ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေ ပါဝင်တဲ့ အရေးပေါ် အစည်းအဝေး တစ်ရပ် ကျင်းပပါတယ်။ ရခိုင်ပြည်နယ် အရေးကိစ္စ အပါအဝင် အမျိုးသားလုံခြုံရေးနှင့် နိုင်ငံတကာ ဆက်ဆံရေး အခြေအနေများနှင့် စပ်လျဉ်းသည့် အစည်းအဝေး လို့ ခေါင်းစဉ် တပ်ထားပြီး ကာလုံ လို့ခေါ်တဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်၁၁ ယောက်လုံးလည်း အဲဒီအစည်းအဝေးမှာ ပါဝင်ပါတယ်။ အင်န်အယ်လ်ဒီ အစိုးရသက်တမ်း ၂ နှစ်ခွဲနီးပါး ကာလ အတွင်း ခုလိုအစည်းအဝေးမျိုး ခေါ်ဖူးတာ ဒါ ဒုတိယ အကြိမ်ပါ။ ဒီအစည်းအဝေး ခေါ်ရတဲ့ အကြောင်းရင်းက ဘာဖြစ်မလဲ၊ အစည်းအဝေးကနေ ဘယ်လို အကျိုးဆက်တွေ ရနိုင်မလဲ ဆိုတာ ခုတပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။
တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေ ပါတဲ့ အရေးကြီး အစည်းအဝေး ကျင်းပရတဲ့ ကိစ္စကတော့ နိုင်ငံတော် သမ္မတ ရုံး ထုတ်ပြန်ချက်ထဲမှာ ပါတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် UNDP တို့နဲ့ နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့တဲ့ အခြေအနေ၊ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းမှု အခြေအနေ၊ ရှန်ဂရီလာ ဒိုင်ယာလော့ဂ်နဲ့ ဆက်စပ်ကိစ္စများ၊ ရခိုင်ပြည်နယ်နဲ့ နယ်စပ်လုံခြုံရေး ကိစ္စ ရပ်များ အပြင် ထုတ်ပြန်ချက်မှာ ဖော်ပြမထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာအစိုးရကို ပေးပို့ထားတဲ့ အကြောင်းကြားစာ ကိစ္စ၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးက မြန်မာအာဏာပိုင်တွေကို တရားစွဲဖို့ ကြိုးပမ်းနေတဲ့ ကိစ္စတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။
မြန်မာအစိုးရဟာ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ကပဲ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသွားတဲ့ ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်ကို အထောက်အပံ့ပြုနိုင်ဖို့ အတွက် ကုလသမဂ္ဂ အေဂျင်စီတွေဖြစ်တဲ့ UNHCR ၊ UNDP တို့နဲ့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အားလုံးသိကြပြီဖြစ်တဲ့အတိုင်း မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့ဟာ ရခိုင်ပြည်နယ်က ထွက်ပြေးသွားတဲ့ မူဆလင် ဒုက္ခသည်တွေကို ပြန်လက်ခံရေး ၂၀၁၇ နိုဝင်ဘာ ၂၃ ရက်နေ့ကတည်းက လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပေမယ့် လက်ရှိ ၈လ ၉ လ ကြာတဲ့တိုင် နှစ်နိုင်ငံ အစီအစဉ်နဲ့ ပြန်လာတဲ့ ဒုက္ခသည်တွေ တစ်ယောက်မှ မရှိသေးပါဘူး။ အဲလို ပြန်ဝင်မလာနိုင်သေးတဲ့ ကိစ္စမှာ ဒုက္ခသည်တွေ ပြန်ဝင်လာရင် ဘေးကင်းလုံခြုံ စိတ်ချရမှု ရှိပါ့မလား၊ သူတို့ ပြန်လာရင် စောင့်ကြည့်မယ့်သူ ဘယ်သူတွေ ရှိနေမလဲ ဆိုတဲ့ အချက်လည်း တစ်ချက် ပါဝင်ပါတယ်။ ၂၀၁၆ အောက်တိုဘာ နဲ့ ၂၀၁၇ သြဂုတ်လ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွား၊ တပ်မတော်က အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေးတွေ လုပ်ပြီးနောက်ပိုင်း အဲဒီဒေသထဲက ICRC နဲ့ WFP ဝန်ထမ်း နည်းနည်းပါးပါးက လွဲရင် အခြားကုလသမဂ္ဂ ဝန်ထမ်း အားလုံးနီးပါး ထွက်ခွာသွားခဲ့ကြပါတယ်။ နောက်ပိုင်း ကုလသမဂ္ဂ အေဂျင်စီတွေ အဲဒီ ဒေသထဲ ပြန်ဝင်နိုင်ရေး ကိစ္စ အစိုးရနဲ့ အကြိမ်ကြိမ် ညှိနှိုင်းပြီးမှ ခုလို နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းကို ကုလသမဂ္ဂ အေဂျင်စီတွေ ပြန်ဝင်ဖို့ ကိစ္စ အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီ နဲ့ ရခိုင်အမျိုးသားပါတီဘက်က သိပ်ပြီး လက်ခံလိုကြတာ မဟုတ်ပါဘူး။ ဒီလိုနဲ့ ဒီကိစ္စ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ပါ နားလည်မှု ယူဖို့ ဖြစ်လာတာလို့ မှန်းဆ ရပါတယ်။
လက်ရှိတွေ့ဆုံပွဲမှာ ဆွေးနွေးကြတဲ့ နောက် အရေးကြီး ကိစ္စ တခုကတော့ ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က ဖွဲ့စည်းမယ်လို့ ကြေငြာခဲ့တဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် နဲ့လည်း ပတ်သက်ပါတယ်။ နိုင်ငံတော် သမ္မတရုံးကြေငြာချက်မှာတော့ ရခိုင်ပြည်နယ် အတွင်း ပြန်လည် သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ဆောင်ရွက်ရာတွင် အမျိုးသား အစီအစဉ် တစ်ရပ် အနေဖြင့် မြန်မာ အစိုးရသည် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် တရပ် ဖွဲ့စည်းရန် ဆုံးဖြတ်ပြီးဖြစ်တဲ့အကြောင်း၊ အဲဒီ ကော်မရှင်ဟာ အာဆာ အကြမ်းဖက် အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှု ပြီးတဲ့နောက် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ၊ အဲဒါနဲ့ ဆက်နွှယ်တဲ့ ကိစ္စတွေကို စုံစ်းစစ်ဆေးကြမယ်၊ ကော်မရှင်မှာ နိုင်ငံတကာက ပုဂ္ဂိုလ်ကြီး တစ်ယောက် အပါအဝင် စုစုပေါင်း အဖွဲ့ဝင် သုံးယောက် ပါမယ်လို့ ဆိုထားပါတယ်။
ခုဆိုရင် ဒီအဖွဲ့မှာပါတဲ့ နိုင်ငံခြားသားနဲ့ မြန်မာနိုင်ငံသားတွေ ဘယ်သူမှန်း မသိရသေးပေမယ့် လွှတ်တော်ထဲမှာတော့ ကန့်ကွက်မှု ပေါ်ပေါက်ခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ရှမ်းပြည်နယ် မိုင်းပန် အမတ် ဦးစိုင်းကျော်မိုးက ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်လို့ လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင် ဖွဲ့မယ် ဆိုရင် နိုင်ငံခြားသား မပါပဲ ပြည်တွင်းက ကျွမ်းကျင်ပညာရှင်တွေနဲ့ပဲ ဖွဲ့စည်းဖို့ ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်း အရေးကြီး အဆို တင်သွင်းခဲ့ပါတယ်။ အဆိုကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးပါလိမ့်မယ်။ ဒီလိုအကြောင်းတွေကြောင့် တပ်မတော်နဲ့ သဘောတူညီချက် ရယူနိုင်ဖို့ အဲဒီ ပြသနာကလည်း ဆွေးနွေးပွဲထဲ ပါဝင်ရတာ ဖြစ်နိုင်ပါတယ်။
အစိုးရဟာ ဒီ ထိပ်သီး အစည်းအဝေးကျင်းပဖို့ ဇွန်လ ၇ ရက်နေ့ကမှ လွှတ်တော် အစည်းအဝေးတွေကို ရုတ်တရက် ဖျက်သိမ်း၊ ညဘက် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ အစိုးရခေါင်းဆောင်တွေ တွေ့ပြီး ရုတ်တရက် ကျင်းပရတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ အကြောင်းရင်းကတော့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတန်း ကိုယ်စားလှယ် ဦးဟောက်ဒိုစွမ်းကနေ တဆင့် မြန်မာအစိုးရကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပေးပို့တဲ့ စာနဲ့လည်း သက်ဆိုင်နိုင်ပါတယ်။ အဲဒီစာမှာ အချက် (၄) ချက်ပါပြီး ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှု အကူအညီပေးဖို့ ကုလသမဂ္ဂ အေဂျင်စီတွေ ဝင်ခွင့်ပေးဖို့ တောင်းဆိုတာ၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ စစ်ဆေးပြီး အရေးယူပေးဖို့ တောင်းဆိုတာ၊ ကိုဖီအာနန် ကော်မရှင် အစီရင်ခံစာကို အကောင်အထည် ဖော်ပေးဖို့ တောင်းဆိုတာ၊ မကြာခင် မြန်မာနိုင်ငံရောက်လာမယ့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နဲ့ မြန်မာနိုင်ငံတာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုတာ စတာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ လက်ရှိ အင်န်အယ်လ်ဒီ အစိုးရ ဆောင်ရွက်ချက်တွေဟာ အဲဒီစာပါ အချက်တွေကို အကောင်အထည်ဖော်နေတယ်လို့ ယူဆရပြီး တပ်မတော်ဘက်က လက်ခံလာအောင် အရေးပေါ် အစည်းအဝေး မဖြစ်မနေ ကျင်းပရတာလို့ နားလည်နိုင်ပါတယ်။
အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီ နဲ့ တပ်မတော်ဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အစိုးရကို ကာလုံ အစည်းအဝေး မခေါ်လို့ ဆိုပြီး ဝေဖန်လေ့ ရှိပါတယ်။ ဒါပေမယ့် အရင် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ ဇူလိုင် ၂ ရက်နေ့တုန်းကလည်း ကာလုံ မခေါ်ပဲ ခုလိုပဲ အစိုးရ၊ လွှတ်တော်၊ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံ အစည်းအဝေး လုပ်ခဲ့ဖူးတဲ့ သာဓကရှိခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၆၄၊ ၂၃၂ (ဋ) ပါ သမ္မတနဲ့ အစိုးရ အဖွဲ့ဝင်တွေ ပါတီနိုင်ငံရေး မလုပ်ရအချက်ကို ပြင်ဖို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိ ဒေါ်အောင်ဆန်းစုကြည် အစိုးရအနေနဲ့ ကာလုံ အစည်းအဝေး မခေါ်ပဲ နိုင်ငံထိပ်သီးခေါင်းဆောင်တွေ အစည်းအဝေး လုပ်ကြတာ သိပ်ဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တကယ့်အရေးကြီးတဲ့ အချက်ကတော့ ရခိုင်ပြည်နယ် ပြသနာ ဖြေရှင်းရေးမှာ တပ်မတော်ဘက်က ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နားလည်မှု ရယူရေးတင်မကပဲ အောက်ခြေ လုံခြုံရေးနဲ့ အုပ်ချုပ်ရေး အာဏာပိုင် အဆင့်ဆင့်နဲ့ ရခိုင်နိုင်ငံရေး ခေါင်းဆောင်တွေဘက်က လက်ရှိ အစိုးရ အကောင်အထည် ဖော်နေတဲ့ ရခိုင်ပြည်နယ် ပြသနာ ဖြေရှင်းရေး လုပ်ငန်းစဉ် အပေါ် စိတ်ပါလက်ပါ ပူးပေါင်းဆောင်ရွက်ပါမှ အခက်အခဲ အကြပ်အတည်းတွေကို ကျော်လွှားနိုင်မှာ ဖြစ်ကြောင်းပါ။