မြန်မာ့တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဒါဏ်ခတ် အရေးယူဖို့ အထိ ဖြစ်လာနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ပြသနာကို ဖြေရှင်းဖို့ ဒေါ်အောင်ဆန်းစုကြည် အထူးကြိုးစားနေတာ တွေ့မြင်ရပါတယ်။ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ဆိုတာကို ဖွဲ့ပြီး သူကိုယ်တိုင် ဦးဆောင်ပါတယ်။ အဲဒီစိမံကိန်းအတွက် ပြည်တွင်းက သူဌေးကြီးများ လှူဒါန်းငွေ ကျပ်ငွေ ၁၇ ဘီလျံကျော်၊ အမေရိကန် ဒေါ်လာနဲ့ဆို ၁၃ သန်းလောက်ရှိမယ့် အလှူငွေကို လက်ခံပါတယ်။ ပြည်တွင်း ပြည်ပမှာလည်း နောက်ထပ် အကူအညီ ထပ်တောင်းပါတယ်။ UEHRD စီမံကိန်းအတွက် နောက်ထပ် ပုဂ္ဂလိကကဏ္ဍ လုပ်ငန်းအဖွဲ့ (၉) ဖွဲ့ ဖွဲ့စည်းပြီး လုပ်ငန်းတွေ အမြန်အဆန် အကောင်အထည် ဖော်စေပါတယ်။ ဒါပေမယ့် မေးစရာ မေးခွန်းရှိတာက ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခုလို အကြီးအကျယ် ကြိုးစားအားထုတ် နေပေမယ့် နိုင်ငံတကာက အထူးအာရုံစိုက်နေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက အဲဒီ ပြသနာကြီးကို တကယ်ပဲ ပြေလည်အောင် ဖြေရှင်းပေးနိုင်မလား ဆိုတာပါ။ သူကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုနဲ့ အခက်အခဲတွေကို ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ မူဆလင် ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရ တာဝန်ရှိသူတွေ ပြီးခဲ့တဲ့ ရက်ပိုင်း ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးကြပါတယ်။ ဆွေးနွေးပွဲတွေကနေ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးတွေနဲ့ ကိုယ်စားလှယ် အဖွဲ့တွေဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ အချက် (၁၀) ချက်ပါ သဘောတူညီချက် ရခဲ့ကြပေမယ့် မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေ ပြန်ပြီး လက်ခံရေးနဲ့ ပတ်သက်ပြီး အပြီးသတ် သဘောတူညီချက်တော့ မရခဲ့ကြပါဘူး။ ဒါကြောင့် နောက်ပိုင်း ပြန်လည်တွေ့ဆုံ ဆွေးနွေးပြီး ဆွေးနွေးမှုတွေ ၂၀၁၇ နိုဝင်ဘာလထဲမှာ ပြီးပြတ်အောင် လုပ်ကြဖို့ အကြမ်းဖျဉ်း သဘောတူထားတယ်လို့ သိရပါတယ်။ ပြောရရင် ဒုက္ခသည် ပြသနာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ပထမ ဦးဆုံး ရင်ဆိုင်ရမယ့် စိန်ခေါ်မှုဟာ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ပြေလည်အောင် ညှိနှိုင်းနိုင်ရေးပါ။ ဒုက္ခသည် အရည်အတွက် ပြသနာ၊ မြန်မာဘက်က လက်ခံမယ့်ပုံစံ၊ လက်ခံမယ့် အချိန်ဇယား သတ်မှတ်ချက် စတာတွေမှာ သဘောကွဲလွဲမှုတွေ ရှိနေတာမို့ အများကြီး ညှိနှိုင်းကြရဦးမယ့် အခြေအနေ ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အတွက် ဒုတိယ စိန်ခေါ်မှု ပြသနာကြီးက ဘဏ္ဍာငွေကြေး အခက်အခဲ ပြသနာ ဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတဲ့ မူဆလင် ဒုက္ခသည်တွေ အတွက် နိုင်ငံတကာ ရံပုံငွေ ရှာဖွေရေး ညီလာခံ တစ်ခု ဂျီနီဗာ မှာ လုပ်ပါတယ်။ အဲဒီ ဒုက္ခသည်တွေကို ထောက်ပံ့ပေးဖို့အတွက် လာမယ့် ၂၀၁၈ ဖေဖေါ်ဝါရီလ အထိ ဒေါ်လာ ၄၃၄ သန်း လိုမယ်လို့ ကုလသမဂ္ဂ ဘက်က ခန့်မှန်းထားပါတယ်။ အဲဒီ ညီလာခံမှာတော့ နိုင်ငံတကာ အလှူရှင်တွေဘက်ကနေ ဒေါ်လာ ၃၃၅ သန်း အကူအညီပေးမယ် ဆိုတဲ့ ကတိကဝတ်တွေ ရခဲ့တယ် လို့ ဆိုပါတယ်။ တကယ်တော့ ကုလသမဂ္ဂက လိုတယ်လို့ ပြောတဲ့ အဲဒီ ငွေပမာဏဟာ (၄) လ စာလောက်အတွက် ဒုက္ခသည်တွေ စားသောက်နေထိုင်၊ ကျန်းမာရေး ကိစ္စတွေအတွက် အဓိက ဖြစ်ပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် အကောင်အထည် ဖော်မယ့် စီမံကိန်းကြီးကတော့ ပြန်လာမယ့် ဒုက္ခသည်တွေကို ယာယီ ကျွေးမွေးထားတာလောက်တင် မကပဲ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး တွေပါ ပါဝင်တဲ့ စီမံကိန်းကြီး ဖြစ်လေတော့ အဲဒီထက်မကတဲ့ ငွေပမာဏ လိုမယ် ဆိုတာ ပြောစရာတောင် မလိုပါဘူး။ အခု လက်ရှိ မြန်မာသူဌေးကြီးတွေ အစွမ်းကုန် လှူဒါန်းမှုတောင် ဒေါ်လာ ၁၃ သန်းလောက်ပဲ ရှိတာမို့ နောက်ထပ် ငွေကြေး ပမာဏ များများစားစား လိုအပ်မယ် ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ အဲဒီငွေတွေ ဘယ်က ရမှာပါလဲ။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံတကာ မိသားစုကနေ အကူအညီ အမြောက်အများ မရဘူး၊ ရခဲ့ရင်တောင် လက်ခံလို့ မဖြစ်နိုင်ဘူး ဆိုရင်တော့ အခက်အခဲတွေ အများကြီး ကြုံရနိုင်ပါတယ်။
နောက်အရေးကြီးတဲ့ စိန်ခေါ်မှု တစ်ခုက ရခိုင်ပြည်နယ် မြောက်ပိုင်းက မူဆလင်တွေရဲ့ ပြသနာနဲ့ ပတ်သက်ပြီး တပ်မတော်ခေါင်းဆောင်တွေရဲ့ သဘောထား ခံယူချက်ပါ။ လက်ရှိ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးကို အဓိက တာဝန်ယူထားတာ တပ်မတော်နဲ့ ပြည်ထဲရေး ဝန်ကြီးဌာနပါ။ တပ်မတော် ခေါင်းဆောင် အဆက်ဆက်ရဲ့ အဲဒီ မူဆလင်တွေအပေါ် ထားတဲ့ သဘောထားဟာ ကိုလိုနီ နယ်ချဲ့တွေက ခေါ်သွင်းလာတဲ့သူတွေ ဖြစ်တယ်၊ နိုင်ငံသားတွေ မဟုတ်ဘူး ဆိုတာပါပဲ။
အဲဒီ ခံယူချက်ကနေ ဆက်ပြီး ပေါက်ပွားလာတာကတော့ အဲဒီလူတွေဟာ နိုင်ငံသား မဟုတ်တဲ့အတွက် သူတို့ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးဖို့ တာဝန်မရှိဘူး၊ သူတို့နေထိုင်ရာ နေရာကိုလည်း ဖွံ့ဖြိုးတိုက်အောင် လုပ်ပေးဖို့ မလိုဘူး ဆိုတဲ့ သဘောထားမျိုးပါ။ အဲဒီ သဘောထားမျိုးနဲ့ အကောင်အထည် ဖော်ခဲ့လို့လဲ မူဆလင် ၉၅ ရာခိုင်နှုန်း နေထိုင်တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောခရိုင်ဟာ အဖက်ဖက်က နိမ့်ကျ ဆင်းရဲနေတာပါ။ အဲဒီဒါဏ်ကို အဲဒီဒေသမှာ နေထိုင်တဲ့ ၅ ရာခိုင်နှုန်းသော ရခိုင်နဲ့ တိုင်းရင်းသားတွေလည်း ခံစားရပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးတွေ လုပ်ပေးမယ်ဆိုရင် တပ်မတော်နဲ့ ပြည်ထဲရေး ဘက်ကလည်း အရင် သဘောထားတွေကို ပြောင်းလဲပြီး စိတ်ပါ လက်ပါ ဝိုင်းဝန်း အကူအညီပေးဖို့ လိုပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ တပ်မတော်နဲ့ ပြည်ထဲရေးရဲ့ အဲဒီဒေသက မူဆလင်တွေအပေါ် သဘောထားဟာ ဒေါ်အောင်ဆန်းစုကြည် အကောင်အထည်ဖော်မယ့် စီမံကိန်းကြီးအတွက် စိန်ခေါ်မှု ဖြစ်လာနိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သေခြာပေါက် ကြုံရဦးမယ့် နောက်ထပ် စိန်ခေါ်မှုကြီး တစ်ခုကတော့ ရခိုင်နိုင်ငံရေးခေါင်းဆောင်တွေရဲ့ သဘောထားနဲ့ သူတို့က ဦးဆောင်နေတဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ လုပ်ရပ်ပါ။ သူတို့ကလည်း အဲဒီဒေသက မူဆလင်တွေကို ခိုးဝင်တွေ၊ အကြမ်းဖက်သမားတွေ၊ သူတို့နဲ့ အတူတူ မနေနိုင်ဘူး၊ မူဆလင်တွေကိုလည်း အကူအညီ မပေးရဘူး ဆိုပြီး ဆန္ဒပြပွဲတွေ တခြိမ့်ခြိမ့် ကျင်းပ၊ အကူအညီပေးသူတွေကို အမျိုးမျိုး ဟန့်တားမှုတွေ လုပ်နေတာပါ။ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ်မှာ အကောင်အထည်ဖော်မယ့် စီမံကိန်းအတွက် ရခိုင်နိုင်ငံရေး ခေါင်းဆောင်တွေ နားလည်အောင် ရှင်းပြဖို့ လိုပါလိမ့်မယ်။ ရခိုင်နိုင်ငံရေး ခေါင်းဆောင်တွေ နားလည် လက်ခံပါမှ ရခိုင်တိုင်းရင်းသားတွေကို မှန်မှန်ကန်ကန် ဦးဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမှ မလုပ်နိုင်ရင် ရခိုင်နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ သဘောထားဟာလည်း ဒေါ်အောင်ဆန်းစုကြည် အကောင်အထည် ဖော်မယ့် စီမံကိန်းကြီး အတွက် စိန်ခေါ်မှု တစ်ရပ် ဖြစ်လာနိုင်ပါတယ်။
အားလုံးကို ခြုံငုံသုံးသပ်ရရင် ဒေါ်အောင်ဆန်းစုကြည် အကောင်အထည် ဖော်မယ့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ဆိုတာ စိန်ခေါ်မှုပေါင်းများစွာနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ဒီကြားထဲ အဲဒီ မူဆလင်တွေထဲက အကြမ်းဖက်သမားတွေ၊ အကြမ်းဖက် လုပ်ရပ်တွေ ထပ်ပြီး ပေါ်ပေါက်လာဦးမယ် ဆိုရင်တော့ ရခိုင်ပြည်နယ်က ပဋိပက္ခ ပြသနာ ပိုပြီး နက်ရှိုင်းသွားဖို့ ရှိနေပြီး နိုင်ငံတကာရဲ့ စွက်ဖက်မှုကိုလည်း ဒီထက် ပို ရင်ဆိုင်ရဖွယ် ရှိပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။