သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စရဖ ကို ဘာတာဝန်တွေ ပေးထားသလဲ၊ ဘယ်ဖက်ကို ဦးတည်နေသလဲ


မေလ ၁၀ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ စရဖ ကို မေးခွန်းထုတ်ခဲ့တဲ့ အင်န်အယ်လ်ဒီ အမတ် ဦးခင်ဇော် (ယာ)၊ တုန့်ပြန်ဖြေကြားခဲ့တဲ့ ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် (ဝဲ)
မေလ ၁၀ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ စရဖ ကို မေးခွန်းထုတ်ခဲ့တဲ့ အင်န်အယ်လ်ဒီ အမတ် ဦးခင်ဇော် (ယာ)၊ တုန့်ပြန်ဖြေကြားခဲ့တဲ့ ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် (ဝဲ)

ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်က အင်န်အယ်လ်ဒီ အမတ် ဦးခင်ဇော်က ထူးခြားတဲ့ မေးခွန်းတစ်ခု တင်သွင်းခဲ့ပါတယ်။ သူ့မေးခွန်းကတော့ “လွှတ်တော် ကိုယ်စားလှယ်များဇ။် လှုပ်ရှားမှုများ အပေါ် စစ်ဘက်ဆိုင်ရာ လုံခြုံရေး “စရဖ” အဖွဲ့များဇ။် ဆောင်ရွက်ချက်များသည် ဥပဒေနှင့် ညီညွတ်ခြင်း ရှိမရှိ” ဆိုတာပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒီ ပြသနာ ဖြစ်နေခဲ့တာ အချိန် အတော်လေး ကြာမြင့်ခဲ့ပြီး အခုမှ လွှတ်တော်အတွင်း မေးခွန်းအဖြစ် ရောက်လာတာပါ။ သူ့ရဲ့ မေးခွန်းဟာ တိုင်းပြည်မှာ အရေးအကြီးဆုံး ပုဂ္ဂိုလ်တွေလို့ သတ်မှတ်နိုင်တဲ့ ရွေးကောက်ခံ ဥပဒေပြု အမတ်တွေရဲ့ အခန်းကဏ္ဍနဲ့ သူတို့ အပေါ် စစ်ဘက်ဆိုင်ရာက ဘယ်လို သဘောထားနေသလဲ၊ တပ်မတော်က အရပ်ဘက် စစ်ဘက် ဆက်ဆံရေးကို ဘယ်နည်း ဘယ်ပုံ ပုံဖော်နေသလဲ ဆိုတာကို မေးလိုက်တဲ့ မေးခွန်းလည်း ဖြစ်ပါတယ်။ မေးခွန်းနဲ့ ပတ်သက်ပြီး ဦးခင်ဇော် ဘာပြောသလဲ၊ ဒါကို ကာကွယ်ရေး ဝန်ကြီးဌာန ဘက်က ဘယ်လို ပြန်ဖြေသလဲ၊ ဒီကိစ္စ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေအပေါ် ဘယ်လို သက်ရောက်မှု ရှိနေသလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခုတစ်ပတ် အဲဒီအကြောင်း ဆွေးနွေး တင်ပြသွားပါ့မယ်။

လွှတ်တော်တွင်းမှာ အင်န်အယ်လ်ဒီ အမတ် ဦးခင်ဇော် ပြောတာက သူတို့ အနေနဲ့ လွှတ်တော် နားချိန်မှာ ကိုယ့်မဲဆန္ဒနယ် ကိုယ်သွား၊ မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံပြီး လွှတ်တော် အတွေ့အကြုံ ရှင်းလင်းတာ၊ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေ ဖိတ်ကြားလို့ အခန်းအနားတွေ၊ အစည်းအဝေးတွေ တက်ရောက်ရတာ စတာတွေကို ဆောင်ရွက်ရတဲ့အကြောင်း၊ အဲဒီလို ဆောင်ရွက်တဲ့နေရာမှာ စစ်ဘက်ဆိုင်ရာ လုံခြုံရေး စရဖ တပ်ဖွဲ့ဝင်တွေကနေ အမတ်တွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်တာ၊ သတင်းရယူတာ၊ အသံဖမ်းတာ၊ ဓာတ်ပုံရိုက်ယူတာတွေ လုပ်တယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ အာဏာပိုင်တွေနဲ့ အတူ တက်ရတဲ့ အစည်းအဝေးတွေ အခန်းအနားတွေမှာ အဲလို လုပ်တာ ပြသနာ မရှိပေမယ့် လွှတ်တော် အမတ်တွေနဲ့ သူ့မဲဆန္ဒရှင်တွေ တွေ့ဆုံပွဲလိုမျိုးမှာ စောင့်ကြည့်တာ၊ သတင်းယူတာ၊ ဓာတ်ပုံရိုက်တာ၊ အသံဖမ်းတာ မျိုးတွေကတော့ မဲဆန္ဒရှင်တွေရော၊ အမတ်တွေ ကိုယ်တိုင်ပါ လွတ်လပ်မှု မရှိသလို၊ လုံခြုံမှု မရှိသလို၊ တရားဥပဒေ မရှိသလို ခံစားနေရတယ်လို့ ဆိုပါတယ်။ ဒီ လုပ်ရပ်တွေဟာ ၂၀၁၇ ခုနှစ်က ပြဌာန်းခဲ့တဲ့ “နိုင်ငံသားများဇ။် ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ” နဲ့ရော ညီညွတ်ပါရဲ့လား ဆိုပြီး မေးခွန်းထုတ်သွားခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ ကော့သောင်း အမတ် ဦးခင်ဇော် မေးမြန်းသွားတာတွေဟာ ရာနဲ့ချီတဲ့ လွှတ်တော် အမတ်တွေ ဒီကနေ့ ကြုံနေရတဲ့ ပြသနာကြီး တစ်ခုဖြစ်ပါတယ်။ အမတ်တွေနဲ့ မဲဆန္ဒရှင်တွေရဲ့ တွေ့ဆုံပွဲတွေ ဆိုတာဟာ ပြည်သူတွေကနေ ဥပဒေပြု အမတ်တွေကို သူတို့ကြုံနေရတဲ့ အခက်အခဲ ပြသနာ မျိုးစုံကို ပွင့်ပွင့်လင်းလင်း တင်ပြရတဲ့ ပွဲမျိုးပါ။ ဒေသဆိုင်ရာ အာဏာပိုင်တွေ မကောင်းဘူးဆို မကောင်းဘူး၊ ဖိနှိပ်တယ် ဆိုရင် ဖိနှိပ်တယ်၊ ဥပဒေ ချိုးဖေါက်တယ် ဆိုရင် ချိုးဖေါက်တယ် အစရှိသဖြင့် အကြောက်အလန့် မရှိ ပြောဆိုနိုင်ရမယ့် ပွဲမျိုးပါ။ ဒါပေမယ့် အဲလိုပွဲမျိုးတွေမှာ စရဖ၊ တနည်းအားဖြင့် စစ်ထောက်လှမ်းရေး တွေ ရှိနေ၊ အမတ် အပါအဝင် ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေရိုက်၊ အသံတွေဖမ်း လုပ်ပြနေတာဟာ တနည်းအားဖြင့် ပြည်သူလူထု လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ခြင်း မရှိအောင် သွယ်ဝိုက် ခြိမ်းခြောက်လိုက်သလိုပါပဲ။

