ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဂန့်ဂေါအမတ် ဒေါ်ယဉ်မင်းလှိုင် တင်သွင်းတဲ့ အဆိုတစ်ခုကို အမတ် ၁၅ ဦးက ထောက်ခံဆွေးနွေးပြီး၊ သက်ဆိုင်ရာ ဒုဝန်ကြီးကလည်း ထောက်ခံတဲ့အတွက် အဆို အတည်ဖြစ်ခဲ့ပါတယ်။ အဲဒီ အဆိုကတော့ နိုင်ငံတဝှမ်းလုံးရှိ တည်ဆောက်ရေး လုပ်ငန်းများအား Third Party စနစ်ကို မှန်ကန်စွာ ကျင့်သုံး၍ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း ဆိုပြီး ဖြစ်ပါတယ်။ အဆိုနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေ၊ ဒုဝန်ကြီးရဲ့ ဖြေရှင်းချက်တွေကိုကြည့်ရင် ဒီအဆိုဟာ အလွန်ကြီးကျယ်များပြားတဲ့ ဘတ်ဂျက် ငွေကြေးဆိုင်ရာ ကိစ္စတွေ၊ အဂတိလိုက်စားမှုဆိုင်ရာ ပြသနာတွေ စသဖြင့် ကိစ္စ အတော်များများနဲ့ ဆက်စပ်နေတာမို့ စိတ်ဝင်စားဖို့ အလွန်ကောင်းပါတယ်။ ခုတစ်ပတ် အဲဒီ အဆိုနဲ့ဆိုင်တဲ့ ကိစ္စအကြောင်း ဆွေးနွေးသုံးသပ်ကြည့်ကြရအောင်ပါ။
ဂန့်ဂေါအမတ် ဒေါ်ယဉ်မင်းလှိုင်က အစိုးရကနေ ဘဏ္ဍာငွေ အမြောက်အများ အကုန်အကျခံပြီး လုပ်နေတဲ့ တည်ဆောက်ရေး လုပ်ငန်းတွေ အရည်အသွေး မပြည့်မီပဲ တိုင်းပြည်ဘဏ္ဍာငွေ အလဟသ ဆုံးရှုံးလေလွင့်နေတာကို အမြန်ဆုံး ကာကွယ်တားဆီးဖို့ အတွက် ဒီအဆိုကို တင်ရတာလို့ ဆိုပါတယ်။ အဆိုကို ထောက်ခံဆွေးနွေးတဲ့ သနပ်ပင် အမတ် ဦးမြင့်ဦးက ခေတ်အဆက်ဆက် အစိုးရတွေလက်ထက်မှာ တိုင်းပြည်အတွက် လိုအပ်တဲ့ လမ်း၊ တံတား၊ အဆောက်အဦ၊ ဆည်မြောင်း၊ တာတမံ စတာတွေ ဆောက်တဲ့အခါ ကိုယ်တိုင် ဘတ်ဂျက်ရေးဆွဲ၊ ကိုယ်တိုင် တည်ဆောက်၊ ကိုယ်တိုင်ကြပ်မတ်၊ ကိုယ်တိုင် စစ်ဆေး လုပ်ခဲ့ကြတဲ့အတွက် သိပ်မကြာခင် ပြန်ပျက်စီးတာ၊ နောက်ထပ် ဘတ်ဂျက် ထပ်တောင်းတာတွေကြောင့် ပြည်သူ့ဘဏ္ဍာတွေ အဟောသိကံ ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါတင်မက သူ့မဲဆန္ဒနယ်က တံတား ၁၄ စင်း ဆိုရင်လည်း ဆောက်ပြီး တစ်နှစ်အတွင်း ယိုယွင်းပျက်စီးလာတယ် ဆိုပြီး လက်တွေ့ထောက်ပြခဲ့ပါတယ်။ ဒီ အဆိုနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တဲ့ အမတ်တိုင်းက ထောက်ခံခဲ့ကြတာပါ။
အခုလို ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေးဒုဝန်ကြီး ဦးကျော်လင်းရဲ့ ပြန်လည် ရှင်းလင်းချက်က ပိုပြီး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူက Third Party စနစ်ကို လိုလိုချင်ချင် လက်ခံ ကျင့်သုံးသွားမယ့်အပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနကိုလည်း ၃ နှစ်အတွင်း Regulatory Body ဖြစ်အောင် ပြောင်းလဲ ဆောင်ရွက်သွားမယ် ဖြစ်တဲ့အကြောင်း၊ ကန်ထရိုက် လုပ်ငန်းတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ကန်ထရိုက်တာတွေ ဆောင်ရွက်နိုင်ဖို့ ဆောင်ရွက်သွားမယ် ဆိုပြီး ဖြစ်ပါတယ်။ သူဆိုလိုတာက လက်ရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေနဲ့ အစိုးရ ဘတ်ဂျက်တွေနဲ့ လုပ်ကိုင်ဆောင်ရွက်နေရတာတွေ ရှိသေးတယ်၊ ဒီလို အခြေအနေမှာ လွှတ်တော်က တိုက်တွန်းတဲ့ Third Party စနစ် ကျင့်သုံးပြီး အစစ်ဆေးခံနိုင်အောင် လုပ်သွားမယ်၊ ဒါတင်မက နောင်ဆိုရင် ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေနဲ့ ကိုယ့်ဖာသာကိုယ် ဆောက်လုပ်ရေး လုပ်ငန်းတွေ လုပ်တော့မှာ မဟုတ်ဘူး၊ Regulatory Body အနေနဲ့ပဲ လုပ်ငန်းတွေ ပြီးစီးအောင် ဆောင်ရွက်သွားမယ်၊ အဲဒါကို သုံးနှစ်အတွင်း အကောင်အထည် ဖော်မယ်လို့ ဆိုသွားတာပါ။
တကယ်လည်း ရှေ့ အာဏာရှင် အစိုးရလက်ထက်တွေကိုကြည့်လိုက်ရင် ဝန်ကြီးဌာနတွေဆိုတာ ကိုယ့်ဘတ်ဂျက်တွေကို ကိုယ်ကိုယ်တိုင် သုံးစွဲတဲ့ ဌာနတွေ ဖြစ်မှန်းမသိ ဖြစ်လာနေတာ ကြာပါပြီ။ ဆောက်လုပ်ရေး ဆို ဆောက်လုပ်ရေး လုပ်ငန်းတွေ ကိုယ်တိုင်လုပ်၊ စက်မှုဆို စက်ရုံလုပ်ငန်းတွေ ကိုယ်တိုင်လုပ်၊ စည်ပင်ဆို လမ်းခင်း၊ ရေမြောင်းဖေါက်၊ အမှိုက်သိမ်း ကိုယ်တိုင်လုပ် ဆိုတဲ့ စနစ်မျိုးပါ။ ဒီလုပ်ငန်းတွေကို ကိုယ်တိုင် လုပ်ကိုင်ကြတဲ့အတွက် အဆင့်ဆင့်သော ဌာနဆိုင်ရာ ဝန်ထမ်းတွေဟာ လုပ်ငန်းတွေထဲ ပါဝင် ပတ်သက် လုပ်ကိုင်မှုတွေ ရှိလာပါတယ်။
ဝန်ကြီးဌာနက လုပ်ငန်းတွေ အတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေကို သွင်းရတာ၊ တစ်ချို့ လုပ်ငန်းတွေအတွက် ကန်ထရိုက်၊ ဆပ် ကန်ထရိုက် ရယူ လုပ်ကိုင်တာ စတာတွေကို ကိုယ်တိုင်သော်၎င်း၊ ကိုယ့်ရဲ့ မိသားဝင်တွေရဲ့ နာမည်တွေနဲ့သော်၎င်း လုပ်ကိုင်ကြပါတယ်။ ကိုယ့်ဘတ်ဂျက် ကိုယ်ကိုယ်တိုင် လျာထားသတ်မှတ် သုံးစွဲရတာ ဖြစ်လေတော့ ကိုယ့်အတွက် မြတ်စွန်းအောင်သာ အဓိက၊ အခြားဘာမှ ဂရုစိုက်စရာ မလိုတဲ့ အနေအထားမျိုးနဲ့ နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့ကြတာ ဖြစ်ပါတယ်။
ကိုယ့်ဌာနအတွက် ကိုယ်တိုင် ပစ္စည်းတင်သွင်းသူ၊ ကန်ထရိုက်၊ ဆပ်ကန်ထရိုက်လုပ်ပြီး အကျိုးအမြတ် ရယူတာအပြင် အခြား ပြင်ပကို ကန်ထရိုက်ပေးရတော့လည်း လာဘ်ငွေယူပြီး လုပ်ကိုင်တဲ့ အလေ့အထလည်း ကျယ်ကျယ်ပြန့်ပြန့် ထွန်းကားလာပါတယ်။ ဒါကို ပိုဆိုးစေတာကတော့ အရည်အသွေးနဲ့ ကုန်ကျစားရိတ် ပုံမှန် ဟုတ်မဟုတ် စစ်ဆေးတဲ့ Third Party စနစ် ရှိမနေတာပါ။ ဒီလို အကြောင်းကြောင်းတွေကြောင့်လဲ အာဏာရှင်တွေ အုပ်စိုးခဲ့တဲ့ ခေတ်ကာလ တစ်လျောက်လုံး နိုင်ငံ့ဘဏ္ဍာငွေကြေး အမြောက်အများ ကုန်ကျခဲ့သလောက် လမ်း၊ တံတား၊ စက်ရုံ၊ လျှပ်စစ် စတဲ့ အခြေခံ အဆောက်အဦ ကောင်းကောင်းတွေ မပေါ်ထွက်ခဲ့တာပါ။ တကယ်ပေါ်ထွက်ခဲ့တာကတော့ ကျယ်ပြန့်တဲ့ အကျင့်ပျက် ခြစားမှု၊ ဝန်ကြီးနဲ့ ဌာနဆိုင်ရာ အရာရှိကြီးတွေ အကြီးအကျယ် ကြွယ်၀ ချမ်းသာမှု စတာတွေပဲ ဖြစ်ပါတယ်။
အခု ဝန်ကြီးဌာနတွေမှာ Third Party စနစ်ကျင့်သုံးခဲ့မယ် ဆိုရင်၊ ဆောက်လုပ်ရေး ဒုဝန်ကြီး ပြောတဲ့ ဝန်ကြီးဌာနတွေဟာ Regulatory Body အဖြစ် ပြောင်းလဲနိုင်ခဲ့မယ် ဆိုရင် ရလာမယ့် ကောင်းကျိုးကတော့ အများကြီးပါပဲ။ အဓိက ကောင်းကျိုးကတော့ တိုင်းပြည်ဘဏ္ဍာငွေ ကုန်သလောက် ကုန်ရကျိုးနပ်တဲ့ လမ်း၊တံတား၊ စက်ရုံ၊ အဆောက်အဦ အစရှိသဖြင့် အရည်အသွေးကောင်းတွေ ရလာမှာပါ။ ဒုတိယ တစ်ခုကတော့ အစိုးရဟာ အစိုးရ အလုပ်ကို ပီပီပြင်ပြင် လုပ်လာနိုင်မှာ ဖြစ်ပါတယ်။ အရင် အာဏာရှင် အစိုးရ အဆက်ဆက်ကနေ ဒီကနေ့ အချိန်ထိ အစိုးရ ဝန်ကြီးဌာနတွေဟာ သူတို့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ် သူတို့ မလုပ်ပဲ၊ မလုပ်သင့်တဲ့ ငွေကိုင်သုံးစွဲရတဲ့ လုပ်ငန်းပေါင်းစုံကို လုပ်နေပြီး အစိုးရယန္တယား မလိုအပ်ပဲ ကြီးထွားနေတာ ကြာပါပြီ။ အဲဒီ ပြသနာ တစ်စတစ်စ ပြေလည်သွားနိုင်ပါတယ်။ နောက်ပြသနာ တစ်ခုက ကိုယ့်ဘတ်ဂျက် ကိုယ်ကိုင်သုံးရတာ နည်းလေလေ အဂတိလိုက်စားဖို့ အခွင့်အလမ်း နည်းလေလေ ဖြစ်ပါတယ်။ ဒီအတွက် အကျင့်ပျက်ခြစားမှုကိုလည်း လျော့ချနိုင်ပါလိမ့်မယ်။ နောက်ထပ် ကောင်းကျိုးတစ်ခုကတော့ လက်ရှိ အစိုးရဝန်ကြီးဌာနက လုပ်နေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းကြီးတွေ၊ ဝန်ဆောင်မှု လုပ်ငန်းတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေ လုပ်ခွင့်ရမှာ ဖြစ်တဲ့အတွက် ပုဂ္ဂလိက လုပ်ငန်းတွေလည်း ကြီးထွား တိုးတက်လာစေမှာ ဖြစ်ပါတယ်။ ပုဂ္ဂလိက လုပ်ငန်း ကျယ်ပြန့်ကြီးထွားလာခြင်းဟာ တိုင်းပြည် စီးပွားရေးအတွက်ရော၊ အလုပ်အကိုင် ဖန်တီးရေးအတွက်ပါ ကောင်းတဲ့ လက္ခဏာ ဖြစ်စေမှာပါ။
နောက်ထပ် ကောင်းကျိုးတစ်ခုကတော့ အရည်အသွေး စစ်ဆေးတဲ့ Third Party စနစ် အကောင်အထည် ဖော်မယ့် ကုမ္ပဏီတွေ၊ လုပ်ငန်းတွေ ထွန်းကားလာမယ့် ကိစ္စပါ။ လက်ရှိမှာ မရှိသလောက် ဖြစ်နေတဲ့ အဲလို ကုမ္ပဏီ အမျိုးအစားတွေ နိုင်ငံတကာနည်းတူ ပေါ်ပေါက် ထွန်းကားလာအောင် အားပေးဖို့ လိုပါတယ်။ အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် အစိုးရ ဝန်ကြီးဌာန အနေနဲ့ Third Party စနစ် အကောင်အထည် ဖော်မယ့်အပြင် သုံးနှစ်အတွင်း အစိုးရအလုပ်ကိုပဲ ပီပီပြင်ပြင်လုပ်မယ့် Regulatory Body အဖြစ် ပြောင်းမယ် ဆိုတဲ့ ကိစ္စဟာ အစိုးရယန္တယား အတွင်း ကောင်းမွန်တဲ့ တော်လှန်ပြောင်းလဲမှု တစ်ခု ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။