သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ရဲ့ တိုင်းရင်းသား ရေးရာကော်မတီ အလုပ်ဖြစ်မှာလား


အစည်းအဝေးတက်ရောက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ (ဓါတ်ပုံ- National League for Democracy's Facebook)
အစည်းအဝေးတက်ရောက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ (ဓါတ်ပုံ- National League for Democracy's Facebook)
တိုက်ရိုက် လင့်ခ်


Zawgyi/ Unicode

ပြီးခဲ့တဲ့ ၂၀၂၀ ဇန်နဝါရီ ၂ ရက်နေ့က အာဏာရ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ အတွက် ရည်ရွယ်ပြီး “ ဗဟို တိုင်းရင်းသားရေးရာ ကော်မတီ ” တစ်ရပ်ကို ဖွဲ့စည်းလိုက်တယ်လို့ ထုတ်ပြန်ကြေငြာပါတယ်။ ကော်မတီကို အင်န်အယ်လ်ဒီ ပါတီရဲ့ ကချင်တိုင်းရင်းသား ပြည်သူ့လွှတ်တော်အမတ် ဦးအင်ထုံးခါးနော်ဆမ် ကို ဥက္ကဌ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကို ဒုဥက္ကဌ(၁)၊ ဒေါက်တာတင်မျိုးဝင်းကို ဒုဥက္ကဌ(၂) တာဝန် ပေးပြီး ဖွဲ့စည်းထားတာ တွေ့ရပါတယ်။ ဒီ ကော်မတီဟာ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်မယ်လို့ အကြမ်းဖျဉ်း လျာထားပေမယ့် ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်မြေ အပေးအယူ လုပ်တာမျိုးတော့ လုံး၀ ဆွေးနွေးမှာ မဟုတ်ဘူးလို့ အင်န်အယ်လ်ဒီ ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ပြောဆိုထားပါတယ်။ လက်ရှိ အင်န်အယ်လ်ဒီ ပါတီနဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေရဲ့ ဆက်ဆံရေး အခြေအနေ ဘယ်လို ရှိနေသလဲ၊ အာဏာရ အင်န်အယ်လ်ဒီ ပါတီဟာ ဒီမိုကရေစီ ဖက်ဒရယ် နိုင်ငံ တည်ဆောက်မယ်လို့ ကြွေးကြော်နေသလို တကယ်ပဲ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နေသလား၊ အခု ဖွဲ့စည်းလိုက်တဲ့ တိုင်းရင်းသား ရေးရာ ကော်မတီကရော အကျိုးဖြစ်ထွန်းတာတွေ လုပ်နိုင်မလား ဆိုတာ လေ့လာ တင်ပြသွားပါ့မယ်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေ စတင် တည်ထောင်ခွင့်ပြုလိုက်ချိန်ကစ ၂၀၁၅ အင်န်အယ်လ်ဒီ ပါတီ ရွေးကောက်ပွဲ အနိုင်ရချိန်အထိ အင်န်အယ်လ်ဒီ နဲ့ တိုင်းရင်းသားပါတီတွေ ဆက်ဆံရေး အလွန်ကောင်းခဲ့ပါတယ်။ အထူးသဖြင့် ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်တွေရဲ့ ဖိစီးနှိပ်စက်မှုအမျိုးမျိုးကို အတူတကွ ကြံ့ကြံ့ခံ တွန်းလှန်ခဲ့ကြတဲ့ သမိုင်းကြောင်း ရှိခဲ့လို့ပါပဲ။ ၂၀၁၀ ခုနှစ်မှာ စစ်အာဏာရှင်တွေက သူတို့ဖာသာ သူတို့ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အသုံးပြုပြီး သူတို့ကိုယ်တိုင် ကြီးကြပ်ကျင်းပပေးတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မှု၊ တရားမျှတမှု မရှိလို့ အင်န်အယ်လ်ဒီ ပါတီ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုခဲ့သလို၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD အပါအဝင် ကာလကြာရှည် မဟာမိတ်ဖြစ်ခဲ့တဲ့ တိုင်းရင်းသားပါတီတွေကလည်း ဝင်ရောက် ယှဉ်ပြိုင်တာ မလုပ်ခဲ့ကြပါဘူး။ ဒီအတွက် စစ်အာဏာရှင်တွေ ကျင်းပပေးတဲ့ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲရလာဒ်ဟာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပြီး၊ နောက်ပိုင်း ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ တွေကို ပြင်ပေးတာ၊ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ အင်န်အယ်လ်ဒီ အမတ်တွေကို လွှတ်တော်တွင်း ခေါ်သွင်းတဲ့ အခြေအနေ ရောက်စေခဲ့ပါတယ်။

အဲဒီ ကာလကြာရှည် မဟာမိတ်ဖြစ်ခဲ့တဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ သဘောထား ကွဲလွဲမှုဟာ ၂၀၁၆ ခု နှစ်ဆန်း အင်န်အယ်လ်ဒီ ပါတီ အစိုးရ ဖွဲ့ချိန်က စ ပါတယ်။ အင်န်အယ်လ်ဒီ ပါတီ ခေါင်းဆောင်တွေဟာ ရွေးကောက်ပွဲမှာ သမ္မတ ရွေးနိုင်၊ အစိုးရဖွဲ့နိုင်လောက်တဲ့ အထိ မဲအပြတ်အသတ် အနိုင်ရခဲ့ပေမယ့် အစိုးရဖွဲ့တဲ့အခါ မဟာမိတ် တိုင်းရင်းသားပါတီတွေက တိုင်းရင်းသားတွေ စုံစုံညီညီ ထည့်သွင်း ဖွဲ့စည်းတယ် ဆိုတဲ့ ပုံရိပ်ကို လိုချင်ခဲ့ပါတယ်။ ဒါပေမယ့် အစိုးရအဖွဲ့ထဲ ဘယ်သူတွေ ထည့်သွင်းသင့်သလဲ ဆိုတာ သက်ဆိုင်ရာ တိုင်းရင်းသားပါတီတွေနဲ့ တိုင်ပင်တာမျိုး မလုပ်ခဲ့ပဲ ကိုယ့်ဖာသာကိုယ် ရွေးချယ် ကမ်းလှမ်း ခန့်ထားခဲ့တာကြောင့် သဘောထားကွဲလွဲမှု စပြီး ဖြစ်ပေါ်ခဲ့တာပါ။ အထင်ရှားဆုံးကတော့ ကာလကြာရှည် မဟာမိတ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD နဲ့ ဖြစ်ပြီး အင်န်အယ်လ်ဒီရဲ့ ပြည်ထောင်စု အစိုးရ ဝန်ကြီး တစ်နေရာနဲ့ ပြည်နယ်ဝန်ကြီး တစ်နေရာ ပေးမယ့် ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပါတယ်။

အင်န်အယ်လ်ဒီ အစိုးရ တာဝန်ယူပြီး နောက်ပိုင်းကာလမှာလည်း ပြည်ထောင်စု အစိုးရအဖွဲ့၊ ပြည်နယ် အစိုးရအဖွဲ့တွေနဲ့ လွှတ်တော် အသီးသီးရဲ့ လုပ်ဆောင်ချက်တွေဟာ မဟာမိတ် တိုင်းရင်းသားပါတီတွေကို ကျေနပ်မှု မဖြစ်စေခဲ့ပါဘူး။ တကယ်တော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ပြည်ထောင်စု အနှစ်သာရ လုံး၀ မရှိတဲ့ ဖွဲ့စည်းပုံလို့ ပြောနိုင်ပါတယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် ဆိုပြီး နာမည် နှစ်မျိုးနဲ့ လွှတ်တော် နှစ်ရပ် ဖွဲ့စည်းထားပေမယ့် သဘောထား ကွဲလွဲတာတွေ ရှိရင် လွှတ်တော်နှစ်ရပ်ပေါင်း ဆုံးဖြတ်တာကိုကြည့်ရင်ပဲ လွှတ်တော် နှစ်ရပ်ဟာ တန်းတူ မဟုတ်၊ ဟန်ပြ သဘောလောက် ခွဲခြားထားတာ သိမြင်နိုင်ပါတယ်။

ဒါပေမယ့် ဖွဲ့စည်းပုံက ဘယ်လိုပဲ ပြဌာန်းထားပါစေ တကယ်တမ်း အင်န်အယ်လ်ဒီ ပါတီကသာ ဆန္ဒရှိရင် အစိုးရအဖွဲ့လုပ်ရပ်တွေမှာ၊ လွှတ်တော်တွေထဲမှာ ပြည်ထောင်စု ပုံသဏ္ဍာန် ဖြစ်အောင်၊ ဖက်ဒရယ် အနှစ်သာရ ပေါ်အောင် ကောင်းကောင်း အကောင်အထည် ဖော်လို့ ရပါတယ်။ အဓိပ္ပါယ်ကတော့ လွှတ်တော်ထဲ ရောက်လာတဲ့ တိုင်းရင်းသား ပါတီ၊ တိုင်းရင်းသား အမတ်တွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်၊ ပြည်နယ် အရေးအရာ၊ တိုင်းရင်းသား အရေးအရာ၊ ငြိမ်းချမ်းရေး အရေးအရာတွေနဲ့ ပတ်သက်ရင် တိုင်းရင်းသားပါတီတွေရဲ့ သဘောထားနဲ့ တစ်ထပ်တည်းကျအောင် ညှိနှိုင်းဆွေးနွေးပြီးမှ ဆောင်ရွက်တာမျိုးပါ။

တကယ်လက်တွေ့မှာတော့ အဲလို အခြေအနေ ပေါ်ပေါက်မလာရုံမက ကာလကြာရှည် ဒုက္ခ အတူတူ ခံခဲ့ကြတဲ့၊ စစ်အာဏာရှင် စနစ်ကို အတူတကွ တိုက်ပွဲ ဝင်ခဲ့ကြတဲ့ မဟာမိတ် တိုင်းရင်းသား ပါတီတွေနဲ့ ပုံမှန်တွေ့ဆုံပွဲလောက်ကိုတောင် ကျင်းပနိုင်ခြင်း မရှိတော့တာကို တွေ့ကြရလို့ပါပဲ။ ဒီအခြေအနေကို ကြည့်လိုက်ရင် အင်န်အယ်လ်ဒီ ပါတီဟာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်လို့ တဖွဖွ ပြောဆိုနေပေမယ့် တကယ် အခွင့်အရေး ရသည့်တိုင် ဘာကိုမှ ဖြစ်ဖြစ်မြောက်မြောက် အကောင်အထည် ဖော်တာမျိုး မတွေ့ရတာမို့ တကယ်ပဲ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ ဆန္ဒရှိရဲ့လား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ လွှတ်တော်တွင်း၊ အစိုးရအဖွဲ့အတွင်း ဖြစ်ပေါ်နေတဲ့ အင်န်အယ်လ်ဒီ ပါတီရဲ့ ဒီသဘောထားဟာ ငြိမ်းချမ်းရေး တည်ဆောက်ရေးမှာ သွားပြီး ရိုက်ခတ်နေမယ် ဆိုတာကလည်း မေးစရာတောင် မလိုတဲ့ ကိစ္စ ဖြစ်လာပါတယ်။ ခုဆိုရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ကိုယ်တိုင် အင်န်အယ်လ်ဒီ ဟာ တကယ်ပဲ ဖက်ဒရယ် ပြည်ထောင်စုကို တည်ထောင်ချင်ပါရဲ့လား ဆိုတာ တွေးတောစ ပြုလာပါပြီ။

၂၀၀၈ ဖွဲ့စည်းပုံရဲ့ ပေးထားချက်အရ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အင်န်အယ်လ်ဒီ အနေနဲ့ မာန တက်မယ်ဆိုရင်လည်း တက်စရာပါ။ သမ္မတ ရွေးနိုင်၊ အစိုးရဖွဲ့နိုင်ဖို့ ဆိုရင် ပြည်ထောင်စု အဆင့် လွှတ်တော်အတွက် အမတ်နေရာ ၃၃၃ ယောက် နိုင်ဖို့ လိုပါတယ်။ ဖွဲ့စည်းပုံအရ တိုင်း(၇)တိုင်းမှာ အမတ်နေရာ ၂၉၁ နေရာ ရှိပြီး ပြည်နယ်(၇) ခုအတွက် အမတ်နေရာ ၂၀၇ နေရာပဲ ရှိပါတယ်။ တိုင်းရင်းသားပါတီတွေ အလွန်အားကောင်းပြီး ပြည်နယ်တွေမှာ အနိုင်ရမှု များတယ် ဆိုသည့်တိုင် အင်န်အယ်လ်ဒီပါတီဟာ ပြည်နယ်တွေကနေ အမတ်နေရာ ၂၀၀ ကျော်မှာ အမတ် ၅၀-၆၀ လောက် ရရင်ပဲ လွတ်လွတ်ကျွတ်ကျွတ် သမ္မတ ရွေးနိုင်၊ အစိုးရ ဖွဲ့နိုင်ပါပြီ။ ပြည်နယ်တွေမှာ သက်ဆိုင်ရာ တိုင်းရင်းသား မဟုတ်သူတွေ နေထိုင်ပျံ့နှံ့မှု များပြားလာတာ၊ မဲပေးခွင့် ရနေတာကလည်း တိုင်းရင်းသားပါတီ တွေထက် အင်န်အယ်လ်ဒီ လို ပါတီမျိုးကို ပိုပြီး အသာရစေပါတယ်။

ဒါကြောင့်လည်း အင်န်အယ်လ်ဒီ ပါတီဟာ တိုင်းရင်းသားပါတီတွေနဲ့ အမတ်နေရာ၊ မဲဆန္ဒနယ်မြေ ညှိနှိုင်း အလဲအလှယ်လုပ်ပြီး ပြိုင်မှာ မဟုတ်ဘူးလို့ ခပ်တင်းတင်း ပြောဆိုနေတာ ဖြစ်ပါတယ်။ ဒီလို မာန ထောင်လွှားတဲ့ ပြောဆိုချက်ကြောင့်ပဲ ကာလကြာရှည် မဟာမိတ်ဖြစ်ခဲ့တဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA အဖွဲ့ဝင် တိုင်းရင်းသားပါတီတွေက အင်န်အယ်လ်ဒီ နဲ့ ဘာမှ ဆွေးနွေးစရာ မရှိဘူးလို့ ထုတ်ဖော်ပြောဆိုတဲ့ အဆင့် ရောက်ခဲ့ပါပြီ။ ဒီ အချက်တွေကိုကြည့်ရင် အင်န်အယ်လ်ဒီ ပါတီက ဖွဲ့စည်းတဲ့ “ ဗဟို တိုင်းရင်းသားရေးရာ ကော်မတီ ” ဟာ တိုင်းရင်းသား အရေး၊ ပြည်ထောင်စု အရေး၊ ဖက်ဒရယ် အရေးတွေကို စွမ်းဆောင်နိုင်လိမ့်မယ်ဆိုပြီး မျှော်လင့်လို့ ရနိုင်မယ် မဟုတ်ကြောင်းပါ။

---------------------


XS
SM
MD
LG