(Zawgyi/ Unicode)
မြန်မာ့နိုင်ငံရေးမှာ အရေးအကြီးဆုံးလို့ ပြောဆိုနေကြတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ရပ်တန့်နေ၊ လွှတ်တော်ထဲက ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးကလည်း အင်န်အယ်လ်ဒီ နဲ့ တပ်မတော် ကိုယ်စားလှယ်တွေကြား အငြင်းပွားကြလို့ မပြီးသေးခင် အခုနောက်ဆုံး ပေါ်လာတဲ့ ပြသနာ တစ်ခုကတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်ထားတဲ့ လွှတ်တော်ထဲက တပ်မတော်သား ကိုယ်စားလှယ်တွေ ရပ်ထဲ ရွာထဲ ဆင်းပြီး ပြည်သူလူထုနဲ့ တွေ့ဆုံ စည်းဝေးတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေကတော့ ကာကွယ်ရေး ဦးစီးချုပ်က ညွှန်ကြားလို့ နီးစပ်ရာ ဒေသ ကွင်းဆင်းရတာ၊ စည်းရုံးရေး လုပ်တာ မဟုတ်ဘူး၊ နိုင်ငံရေး ရည်မှန်းချက် ရှိလို့ မဟုတ်ဘူး ဆိုပြီး ပြောဆိုနေကြသလို၊ အင်န်အယ်လ်ဒီ ပါတီ ဘက်ကတော့ တပ်မတော်ဘက်က ဒီလုပ်ရပ်ဟာ တည်ဆဲဥပဒေ နည်းဥပဒေတွေနဲ့ ဆန့်ကျင်နေလို့ ပြည်သူလူထု နစ်နာနိုင်တယ်၊ ဒါကြောင့် ကန့်ကွက်တယ်၊ ဒါ့အပြင် တပ်ကို နိုင်ငံရေးပါတီ ပုံစံဖြစ်လာအောင် Politicized လုပ်လာမှာစိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုထားကြပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်ထားတဲ့ လွှတ်တော် အသီးသီးရဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ ခုလို ရပ်ထဲ ရွာထဲ ဆင်းပြီး ပြည်သူတွေနဲ့ တွေ့ဆုံ စည်းဝေးပွဲတွေ လုပ်သင့်ပါရဲ့လား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းတဲ့ အငြင်းအခုံ တစ်ခု ဖြစ်လာနိုင်ပါတယ်။ ခုတစ်ပတ် အဲဒီအကြောင်း ဆွေးနွေးတင်ပြသွားပါ့မယ်။
ဒီပြသနာနဲ့ ပတ်သက်ရင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ဘယ်လို ရောက်လာတယ်၊ သူတို့မှာ ဘာ အခွင့်အရေးတွေ ရှိသလဲ ဆိုတာက စပြီး စဉ်းစားသင့်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေ ဆိုတာဟာ အရင် စစ်အာဏာရှင်တွေ စိတ်ကြိုက် ပြဌာန်းသွားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြောင့် ပေါ်ပေါက်လာတယ်လို့ ဆိုရင် မမှားပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ် အယောက် ၁၁၀၊ အမျိုးသား လွှတ်တော်မှာ ၅၆ ယောက်၊ ပြည်ထောင်စု အဆင့်မှာ စုစုပေါင်း ၁၆၆ ယောက် ရှိပါတယ်။ အလားတူ တိုင်းနဲ့ ပြည်နယ် လွှတ်တော်တွေမှာလည်း တပ်မတော်သား ကိုယ်စားလှယ် အယောက် ၂၂၀ ကျော်ရှိပါတယ်။ အားလုံးပေါင်းလိုက်ရင် လွှတ်တော် အသီးသီးအတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ခန့်လိုက်တဲ့ တပ်မတော်သား ကိုယ်စားလှယ် ၃၉၀ကျော် ရှိနေပါတယ်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်လိုက်လို့ ပြည်ထောင်စု အဆင့် လွှတ်တော်ထဲ ရောက်သွားတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေဟာ အရေးကြီးကိစ္စ ၂ ခု လုပ်ခွင့် ရှိနေပါတယ်။ ပထမ တစ်ခုကတော့ အစိုးရအဖွဲ့ ဖွဲ့နိုင်တဲ့ သမ္မတ ရွေးချယ်ရာမှာ မဲပေးခွင့်ရခြင်းပါပဲ။ ဒုတိယ တစ်ခုကတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးလို ကိစ္စမျိုးမှာ ထောက်ခံနိုင်၊ ကန့်ကွက်နိုင်တဲ့ ဗီတိုအာဏာ ရရှိခြင်းပါပဲ။ ကျန်တာတွေကတော့ လွှတ်တော်ထဲ တင်လာတဲ့ ဥပဒေကြမ်းတွေကို ဆွေးနွေး မဲပေးနိုင်တာ၊ မေးခွန်းတွေ မေးနိုင်တာ၊ အဆိုတွေကို ဆွေးနွေး၊ မဲပေးနိုင်တာတွေပဲ ဖြစ်ပါတယ်။
ပြောရရင် အဲဒီ ကိုယ်စားလှယ်တွေ ဆိုတာဟာ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေ ပြည်သူလူထုက မဲပေးရွေးချယ်လိုက်တာ မဟုတ်လို့ ပြည်သူ့ကိုယ်စားလှယ်တွေ မဖြစ်နိုင်ပါဘူး။ တပ်မတော်တွင်းမှာ တပ်မတော်သားတွေကနေ အဆင့်ဆင့် မဲပေးရွေးချယ် တင်မြှောက်လိုက်တဲ့သူတွေ မဟုတ်လို့ တပ်မတော်ရဲ့ ကိုယ်စားလှယ်တွေလို့ ခေါ်ဖို့လည်း ခက်ခဲပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နာမည်စာရင်း ပေးသွင်းထားသူတွေမို့ တိတိကျကျ ဆိုရရင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုပဲ ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ ဖြစ်မှာပါ။ ဒါကြောင့် ဒီကိုယ်စားလှယ်တွေနဲ့ ပတ်သက်ရင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အချိန်မရွေး လူစားထိုး လဲလှယ်တာ လုပ်ခွင့်ရှိသလို၊ မကြာခဏလည်း လုပ်လေ့ရှိတာ တွေ့ရပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ အဲဒီ တပ်မတော်သား ကိုယ်စားလှယ်တွေဟာ ရပ်ထဲ ရွာထဲဆင်းပြီး ပြည်သူလူထုနဲ့ တွေ့ဆုံတာ၊ စည်းဝေးတာ၊ စည်းရုံးတာမျိုး လုပ်ရမယ်လို့ ပြဌာန်းထားတာ မရှိသလို၊ မလုပ်ရဘူး ဆိုပြီး ပိတ်ပင်တဲ့ ပြဌာန်းချက်လည်း ဖော်ပြမထားပါဘူး။ ဒါနဲ့ ပတ်သက်လို့ လွှတ်တော်ထဲက တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ ခေါင်းဆောင် ဖြစ်သူ ဗိုလ်မှူးချုပ်မောင်မောင်က တပ်ချုပ်ကနေ ကိုယ်စားလှယ်တွေကို ကိုယ့်နီးစပ်ရာ သွားပြီး ပြည်သူလူထု ဘာ အခက်အခဲရှိလည်း မေးဖို့ လမ်းညွှန်ခဲ့တဲ့ အကြောင်း၊ ဒါကြောင့် တစ်ချို့က ကိုယ့်ဇာတိ၊ တစ်ချို့က ကိုယ်တာဝန်ထမ်းဆောင်ခဲ့တာ ကြာတဲ့ ကိုယ်နဲ့ရင်းနှီးတဲ့ ဒေသ သွားကြတာ ဖြစ်တယ်လို့ Myanmar Now သတင်းဌာနကို ဖြေထားတာ တွေ့ရပါတယ်။
ဗိုလ်မှူးချုပ်မောင်မောင်ရဲ့ ဖြေကြားချက်ကိုကြည့်ရင် တပ်မတော်သားကိုယ်စားလှယ်တွေ အနေနဲ့ ရွေးကောက်ခံ အမတ်တွေ လုပ်သလို ရပ်ထဲ ရွာထဲဆင်း၊ ပြည်သူနဲ့တွေ့၊ သူတို့ အခက်အခဲတွေကိုကြားနာ တနည်းပြောရရင် လွှတ်တော် အမတ်တွေရဲ့ အလုပ်မျိုးသွားလုပ်တာလို့ နားလည်နိုင်သလို၊ မဲဆန္ဒနယ် သတ်သတ်မှတ်မှတ် မရှိတာကြောင့် တပ်မတော်သား ကိုယ်စားလှယ် တစ်ယောက်ဟာ မြန်မာနိုင်ငံ ဘယ်နေရာမဆို သွားချင်ရာ သွားလို့ရနိုင်တယ်ဆိုတဲ့ သဘောလည်း သက်ရောက်နေပြန်ပါတယ်။ နောက်ပြီး တပ်မတော်သားတွေသွားတဲ့ ဘယ်နယ်မြေမှာမဆို သက်ဆိုင်ရာ ပြည်သူတွေ မဲပေး ရွေးချယ်ထားတဲ့ ရွေးကောက်ခံ အမတ်တွေ ရှိနေပြီးသားမို့ အပြိုင်သဘော သွားလုပ်သလိုမျိုး ဖြစ်စေနိုင်သလို ပြည်သူတွေကြား ရှုတ်ထွေးမှုတွေလည်း ဖြစ်သွားစေနိုင်ပါတယ်။
တကယ်တော့ တပ်မတော်သား ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ စ ရောက်တာ ၂၀၁၀ နှစ်ကုန်ပိုင်းထဲကမို့ အခုဆို ၉ နှစ်နီးပါး ရှိပါပြီ။ အရင် သမ္မတဟောင်း ဦးသိန်းစိန်၊ လွှတ်တော် နာယကဟောင်း သူရဦးရွှေမန်း လက်ထက်က ရပ်ထဲ ရွာထဲ မဆင်းခဲ့ပဲ အခုမှ ဘာလို့ ဆင်းရသလဲ ဆိုတာကလည်း မေးခွန်းထုတ်ရမယ့် ကိစ္စပါ။ ဖြစ်နိုင်ခြေ တစ်ခုရှိတာက ၂၀၂၀ ရွေးကောက်ပွဲ အတွက် မဲဆန္ဒနယ်မြေတွေကို ကြိုတင် လေ့လာတာ၊ သွယ်ဝိုက်သောအားဖြင့် ကြိုတင် စည်းရုံးတာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ အကြောင်းကတော့ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ အရေအတွက် များပြားလှတဲ့ တပ်မတော်အရာရှိတွေ တပ်ကနေ နှုတ်ထွက်ပြီး ပြည်ခိုင်ဖြိုး ပါတီ အမတ်လောင်းတွေ အဖြစ် ရွေးကောက်ပွဲ ဝင်ခဲ့ကြတဲ့ နမူနာ ရှိနေလို့ပါပဲ။ အဲဒီအချိန် တပ်ကနေ နှုတ်ထွက်ပြီးကာမှ နယ်မြေဆင်းခွင့်ရခဲ့ကြတာကို သင်ခန်းစာယူပြီး အခုတစ်ကြိမ် အဲလို မဖြစ်ရအောင် တစ်ချို့သော ရွေးကောက်ပွဲ ဝင်မယ့် တပ်မတော်အရာရှိတွေ ၂၀၂၀ အတွက် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ ပြည်သူတွေကြား ဆင်းတဲ့ သဘောလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ညွှန်ကြားချက်ကြောင့် ပေါ်ပေါက်လာတဲ့ ဒီ လုပ်ရပ်ဟာ တပ်မတော်အနေနဲ့ နိုင်ငံရေးပါတီ တစ်ခုနဲ့ ဘာမှ ခြားနားမှု မရှိတဲ့ ပုံစံ ဖြစ်သွားစေပြီး နိုင်ငံရေးလောကထဲ နောက်ထပ် ခြေတစ်လှမ်း တိုးလိုက်တဲ့ သဘောလည်း သက်ရောက်သွားစေပါတယ်။ မြန်မာနိုင်ငံရဲ့ လွန်ခဲ့တဲ့ အနှစ် ၆၀ သမိုင်းကို ပြန်ကြည့်ရင် တပ်မတော်ဟာ တိုင်းပြည် ကာကွယ်ရေးတင်မက နိုင်ငံရေး အပါအဝင် ကဏ္ဍ အားလုံးလိုလိုလောက်မှာ အဓမ္မ ဝင်ရောက် ချယ်လှယ် စီမံခန့်ခွဲခဲ့လို့ တိုင်းပြည် အဖက်ဖက်က ယိုယွင်းကျဆင်းခဲ့ပြီး အောက်ကျနောက်ကျ ဖြစ်ခဲ့တာ အချိန်ဘာမှ မကြာသေးပါဘူး။ ဒါကို သင်ခန်းစာယူပြီး တပ်မတော်အနေနဲ့ နိုင်ငံရေးကနေ တဖြေးဖြေး ဆုတ်ခွာရမယ့်အစား ခုလို ခြေတစ်လှမ်း ရှေ့တိုးလိုက်ခြင်းဟာ နိုင်ငံမှာ လိုအပ်နေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊ စီးပွား ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ ကဏ္ဍ အားလုံးအတွက် ကောင်းတဲ့ လက္ခဏာ မဖြစ်နိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။