေါ်တဲ့ လူမျိုးစုအလိုက် ရှင်းလင်း ဖယ်ရှားမှုတွေ ကျူးလွန်မှု ဖြစ်တယ်ဆိုတာ သိသာ ထင်ရှားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က နိုဝင်ဘာလ ၂၂ ရက်နေ့မှာ တရားဝင် ပြောကြား လိုက်ပါတယ်။ ဒါ့အပြင် ဒီကိစ္စမှာ တာဝန်ရှိသူတွေကို အရေးယူဖို့အတွက်လည်း သူက ပြောပါတယ်။ ဒီပြောကြားမှုဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းက နယ်မြေရှင်းလင်းမှုနဲ့ ပတ်သက်ပြီး မြန်မာ့တပ်မတော်နဲ့ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေကို သီးသန့် ပစ်မှတ်ထားတဲ့ အရေးယူမှုမျိုး ချမှတ်မယ်ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်စေပါတယ်။ အလားတူ သဘောထားမျိုး ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ဗြိတိန်၊ ပြင်သစ်နဲ့ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေကလည်း ဖော်ပြပြီးပါပြီ။ တိုက်ဆိုင်တယ်လို့ ဆိုရမလား၊ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးက မြန်မာနိုင်ငံက တာဝန်ရှိသူတွေ Ethnic Cleansing လုပ်တယ်လို့ ပြောဆိုတဲ့ တစ်ရက်တည်းမှာပဲ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တရုတ်ဗဟို စစ်ကော်မရှင် အဖွဲ့ဝင်နဲ့ ပူးတွဲ စစ်ဦးစီးဌာန စစ်ဦးချုပ်ရဲ့ ဖိတ်ကြားချက်နဲ့ တရုတ်နိုင်ငံ ယိချန်းမြို့ကို ရောက်ရှိနေချိန်လည်း ဖြစ်ပါတယ်။ နောက်နေ့တွေမှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုဥက္ကဌ အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံပါတယ်။ တွေ့ဆုံမှုတွေမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းက ပြသနာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဟာ မြန်မာ့တပ်မတော်ဘက်က ရပ်တည်တဲ့ အကြောင်းလည်း ပါဝင်ပါတယ်။ ၂၀၁၅ ခုနှစ်လောက်က အဆင်မပြေဖြစ်ခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ တရုတ်နိုင်ငံနဲ့ ပြန်ပြီး နီးကပ်သွားနိုင်မလား၊ တပ်မတော် ဘယ်လမ်းကြောင်းတွေ ရွေးချယ်နိုင်မလဲ ဆိုတာ ခုတစ်ပတ် လေ့လာသုံးသပ်ကြည့်ကြရအောင်ပါ။

တရုတ်၊ မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်ကြည့်ရင် တရုတ်ကွန်မြူနစ်ပါတီက တရုတ်ပြည်သစ် ထူထောင်တဲ့ ၁၉၄၉ ခုနှစ်တုန်းက ပထမဦးဆုံး အသိအမှတ်ပြုတဲ့အထဲမှာ မြန်မာနိုင်ငံ ပါဝင်ပါတယ်။ နောက်ပိုင်းကာလတွေမှာလည်း တရုတ်နဲ့ မြန်မာနှစ်နိုင်ငံ ဆက်ဆံရေး အလွန်ကောင်းခဲ့တာ တွေ့နိုင်ပါတယ်။ မြန်မာနိုင်ငံဟာ နယ်နိမိတ်ချင်း ရှည်ရှည်လျားလျား ထိစပ်နေတဲ့ အိမ်နီးချင်း ၄ နိုင်ငံထဲမှာ တရုတ်တစ်နိုင်ငံနဲ့ ပဲ နယ်နိမိတ် သတ်မှတ်ရေးကိစ္စ အောင်အောင်မြင်မြင် လုပ်နိုင်တာ တွေ့ရပါတယ်။ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်ခဲ့တာတွေဟာ မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ စစ်အာဏာသိမ်း အုပ်ချုပ်မှု စတင်ပြီး ၅ နှစ်အကြာ ၁၉၆၇ ခုနှစ်မှာ စတင် ပျက်ပြားပါတယ်။

၁၉၆၇ ဇွန်လမှာ တရုတ်-ဗမာ အရေးအခင်းဖြစ်ပြီး ရန်ကုန်နဲ့ နယ်မြို့ အတော်များများမှာ တရုတ်လူမျိုးတွေ အသတ်ခံရ၊ အကြမ်းဖက်ခံရ၊ တရုတ်စီးပွားရေးသံရုံး တိုက်ခိုက်ခံရမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီပဋိပက္ခကြီး ဖြစ်ပွားပြီးနောက် မြန်မာပြည်ပေါက် တရုတ်လူမျိုး အတော်များများ မြန်မာပြည်ကနေ စွန့်ခွာ ထွက်ပြေးကြပါတယ်။ မြန်မာနိုင်ငံအတွင်း ခုလို ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ် အစိုးရ ခေါင်းဆောင်တွေ အတော်လေးစိတ်ဆိုးပါတယ်။ ဒီလိုနဲ့ တရုတ်နိုင်ငံထဲ ဝင်ရောက်ခိုလှုံနေတဲ့ ကချင်စစ်ဗိုလ် နော်ဆိုင်း၊ ကိုးကန့် ခေါင်းဆောင် ဖုန်ကျားရှင် အပါအဝင် အင်အားစု တချို့ကို ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ) အလံအောက်မှာ စုစည်းပြီး ၁၉၆၈ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ ရှမ်းပြည်နယ်ကို လက်နက်လူသူအင်အား အလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်စေပါတော့တယ်။

မြန်မာနိုင်ငံထဲက သူပုန်တွေကို ဗကပ အလံအောက်မှာ စုစည်း တိုက်ခိုက်စေတယ် ဆိုပေမယ့် တကယ် တိုက်ခိုက်တဲ့ဆီမှာ တရုတ်နိုင်ငံသား ဗော်လံတီယာ တပ်ဖွဲ့တွေလည်း အများအပြား ပါဝင်ခဲ့လို့ တရုတ်နိုင်ငံရဲ့ ကျူးကျော်တိုက်ခိုက်မှုလို့လည်း သတ်မှတ်နိုင်ပါတယ်။ အဲဒီအချိန်ကစ တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ပျက်ပြားပြီး မြန်မာ့တပ်မတော်ကလည်း အဲဒီ ဗကပ သူပုန်တွေကို နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၁၉၈၉ ဗကပ ခေါင်းဆောင်မှု ပြိုကွဲပြီးနောက်ပိုင်း သီးခြားအဖွဲ့တွေ အဖြစ် ကျန်ရစ်တဲ့ ကိုးကန့်၊ ဝ၊ မိုင်းလား၊ ကချင် ၁၀၁ စစ်ဒေသ တပ်ဖွဲ့တွေနဲ့ အဲဒီအချိန်က မြန်မာစစ်အစိုးရ အပစ်အခတ် ရပ်စဲ ငြိမ်းချမ်းရေး ရပါတယ်။ တရုတ်နဲ့လည်း ဆက်ဆံရေး ပြန်တည်ဆောက်လာနိုင်ပြီး ကုန်သွယ်ရေးတွေ လုပ်ပါတယ်။

နောက်ပိုင်း အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူ ဒါဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်လာတဲ့အခါ မြန်မာစစ်အစိုးရဟာ တရုတ်အစိုးရနဲ့ အတော်လေး နီးစပ်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အုပ်ချုပ်တဲ့ စစ်အာဏာရှင်အစိုးရ လက်ထက် တလျောက်လုံး ကုလသမဂ္ဂနဲ့ နိုင်ငံတကာ မျက်နှာစာမှာ တရုတ်အစိုးရဟာ စစ်အစိုးရကို အကာအကွယ်ပေးရင်း မြန်မာ့သယံဇာတ ထုတ်ယူတာတွေ၊ ရင်းနှီးမြှုပ်နှံတာတွေ၊ ကုန်သွယ်တာတွေ အကြီးအကျယ် လုပ်ကိုင်နိုင်ခဲ့ပါတယ်။ ဒီလို မြန်မာ့တပ်မတော်နဲ့ တရုတ်နိုင်ငံကြားက ကောင်းမွန်နီးစပ်နေတဲ့ ဆက်ဆံရေးဟာ ၂၀၁၅ ခုနှစ် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ အကြီးအကျယ် ပြန် ပျက်စီးသွားခဲ့ပြန်ပါတယ်။ အကြောင်းကတော့ ၂၀၀၉ ခုနှစ်မှာ မြန်မာ့တပ်မတော်က တိုက်ခိုက်မောင်းထုတ်ထားတဲ့ ဖုန်ကျားရှင် ဦးဆောင်တဲ့ ကိုးကန့်တပ်ဖွဲ့တွေဟာ တရုတ်နယ်စပ်မှာ ရုတ်တရက်ပြန်ပေါ်လာပြီး မြန်မာ့တပ်မတော်ကို အသေအပျောက် အထိအခိုက် အကျအဆုံးများအောင် တိုက်ခိုက်ခဲ့လို့ပါပဲ။ အဲဒီနောက် တရုတ်တပ်မတော်က မြန်မာနယ်စပ်မှာ စစ်အင်အားပြသတဲ့အထိ အခြေအနေ တင်းမာခဲ့သလို မြန်မာ့တပ်မတော်ခေါင်းဆောင်တွေကလည်း တရုတ်နိုင်ငံအပေါ် မယုံကြည်မှုနဲ့ မုန်းတီးမှုတွေ ပေါက်ဖွားလာစေခဲ့ပါတယ်။

ခုတော့ အခြေအနေတွေ တစ်မျိုးတစ်ဖုံ ဖြစ်လာပြန်ပါပြီ။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ပြသနာတွေနဲ့ ပတ်သက်ပြီး မူဆလင် ၆ သိန်းလောက် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ပြေးဝင်သွားတဲ့ ကိစ္စအပေါ် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ ဥရောပ နိုင်ငံတွေက မြန်မာ့တပ်မတော် အပေါ် အပြစ်တင်လာပြန်ပါပြီ။ အရင်တုန်းကလို နိုင်ငံအပေါ် စီးပွားရေး ဒါဏ်ခတ် ပိတ်ဆို့တာ လုပ်မယ့်အစား တပ်မတော်နဲ့ လုံခြုံရေး တာဝန်ရှိသူတစ်ချို့ကို ပစ်မှတ်ထား အရေးယူဖို့ ပြင်ဆင်နေကြပါပြီ။ ဒီအခြေအနေမှာ တရုတ်နိုင်ငံကလည်း လက်မနှေးပါဘူး။ ရခိုင်ပြည်နယ် မြောက်ပိုင်းအရေး မြန်မာအစိုးရနဲ့ တပ်မတော်ဘက် ရပ်တည်ပြရင်း မြန်မာကို ကူညီမယ်လို့ ကတိတွေ ပေးနေပါပြီ။ တရုတ်နိုင်ငံ တပ်မတော်ခေါင်းဆောင်တွေနဲ့ တာဝန်ရှိသူတွေကလည်း နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြောဆို စည်းရုံးနေပါပြီ။ ဒီနေရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော် ခေါင်းဆောင်တွေအတွက် ရွေးချယ်စရာ လမ်းကြောင်းနှစ်ခု ပေါ်ပေါက်လာပါတယ်။

တစ်ခုကတော့ အရင် စစ်အစိုးရလက်ထက်တုန်းကလိုပဲ၊ တို့တွေ လုပ်တာ ဘာမှမမှားဘူး၊ အမေရိကန်နဲ့ အနောက်နိုင်ငံက အရေးယူချင်လည်းယူ၊ တရုတ်ရဲ့ အကာအကွယ်နဲ့ ဆက်ပြီး ရပ်တည်မယ်ဆိုတဲ့ လမ်းဖြစ်ပါတယ်။ နောက် လမ်းတစ်လမ်းကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်း အရေးမှာ အစိုးရနဲ့ ပူးပေါင်းဖြေရှင်းပြီး ပိတ်ဆို့အရေးယူတဲ့ နိုင်ငံတွေ အပါအဝင် နိုင်ငံတကာ အသိုင်းနဲ့ ဆွေးနွေးညှိနှိုင်း၊ ပိတ်ဆို့ အရေးယူမှုကနေ လွတ်ကင်းအောင် ကြိုးစားတာ၊ တရုတ် တပ်မတော်နဲ့တင်မက အင်အားကြီး အနောက်နိုင်ငံ တပ်မတော်တွေနဲ့ပါ ဆက်ဆံရေးကောင်းအောင် မဖြစ်မနေ ကြိုးစားတာမျိုးပဲ ဖြစ်ပါတယ်။ တပ်မတော် ခေါင်းဆောင်တွေအနေနဲ့ တပ်မတော်တစ်ရပ်လုံးအတွက်၊ တိုင်းပြည်အတွက် အကျိုးဖြစ်ထွန်းစေမယ့် ကောင်းမွန်တဲ့ လမ်းကို ရွေးချယ်သင့်ပါကြောင်းတင်ပြလိုက်ရပါတယ်။

တပ်မတော် ဘယ်လမ်း ရွေးမလဲ
please wait

No media source currently available

0:00 0:06:19 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG