အခုရက်ပိုင်း ရန်ကုန်က ပြည်သူတွေ စိတ်ဝင်စားနေတဲ့ ကိစ္စ တခုကတော့ ရန်ကုန်တိုင်း လွှတ်တော် အစည်းအဝေးမှာ တိုင်းစာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာကို အမတ်တွေ ပြင်းပြင်းထန်ထန် ဝေဖန် ဆွေးနွေးနေကြတဲ့ ကိစ္စပါ။ ရန်ကုန်တိုင်း စာရင်းစစ်ချုပ်ရဲ့ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာဟာ စာမျက်နှာ ၃၆၃ မျက်နှာပါပြီး နောက်ဆက်တွဲ စာရင်းဇယားတွေလည်း ပါဝင်ပါတယ်။ သိပ်မကြာသေးခင်တုန်းကပဲ အဲဒီ အစီရင်ခံစာ အမတ်တွေကို ဖြန့်ဝေထားပြီး လွှတ်တော်အတွင်းကိုတော့ ၂၅ မျက်နှာပါ အစီရင်ခံစာ အကျဉ်းချုပ် ဖတ်ကြားတင်သွင်းခဲ့ပြီးပါပြီ။ လွှတ်တော်တွင်း ဆွေးနွေးချက်တွေကို လေ့လာရသလောက် အမတ်တွေဟာ အစီရင်ခံစာကို အပိုင်းလိုက်ခွဲပြီး ဝေဖန် ဆွေးနွေးပုံရပါတယ်။ ဒါဟာ လွှတ်တော်ဘက်က အမတ်တစ်ယောက်ကို ဆွေးနွေးချိန် ၁၀ မိနစ်လောက်ပဲ ပေးတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ စာရင်းစစ်ချုပ် အစီရင်ခံစာထဲမှာ ဘာတွေ ဖော်ပြထားသလဲ၊ တိုင်းအမတ်တွေ ဘယ်လောက် ဝေဖန်နေကြသလဲ၊ အဲဒီကနေ ဘာတွေ ကောက်ချက်ချနိုင်မလဲ ဆိုတာ ခုတပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။
စာရင်းစစ်ချုပ် အစီရင်ခံစာ မှာပါတဲ့ အရင် အစိုးရခေတ်က မသမာတဲ့ လုပ်ရပ်တချို့ကတော့ ဒဂုံအရှေ့မြို့နယ် မလစ်ကျေးရွာ အုပ်စုက မြေဧက ၅၅၀ ကို Excellent Fortune Construction ကုမ္ပဏီကို မြေငှားစာချုပ်ချုပ်ဆိုပြီး ၅ ရက်အတွင်း ဂရန်ချထားပေးလိုက်တဲ့ ကိစ္စ၊ အဲဒီ ကျေးရွာက နောက်ထပ် မြေဧက ၄၀၀ ကို အသေးစား စက်မှုဥယျဉ် ထူထောင်ဖို့ ဆိုပြီး မြို့တော်သစ် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီကို ၂၀၁၅ ဒီဇင်ဘာလက ငှားရမ်း စာချုပ်ချုပ်ပေးတဲ့ ကိစ္စ၊ ဒါပေမယ့် ထူးခြားတာက ငှားရမ်း စာချုပ် ချုပ်မပေးမီ တလ အလိုကတည်းက မြေငှားဂရမ်တွေ ထုတ်ပေးပြီး ဖြစ်တာကိုလည်း အံ့သြစရာ တွေ့ရတယ်လို့ တိုင်းအမတ် ဦးနေဘုန်းလတ်က ထောက်ပြပြီး ရန်ကုန်တိုင်း အစိုးရအနေနဲ့ ပြန်လည် စိစစ်ဖို့ အဆိုပြုထားပါတယ်။
လက်ရှိ အချိန်ထိ အများနဲ့ သက်ဆိုင်နေတဲ့ ကိစ္စတခုကတော့ ရန်ကုန်မှာ ခေတ်မီ မီးပွိုင့်အချက်ပြ စနစ် တပ်ဆင်ဖို့ တရုတ်-မြန်မာ ဖက်စပ် မြန်မာ့ရွှေရောင် ကုမ္ပဏီကို ကျပ်ငွေ ၁၉ ဘီလျံနီးပါးနဲ့ တင်ဒါ ပေးထားတဲ့ ကိစ္စပါ။ စာချုပ်ပါ အချက်အရ သတ်မှတ်ချိန် လုပ်ငန်း မပြီးရင် တရက် ဒါဏ်ကြေး တစ်သိန်း ပေးရမယ်လို့ ပါဝင်ပါတယ်။ လုပ်ငန်းကို ၂၀၁၆ ဖေဖေါ်ဝါရီလက စတင်ပြီး သြဂုတ်လ ၂၃ ရက်နေ့မှာ အပြီးသတ်ရမယ်၊ မပြီးရင် တရက် ဒါဏ်ငွေ ကျပ် တစ်သိန်း ဆောင်ရမယ်လို့ ဆိုထားလေတော့ ဒီကနေ့ အချိန်ထိဆို ကျပ်ငွေ သိန်း ၇၃၀ ကျော် ဆောင်ရမှာ ဖြစ်ပေမယ့် ကျပ်ငွေ သိန်း ၂၁၀ ပဲပေးသွင်းထားလို့ အစိုးရဘက်က ရစရာ ကျပ် သိန်းပေါင်း ၅၂၀ ကျော် ကျန်နေပါသေးတယ်။ အခြားတဖက်မှာ လုပ်ငန်းကလည်း ဒီကနေ့အချိန်ထိ မပြီးပြတ်နိုင်သေးပါဘူး။ အဲဒီ ပြသနာနဲ့ အလားသဏ္ဍာန် တူတာတွေကတော့ ရန်ကုန်တိုင်း အစိုးရကနေ ပုဂ္ဂလိကကို ကန်ထရိုက်ပေးပြီး ဈေးတွေ တည်ဆောက်ခိုင်းနေတဲ့ ကိစ္စပါ။ တာမွေမြို့နယ်က ရာပြည့်ဈေး၊ အင်းစိန်မြို့နယ်က တညင်းကုန်းဈေးနဲ့ မြောက်ဥက္ကလာက သီရိရတနာ လက်ကားဈေးတွေဟာ သတ်မှတ်ချိန်မှာ ပြီးအောင် တည်ဆောက်နိုင်ခြင်း မရှိလို့ ပြည်သူတွေ ထိခိုက်နေရတဲ့ ကိစ္စပါ။ ဒါကြောင့် စာချုပ်ပါစည်းကမ်းများအတိုင်း စနစ်တကျနဲ့ ကျေပွန်စွာဆောင်ရွက်နိုင်သော ကုမ္ပဏီများနှင့်သာ ဆောင်ရွက်စေလိုပြီး စည်းကမ်းအတိုင်းမလုပ်နိုင်တဲ့ကုမ္ပဏီတွေကို စာချုပ်ဖျက်သိမ်းခြင်း၊ လုပ်ငန်းထပ်မံ အပ်နှံမှုမပြုခြင်း စတဲ့ ပြောင်းလဲမှုတွေလုပ်ဖို့ ဦးနေဘုန်းလတ်က အကြံပြုပါတယ်။
အစီရင်ခံစာထဲမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုယ်တိုင် ဦးဆောင် အကောင်အထည် ဖော်ခဲ့တဲ့ ဘတ်စ်ကား ကုမ္ပဏီ နှစ်ခုဟာ ဘတ်စ်ကားအသစ် အစီး ၁၀၀၀ ကို ကျပ်ငွေ ၇၈ ဘီလျံသုံးပြီး ဝယ်ခဲ့တဲ့ ကိစ္စပါပါတယ်။ အစိုးရငွေ မလောက်လို့ ဧရာဝတီဘဏ်ကနေ ကျပ် ၈ ဘီလျံလောက် ချေးခဲ့ရပါသေးတယ်။ စာရင်းစစ်ချုပ် အစီရင်ခံစာအရ အဲဒီ ဘတ်စ်ကားပြေးဆွဲတဲ့ လုပ်ငန်းကနေ ကျပ် ၄ ဘီလျံနီးပါးလောက် အရှုံးပေါ်နေတယ်လို့ ဆိုထားပါတယ်။ အလားတူ အစိုးရငွေ ကျပ် ၅ဘီလျံ၊ ကမ္ဘောဇ ဘဏ်ကချေးငွေ ကျပ် ၅ ဘီလျံခွဲ စုစုပေါင်း ကျပ်ငွေ ၁၀ ဘီလျံခွဲကျော် စိုက်ထုတ်ပြီး ကိုရီးယားနိုင်ငံက ကျောင်းဘတ်စ်ကား အစီး ၂၀၀ ဝယ်ယူထားတဲ့ ကိစ္စကလည်း နောင် အရှုံးပေါ်မှာ သေခြာနေတဲ့ လုပ်ငန်းကြီး ဖြစ်နေပြန်ပါတယ်။ ဒီ ပြသနာနဲ့ ပတ်သက်ပြီး တိုင်းအစိုးရအနေနဲ့ ဘဏ်ချေးငွေတွေ ရယူရာမှာ လွှတ်တော်ရဲ့ သဘောထား ရယူထားခြင်းမရှိလို့ ပုဂ္ဂလိက က ငွေချေးတဲ့ သဘောဖြစ်နေလို့ အကြွေးတွေကို ပြန်ဆပ်ဖို့ လွှတ်တော်က သဘောမတူနိုင်ဘူးလို့ အမတ်ဒေါ်စန္ဒာမင်းက တင်းတင်းမာမာ ဆိုပါတယ်။
အရင်အစိုးရခေတ်က ရန်ကုန်မှာ အလွန်တန်ဘိုးကြီးလှတဲ့ မြကျွန်းသာ အပန်းဖြေ ဥယျာဉ်ထဲက မြေ ၄၂ ဧက၊ ကုမ္ပဏီ ၈ ခုကို မဆိုစလောက်ဈေးနှုန်းနဲ့ ငှားရမ်းပေးထားတဲ့ ပြသနာကိုလည်း အမတ်ဦးလှဌေးက ဝေဖန်ပါတယ်။ အဲဒီ ကုမ္ပဏီတွေကို လုပ်ငန်း ဆက်မလုပ်ဖို့ ညွှန်ကြားထားပေမယ့် စားသောက်ဆိုင်ကြီး ၂ ဆိုင် ဖွင့်လှစ်ရောင်းချနေတာ၊ ကျန် ကုမ္ပဏီတွေနဲ့ ပတ်သက်ပြီး တိကျတဲ့ ဆုံးဖြတ်ချက် ချမပေးနိုင်သေးတာ အတွက်လည်း သူက ထောက်ပြပါတယ်။ အလားတူ အိမ်ယာတွေ ဆောက်လုပ်ရာမှာလည်း အစိုးရဘက်က ကျပ် ၄-၅ ဘီလျံမက နစ်နာနေတဲ့ ပြသနာတွေကိုလည်း ဝေဖန်ကြပါတယ်။
စာရင်းစစ်ချုပ် အစီရင်ခံစာတင်တိုင်း ပါလေ့ရှိတာက အရင် အစိုးရလက်ထက်က ကန်တော်ကြီးစောင်းလို၊ ပြည်သူ့ဥယျာဉ်လို နေရာမျိုးက မြေတွေကို ဈေးပေါပေါနဲ့ ချထားပေးတဲ့ ကိစ္စပါ။ ဈေးနှုန်းတွေ ပြင်ဆင်တယ် ဆိုပေမယ့် လက်ရှိ ပြင်ပပေါက်ဈေးထက် အများကြီး နည်းနေတဲ့အတွက် အစိုးရဘက်က နစ်နာနေတဲ့ကိစ္စကိုလည်း ပြန်သုံးသပ်ဖို့ တိုင်းအမတ် ဦးလှဌေးက ထောက်ပြပါတယ်။ အလားတူ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ YCDC နဲ့ ရွှေနေခြည် ဝန်ဆောင်မှု ကုမ္ပဏီ ပူးပေါင်းပြီး CITY FM အသံလွှင့်လုပ်ငန်း လုပ်ရာကနေ ကုမ္ပဏီက အမြတ်တွေ အများကြီးရပြီး အစိုးရဘက်က အမြတ်နည်းနည်းပဲ ရနေတဲ့ ခွဲဝေမှုကိုလည်း ဦးနေဘုန်းလတ်က မေးခွန်းထုတ်ပါတယ်။
စာရင်းစစ်ချုပ် အစီရင်ခံစာနဲ့ ပတ်သက်ပြီး တိုင်းလွှတ်တော် အမတ်တွေ ဝေဖန်တာကိုအနှစ်ချုပ်ကြည့်လိုက်ရင် လက်ရှိ ရန်ကုန်တိုင်း အစိုးရနဲ့ ရန်ကုန်မြို့တော် စည်ပင် တာဝန်ရှိသူတွေဟာ အစိုးရ ဒါမှမဟုတ် ပြည်သူတွေဘက်က ကျပ်ငွေ ဘီလျံပေါင်းများစွာ နစ်နာနေတာတွေကို ကောင်းကောင်း စီမံခန့်ခွဲနိုင်ပုံ မရဘူးလို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်ပြီး အင်န်အယ်လ်ဒီ အမတ်တချို့က စည်ပင်၊ ဌာန ဆိုင်ရာတွေနဲ့ အခြား ဌာနဆိုင်ရာတွေမှာ တာဝန်ယူနေတဲ့ ၊ လာဘ်စားတဲ့ စစ်အရာရှိဟောင်း ဌာနမှူးတွေကို အပြစ်တင်ကြတာမျိုးလည်း ရှိပါတယ်။ ကုမ္ပဏီထောင်၊ ဘတ်စ်ကားတွေ ဝယ်ယူပြေးဆွဲတဲ့ ကိစ္စ၊ ကျောင်းကားတွေ ဝယ်ယူပြေးဆွဲတဲ့ ကိစ္စကတော့ လက်ရှိ ရန်ကုန်တိုင်း အစိုးရ၊ ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေရဲ့ လုပ်ရည်ကိုင်ရည် အရည်အချင်း အားနည်းတာ၊ လွှတ်တော်ကို ကျော်လွန်ပြီး ကိုယ့်သဘောနဲ့ကိုယ် လုပ်ကိုင်နေတာတွေကို ဝေဖန်ကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ရန်ကုန်တိုင်း အမတ်တွေဟာ တိုင်းစာရင်းချုပ် အစီရင်ခံစာအပေါ် မူတည်ပြီး ဦးဖြိုးမင်းသိန်း ဦးဆောင်တဲ့ တိုင်းအစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ လုပ်ခဲ့သလို၊ အဲဒီ စာရင်းစစ်ချုပ် အစီရင်ခံစာကိုလည်း တခဲနက် အတည်ပြုခဲ့ကြပါတယ်။ ဒီအတွက် ရန်ကုန်တိုင်း အစိုးရဟာ ပြည်သူ့ဘဏ္ဍာ ကျပ်ငွေ ဘီလျံပေါင်းများစွာ အကုန်ကျခံ လုပ်မယ့် စီးပွားရေးလုပ်ငန်းကြီးတွေကို ငါတကောကော မလုပ်သင့်သလို၊ အစိုးရဘက်က ကျပ်ငွေ ဘီလျံရာနဲ့ချီ နစ်နာနေတဲ့ကိစ္စတွေကိုလည်း တိတိကျကျ တာဝန်ယူ ဖြေရှင်းရပါမယ်။ ဒါတင်မက ဒီကနေ့ထက်တိုင် အောက်ခြေမှာ ဖြစ်ပျက်နေသေးတဲ့ အကျင့်ပျက် ခြစားမှု ပြသနာကိုလည်း အမတ်တွေနဲ့ ပူးပေါင်း ကိုင်တွယ် ဖြေရှင်းသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။