ဒါနဲ့ ပတ်သက်ပြီး ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် ပြန်ဖြေတာက အမတ်တွေ အနေနဲ့ သူတို့အလုပ် သူတို့ လုပ်တာ ပွင့်လင်းမြင်သာမှု ရှိရှိ လုပ်နေတာသာ ဖြစ်တယ်၊ စရဖ တွေကလည်း သက်ဆိုင်ရာ နယ်မြေထဲက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးနဲ့ ဒေသဖွံ့ဖြိုးရေး ထူးခြား သတင်း ရယူတာမျိုးပဲဖြစ်ပြီး အမတ်တွေကို ပုဂ္ဂိုလ်ဆိုင်ရာ စောင့်ကြည့်သတင်းရယူခြင်းမျိုး မဟုတ်တဲ့အကြောင်း၊ ဒါကြောင့် စရဖ အဖွဲ့ဝင်တွေရဲ့ ဆောင်ရွက်ချက်တွေဟာ ဥပဒေချိုးဖေါက်ရာ မရောက်ကြောင်း ဖြေကြားသွားခဲ့ပါတယ်။

အခုလို အလားတူ ပြသနာမျိုး အရင် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်ကလည်း ရှိခဲ့ဖူးပါတယ်။ အဲဒီအချိန်က ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဌ ဖြစ်တဲ့ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးဆန်းဆင့်ဟာ ခုလိုပဲ စရဖ အဖွဲ့ဝင်တွေရဲ့ တကောက်ကောက်လိုက်တာ ခံရပါတယ်။ ဒါတင်မက ဦးဆန်းဆင့် ပြန်သွားပြီးနောက်ပိုင်း သူတည်းခိုခဲ့ရာက လူတွေ၊ သူတွေ့ဆုံခဲ့သူတွေကို စရဖ က ပြန်စစ်ဆေးမေးမြန်းတာ လုပ်ခဲ့လို့ အဲဒီ ပြသနာ ဧရာဝတီတိုင်း လွှတ်တော်ထဲအထိ ရောက်ခဲ့ပါသေးတယ်။ နောက်ပိုင်း အားလုံးသိကြပြီဖြစ်တဲ့အတိုင်း တိုင်းလွှတ်တော် ဥက္ကဌ ကနေ သာသနာရေး ဝန်ကြီး ဖြစ်သွားတဲ့ ဦးဆန်းဆင့်ဟာ ကျပ် သိန်း ၁၀၀ မရှိတဲ့ ငွေကြေးကို မလျော်မကန် လုပ်မှုနဲ့ ထောင်ဒါဏ် နှစ်ရှည် ချမှတ်တာ ခံလိုက်ရပါတယ်။

ဒီနေရာမှာ တကယ်မေးခွန်းထုတ်ဖို့ လိုတာက စရဖ အဖွဲ့ဝင်တွေကို တပ်မတော်ခေါင်းဆောင်တွေက ပေးအပ်ထားတဲ့ တာဝန်ပါ။ ဗိုလ်ချုပ်မြင့်နွယ်ရဲ့ အဖြေမှာ သူတို့ တာဝန်ဟာ သက်ဆိုင်ရာ နယ်မြေထဲက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးနဲ့ ဒေသဖွံ့ဖြိုးရေး ကိစ္စကို စောင့်ကြည့် စုံစမ်းထောက်လှမ်း ဖို့ ဆိုတဲ့ သဘော တွေ့နိုင်ပါတယ်။ တပ်မတော်တစ်ရပ် အတွက် ဒီကိစ္စတွေ စုံစမ်းထောက်လှမ်းဖို့ လိုသလား မေးခွန်း ထုတ်စရာပါ။ တကယ်တော့ အရင် စစ်အာဏာရှင် အစိုးရလက်ထက်တုန်းက အတိုက်အခံ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေကို ဖိနှိပ် ချေမှုန်းဖို့ စစ်ထောက်လှမ်းရေး အဖွဲ့၊ ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့သလို၊ စစ်ထောက်လှမ်းရေး အဖွဲ့ကို ဖျက်သိမ်းပြီး နောက်ပိုင်း စရဖ အဖွဲ့ကို ဆက်ပြီး အမွေဆက်ခံခိုင်းတဲ့ သဘော ဖြစ်နေပါတယ်။ အရင် ခေတ်အခါက စစ်အစိုးရ တစ်ရပ် အနေနဲ့ အတိုက်အခံ အဖွဲ့အစည်း၊ နိုင်ငံရေးသမားတွေကို ကိုင်တွယ်ဖို့ ဒီလို လုပ်ငန်းလုပ်တာကို နားလည်နိုင်ပေမယ့် ဒီကနေ့ အင်န်အယ်လ်ဒီ ပါတီကိုယ်တိုင် အစိုးရဖြစ်၊ လွှတ်တော်ကိုလည်း လွှမ်းမိုးထားနိုင်တဲ့ အခြေအနေအောက်မှာ တပ်မတော်က ဖွဲ့စည်းပေးထားတဲ့ စရဖ အဖွဲ့ရဲ့ အဲဒီ နိုင်ငံရေး ရည်ရွယ်ချက် ပါတဲ့ လုပ်ရပ်ဟာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် စိုးရိမ်စရာကောင်းသလို မေးခွန်းထုတ်ရမယ့် ကိစ္စလည်း ဖြစ်နေပါတယ်။

ဒါနဲ့ ပတ်သက်ပြီး တကောင်း နိုင်ငံရေး သုတေသန အဖွဲ့ရဲ့ ဒါရိုက်တာ ကိုရဲက နိုင်ငံရေးသမားကြီး ဦးတင်မောင်ဝင်း ရေးသားတဲ့ “ နိုင်ငံရေးသမားနှင့် ကျနော်” စာအုပ်ပါ ၁၉၆၀ ရွေးကောက်ပွဲအပြီး ဦးနုရဲ့ ပထစ ပါတီ အနိုင်ရပြီး အခြေအနေနဲ့ နှိုင်းယှဉ်သင့်ကြောင်း သုံးသပ်ပြပါတယ်။ အဲဒီအချိန်က စစ်ထောက်လှမ်းရေးဟာ နိုင်ငံရေးသမားတွေ၊ လွှတ်တော် အမတ်တွေနဲ့ အစိုးရအဖွဲ့ဝင်တွေပါ မကျန် သတင်းလိုက်ယူတယ် ဆိုပြီး နောက်က တကောက်ကောက် လိုက်ခဲ့ကြကြောင်း၊ အဲလို အခြေအနေကြောင့် နိုင်ငံရေးသမားတွေ၊ လွှတ်တော် အမတ်တွေတင်မက အစိုးရအဖွဲ့ဝင်တွေပါ အနေကျုံ့ခဲ့ကြကြောင်း၊ နောက်ပိုင်း ဗိုလ်ချုပ်ကြီးနေဝင်း စစ်အာဏာသိမ်းတာနဲ့ အဆုံးသတ်သွားကြောင်း သတိပြုစရာ ဖော်ပြထားပါတယ်။

ပြောရရင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ ကြိုးစားနေပြီး ဒါကို တပ်မတော် ခေါင်းဆောင်တွေကလည်း မငြင်းပယ်ပါဘူး။ ဒီမိုကရေစီ စနစ်ဆိုတာ ပြည်သူလူထု ရွေးချယ်တဲ့သူတွေ ဥပဒေပြု၊ အုပ်ချုပ်တဲ့ စနစ်ဖြစ်ပြီး ပြည်သူလူထုကို ယုံကြည်ဖို့ လိုပါတယ်။ ဒါကြောင့် တပ်မတော် ခေါင်းဆောင်တွေ အနေနဲ့ ပြည်သူလူထုကိုရော၊ ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ ဥပဒေပြု အမတ်တွေ၊ အစိုးရအဖွဲ့ဝင်တွေကိုပါ ယုံကြည်သင့်ပါတယ်။ တပ်မတော် ခေါင်းဆောင်တွေ အနေနဲ့ ကိုယ့်ရဲ့အင်အားတွေကို ပြည်သူလူထု လုံခြုံရေးနဲ့ နိုင်ငံတော် လုံခြုံရေး ကိစ္စတွေမှာ ပိုပြီး အာရုံစိုက်သင့်သလို၊ စရဖ ကိုပေးထားတဲ့ တာဝန်တွေနဲ့ ပတ်သက်ပြီး ပြန်သုံးသပ် သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG