ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ခဲ့တဲ့ စာရင်းဇယားတွေအရ ၂၀၁၇ အောက်တိုဘာ ၁ ရက်နေ့ဆို မြန်မာနိုင်ငံ လူဦးရေ ၅၃ သန်းနီးပါး ရှိပါပြီ။ ဒါဟာ ၂၀၁၄ သန်းခေါင်စာရင်းပါ အချက်အလက်တွေကို ကိုးကားပြီး ပြန်တွက်ချက်ထားတဲ့ စာရင်းပါ။ မြန်မာနိုင်ငံထဲ ပြည်သူတွေရဲ့ မော်တော်ကားပိုင်ဆိုင်မှုကို ကြည့်မယ် ဆိုရင်လည်း ၂၀၁၇ ခုနှစ် အထိဆို ၆ သိန်းဝန်းကျင်ပဲ ရှိပါသေးတယ်။ ဒါဟာ လူတစ်ထောင်မှာ ကား ၁၂ စီးပဲ ပိုင်ဆိုင် အသုံးပြုနိုင်သေးတဲ့ သဘောဖြစ်ပါတယ်။ ဒီ အရည်အတွက်ဟာ အိမ်နီးချင်း ထိုင်း၊ ဗီယက်နမ် တို့ထက် အများကြီး ပမာဏ နည်းနေပါသေးတယ်။ အခြားတစ်ဖက်မှာ ကြည့်လိုက်ရင်တော့ ရန်ကုန်မြို့က လမ်းတွေပေါ်မှာ ကားတွေ စုပုံကြပ်နေတာ တွေ့နိုင်သလို၊ ကျေးလက်တွေမှာတော့ ကိုယ်ပိုင်ကား အသုံးပြုမှု အလွန့်အလွန် နည်းသေးတာ တွေ့နိုင်ပါတယ်။ ကရင်ပြည်နယ် မြဝတီမြို့ကို ကြည့်လိုက်ပြန်ရင် ထိုင်းနိုင်ငံဘက်ခြမ်းက တရားမဝင် ခိုးသွင်းလာတဲ့ လိုင်စင်မဲ့ကားတွေ ထောင်သောင်းချီ တွေ့နိုင်ပါသေးတယ်။ အစိုးရဟာ သိပ်မကြာခင် ၂၀၁၈ ခုနှစ်အတွက် ကားတင်သွင်းခွင့် ပေါ်လစီ အသစ် ချမှတ်ဖို့ ရှိနေပါတယ်။ ဘယ်လို ပေါ်လစီ စည်းကမ်းတွေ ဖြစ်သင့်သလဲ ဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။
ကားတင်သွင်းခွင့်နဲ့ ပတ်သက်ရင် နှစ်ပေါင်းကြာရှည် အငြင်းပွားလာကြတဲ့ ပြသနာကြီးတစ်ခုက လက်ရှိ ခွင့်ပြုထားတဲ့ ဂျပန်တစ်ပတ်ရစ် ညာဂိုင်းကားတွေကို သွင်းခွင့်ပြုဦးမလား ဆိုတာပါ။ အားလုံးသိကြပြီဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံဟာ ညာကပ်မောင်း စနစ်ဖြစ်ပါတယ်။ အိမ်နီးချင်း တရုတ်၊ ကမ္ဘောဒီးယားနဲ့ တူသလို၊ အမေရိကန် ပြည်ထောင်စု နဲ့လည်း တူညီပါတယ်။ ဒါပေမယ့် ပြသနာက မြန်မာပြည်ထဲမှာ လက်ရှိ သုံးစွဲနေတဲ့ ကိုယ်ပိုင်ကား ၉၀ ရာခိုင်နှုန်းကျော်ဟာ လမ်းစနစ်နဲ့ မကိုက်ညီတဲ့ ညာဂိုင်း ဂျပန်တစ်ပတ်ရစ် ကားတွေ ဖြစ်နေတာပါ။ ဒီဂျပန်တစ်ပတ်ရစ်ကားတွေဟာ ဈေးနှုန်းချိုသာပြီး အရည်အသွေး ကောင်းတယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ မြန်မာနိုင်ငံသား အများစု ကြိုက်နှစ်သက်ကြပါတယ်။ အစိုးရ အဆက်ဆက်ကလည်း လမ်းစနစ်နဲ့ လုံး၀ မကိုက်ညီပေမယ့် တင်သွင်းခွင့်ပေးထားတာ ဒီကနေ့ အထိပါပဲ။
အခြားတစ်ဖက်မှာ ကြည့်လိုက်ရင်တော့ ညာကပ်မောင်း လမ်းစနစ်နဲ့ မကိုက်ညီတဲ့ ညာဂိုင်း ကားတွေကြောင့် လမ်းပေါ်မှာ မတော်တဆမှု ဖြစ်တာ အလွန်များပြီး နှစ်စဉ် လူအများ သေကြေ ထိခိုက်ဒါဏ်ရာရနေကြတဲ့ ကိစ္စပါ။ အစိုးရမှတ်တမ်းတွေမှာတော့ ယဉ်တိုက်မှု ဖြစ်တဲ့ အကြောင်းရင်းတွေမှာ လမ်းကျဉ်းလို့၊ လမ်းခင်းထားတာ မကောင်းလို့၊ ကားဟာ လမ်းစနစ်နဲ့ မကိုက်တဲ့ ညာဂိုင်းကားတွေ အသုံးပြုလို့ ဖြစ်ရတာ ဆိုပြီးဘယ်တော့မှ မှတ်တမ်း တင်မထားတဲ့အတွက် ဘယ်လောက် ထိခိုက်နစ်နာနေသလဲ ဘယ်သူမှ တိတိကျကျ မသိနိုင်ပါဘူး။ ဒါပေမယ့် သေခြာတဲ့အချက်ကတော့ မြန်မာနိုင်ငံ လမ်းစနစ်ကို ညာကပ်မောင်းကနေ ဘယ်ကပ်မောင်း ပြောင်းဖို့ လုံး၀ မရှိတော့ဘူး ဆိုရင် လမ်းစနစ်နဲ့ မကိုက်ညီတဲ့ ညာဂိုင်းကားတွေ တင်သွင်းခွင့်ပေးနေတာကို အချိန်မဆိုင်းပဲ ရပ်ဆိုင်းလိုက်ဖို့ပါ။ ဒီလို လမ်းစနစ်နဲ့ မကိုက်ညီတဲ့ ကားတွေကို ဆင်းရဲတဲ့ အိမ်နီးချင်း ကမ္ဘောဒီးယားလို နိုင်ငံကတောင် တင်သွင်းခွင့် ပေးတာ မဟုတ်ပါဘူး။ ဒါကြောင့် လာမယ့် ၂၀၁၈ ခုနှစ်အတွက် ကားတင်သွင်းခွင့် ပေါ်လစီ အသစ်ချမှတ်တဲ့အခါ မြန်မာနိုင်ငံ လမ်းစနစ်နဲ့ ကိုက်ညီမယ့် ဘယ်ဂိုင်းကားတွေကိုပဲ တင်သွင်း၊ တပ်ဆင်၊ထုတ်လုပ်ခွင့် ပေးတဲ့ ပေါ်လစီ ပြောင်းလဲ သင့်ပါတယ်။
နောက်ပြသနာ တစ်ခုက ကားတင်သွင်းခွင့် ပေးတဲ့ ပုံစံ ဖြစ်ပါတယ်။ လက်ရှိ အစိုးရကနေ ပြည်သူတွေကို ကားတင်သွင်းခွင့် ပေးနေတာဟာ ပြည်သူတစ်ဦးချင်း တစ်ယောက်ချင်းစီကို ကားတင်သွင်း ခွင့်ပြုမိန့် ချပေးနေတဲ့ ပုံစံ ဖြစ်နေပါတယ်။ ပြည်သူတစ်ယောက်ဟာ နိုင်ငံခြားက ကားတစ်စီးကို ကိုယ့်ဆီအရောက် လုပ်ငန်း အဆင့်ပေါင်းများစွာ ဖြတ်ကျော်ပြီး ဝယ်ယူရမယ် ဆိုတဲ့ သဘောဖြစ်ပါတယ်။ တကယ်တော့ အဲဒီ စနစ် လုံး၀ လက်တွေ့မကျသလို၊ အဓိပ္ပါယ်လည်း မရှိတဲ့အတွက် ဘယ်သူ တစ်စုံတစ်ယောက်မှလည်း လိုက်လုပ်တာ မတွေ့ရပါဘူး။
အားလုံး ကားတင်သွင်း ရောင်းဝယ်တဲ့ ဝယ်ရောင်းတွေ၊ အကျိုးဆောင်တွေ ကနေ တဆင့် အကျိုးဆောင်ခ အမျိုးမျိုးပေးပြီး တင်သွင်းနေကြတဲ့ သဘောပါ။ ဒါမျိုးကျင့်သုံးတဲ့ နိုင်ငံ ကမ္ဘာပေါ်မှာတောင် မရှိသလောက် ရှားနိုင်ပါတယ်။ တကယ်ဖြစ်သင့်တာက လက်တွေ့ကျကျ ကားတင်သွင်းတဲ့ ကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်ပေးပြီး ပြည်သူတွေအနေနဲ့ ကိုယ်လိုချင်တဲ့ကားကို အဲဒီ ကုမ္ပဏီတွေ ဆီကနေ လွတ်လွတ်လပ်လပ် ဝယ်ယူတဲ့ စနစ် ပြောင်းလဲလိုက်ဖို့ပါ။ ဒီလို လုပ်ခြင်းအားဖြင့် လာဘ်ပေးလာဘ်ယူမှုတွေ လျော့နည်းစေမှာဖြစ်သလို၊ ကားတင်သွင်းတဲ့ ကုမ္ပဏီတွေလည်း ဥပဒေနဲ့အညီ ကောင်းကောင်း အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ တစ်ဆက်တည်း ပြည်သူတွေလည်း စိတ်လက်ချမ်းသာစွာနဲ့ ကားဝယ်ယူ စီးနင်းနိုင်ကြမှာ ဖြစ်ပါတယ်။
နောက်ထပ် ပြသနာကြီးတစ်ခုက အိုဟောင်းကားတွေနဲ့ တိုက်ကြေကားတွေကို တစ်ပတ်ရစ် ကားတစ်စီး တင်သွင်းခွင့် စလစ်တွေ ထုတ်ပေးနေတဲ့ ကိစ္စပါ။ အရင်အစိုးရလက်ထက်တုန်းကတော့ တိုင်းပြည်မှာ သုံးဖို့ကို မသင့်တဲ့ အလွန်အိုမင်းဟောင်းနွမ်းနေတဲ့ ကားအများစု ရှိနေတာကြောင့် အဲဒီ ကားတွေကို သံရည်ကြိုစက်ရုံ ပို့နိုင်အောင် မက်လုံးပေးတဲ့ သဘောနဲ့ ဒီ စနစ်ကို ကျင့်သုံးခဲ့တာပါ။ လက်ရှိအချိန်ထိ အဲဒီ စနစ်ကျင့်သုံးနေလို့ စလစ်တစ်စောင် ကျပ် သိန်း ၁၁၀ နဲ့ ၁၂၀ ကြားပေါက်နေတာကလည်း လူကြားလို့ မကောင်းတဲ့ ကိစ္စပါ။ ဒီစနစ် ဆက်ကျင့်သုံးခြင်းအားဖြင့် အဂတိလိုက်စားမှု ဖြစ်ပေါ်စေသလို၊ ကားဈေးနှုန်းတွေ ကြီးမြင့်ပြီး အစိုးရလည်း အခွန်သိပ်မရပါဘူး။ ဒါကြောင့် အိုဟောင်းကားအပ်တာနဲ့ တိုက်ကြေကား အပ်တာတွေကို စလစ်တစ်စောင် ထုတ်ပေးတဲ့ စနစ် လုံး၀ ဖျက်သိမ်း သင့်ပါတယ်။
ဒါ့အပြင် ကရင်ပြည်နယ်နဲ့ နယ်စပ်မှာ အသုံးပြုနေကြတဲ့ လိုင်စင်မဲ့ကား ပြသနာကိုလည်း ဖြေရှင်းပေးသင့်ပါတယ်။ အဲဒီဒေသတွေမှာ လိုင်စင်မဲ့ကား အသုံးပြုနေကြတဲ့ အဓိက အကြောင်းကတော့ လိုင်စင်နဲ့ကားတွေ ဈေးကြီးလို့ သူတို့ဒေသတွေမှာ သုံးဖို့ အဆင်မပြေတာကနေ စ တာပါ။ ဒီအတွက် အစိုးရဟာ ဝေးလံခေါင်ဖျားဒေသတွေ၊ ကျေးလက်တွေ ဖွံ့ဖြိုးဖို့ အဲဒီဒေသက ပြည်သူတွေ သူတို့ ဝင်ငွေ၊ သူတို့ ဒေသ စီးပွားရေးနဲ့ ကိုက်ညီတဲ့ ဈေးနှုန်းနဲ့ ကားတွေ အသုံးပြုနိုင်အောင် ဖန်တီးပေးရပါမယ်။ ပေါ်လစီ ရေးဆွဲရပါမယ်။ အဲဒီ ပြသနာကို ပြေပြေလည်လည် ဖြေရှင်းပေးနိုင်ရင် ဥပဒေနဲ့ မညီတဲ့ လိုင်စင်မဲ့ကားတွေ အသုံးပြုနေကြတဲ့ကိစ္စ၊ ကျေးလက်ဒေသတွေမှာ ကားမသုံးနိုင်၊ ကားရှားပါးတဲ့ ကိစ္စကိုလည်း ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။
နောက်ဆုံးတစ်ချက်ကတော့ အစိုးရအနေနဲ့ ပြည်တွင်းမှာ ကားတပ်ဆင် ထုတ်လုပ်တဲ့ စက်ရုံတွေ တည်ထောင်နိုင်ရေး အားပေးဖို့ပါ။ သမ္မတ ဦးသိန်းစိန် လက်ထက် ကားတင်သွင်းခွင့် ပေါ်လစီ ပြောင်းလိုက်တဲ့ ၂၀၁၂ နှစ်ကုန်ကာနီး အချိန်က စတွက်ရင် မြန်မာနိုင်ငံထဲ တစ်နှစ် ကားစီးရေ တစ်သိန်း သုံးသောင်းကျော်လောက် တင်သွင်းခဲ့ပါတယ်။ ဒါဟာ အလွန်များတဲ့ ကိန်းဂဏန်းပါ။ ဒီလို ကားအသုံးပြုများလာတဲ့ အခြေအနေအောက်မှာ ကားတပ်ဆင် စက်ရုံမျိုး ထုတ်လုပ်ဖို့ မက်လုံး ဖြစ်စေပါတယ်။ ဒါပေမယ့် အစိုးရရဲ့ အခွန်အခ သတ်မှတ်မှု၊ ပြည်သူအများ သုံးစွဲတဲ့ ကားကို ထုတ်လုပ်အောင် အားပေးစေမှုတွေကတော့ လိုအပ်ဦးမှာပါ။ ဒီလို ကားတင်သွင်းခွင့် ပေါ်လစီကို ကောင်းကောင်း ချမှတ်နိုင်မှသာ ရန်ကုန်မှာ ကားအလွန်များပြီး ကျေးလက်တွေမှာ ကားမသုံးနိုင်တဲ့ ပြသနာ၊ လမ်းစနစ်နဲ့ မကိုက်တဲ့ ညာ၈ိုင်းကားတွေကြောင့် ပြည်သူတွေ သေကြေ ထိခိုက်ဒါဏ်ရာရတဲ့ ပြသနာ၊ လိုင်စင်မဲ့ကား ပြသနာ၊ စလစ်တွေ ဈေးကြီးပေး ဝယ်ပြီးမှ တစ်ပတ်ရစ်ကား တင်သွင်းခွင့်ရတဲ့ ပြသနာ စတဲ့ ပြသနာတွေအများကြီး ပြေလည်အောင် ဖြေရှင်းနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။