ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့ညက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုဗစ်-19 ရောဂါ ဖြစ်ပွားမှု နောက်ဆုံး အခြေအနေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို အစီရင်ခံ တင်ပြတဲ့ မိန့်ခွန်းပြောပါတယ်။ ဒီတစ်ကြိမ် မိန့်ခွန်းရဲ့ ထူးခြားချက်ကတော့ မြန်မာနဲ့ ကမ္ဘာရဲ့ ကိုဗစ် အခြေအနေ၊ ဆက်စပ် အကြောင်းအရာတွေတင်မကပဲ နိုင်ငံတော်ပိုင် သတင်းစာတွေ ဖတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ မိန့်ခွန်းရဲ့ အချိန်အများစုမှာ နိုင်ငံတော်ပိုင် သတင်းစာမှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေ ဘယ်လောက် ကောင်းကြောင်း၊ သမိုင်းဆိုင်ရာ အချက်အလက်တွေ ဘယ်လောက်ပါကြောင်း၊ ကိုဗစ်နဲ့ ပတ်သက်ပြီးတင်မက အခြား အစိုးရက လုပ်နေ ကိုင်နေတဲ့ စီးပွားရေး စီမံကိန်းကြီးတွေ အစသဖြင့် စုံစုံလင်လင် ပါဝင်တာမို့ ဖတ်သင့်ကြောင်း အမွှန်းတင်သွားပါတယ်။ ဒီ အကြောင်းအရာကို ပြောဆိုသူဟာ ဒေါ်အောင်ဆန်းစုကြည် မဟုတ်ပဲ အခြားသူ တစ်ယောက်ယောက် ဖြစ်နေမယ် ဆိုရင်တော့ အဝေဖန် ခံရရုံမက လှောင်ပြောင်တာမျိုးကိုတောင် ခံရကောင်း ခံရနိုင်ပါတယ်။ အခု ပြောဆိုသူကတော့ ပြည်သူအများစု ထောက်ခံ အားပေးတဲ့ ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေလေတော့ ဝေဖန်ပြောဆိုတာ သိပ်ပြီး မမြင်မတွေ့ကြရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတော်ပိုင် သတင်းစာတွေကို ဖတ်ပါဆိုပြီး စည်းရုံးဆွဲဆောင်တာ ဘယ်လို အဓိပ္ပါယ် ဆောင်ပါသလဲ၊ အင်န်အယ်လ်ဒီ အစိုးရရဲ့ သတင်းမီဒီယာ နဲ့ ပတ်သက်တဲ့ ပေါ်လစီ မှန်ကန်မှု ရှိပါရဲ့လား ဆိုတာ ဝေဖန်ဆန်းစစ်ကြည့်ကြရအောင်ပါ။
ဒေါ်အောင်ဆန်းစုကြည်က ပြန်ကြားရေးဝန်ကြီးဌာနက ပြည်သူ့ဘဏ္ဍာငွေနဲ့ ထုတ်ေ၀ ဖြန့်ချီနေတဲ့ အစိုးရပိုင် သတင်းစာတွေကို ဖတ်ကြဖို့ အကြောင်းအရာမျိုးစုံ ပြည့်ပြည့်စုံစုံ ပြောဆိုပြီး တိုက်တွန်းသွားတာပါ။ အစိုးရက ထုတ်ပြန်တဲ့ အချက်အလက်တွေဟာ လူမှုကွန်ယက်တွေနဲ့ အင်တာနက် စာမျက်နှာတွေမှာလည်း ပါတယ် ဆိုပေမယ့် သတင်းစာက အဲဒါတွေထက် ပိုပြီး ပြည့်စုံတယ်၊ ဖတ်တဲ့သူအတွက် မျက်လုံးကိုလည်း သက်သာစေတယ်လို့ ဆိုသွားတာပါ။
တကယ်တော့ ပြန်ကြားရေးက ထုတ်တဲ့ အစိုးရပိုင် သတင်းစာဆိုတာဟာ အစိုးရကောင်းကြောင်း ဝါဒဖြန့်ပေးရတဲ့ ဝါဒဖြန့် သတင်းစာလို့ ဆိုရင်လည်း မမှားပါဘူး။ အရင် စစ်အာဏာရှင်ခေတ် အဆက်ဆက်ကတည်းက ရှိခဲ့တဲ့ အဲဒီ မူဝါဒဟာ အခု အင်န်အယ်လ်ဒီ လက်ထက်မှာလည်း လုံး၀ မပြောင်းမလဲပဲ ကိုင်စွဲထားဆဲပါပဲ။ အစိုးရပိုင် သတင်းစာတွေအပြင်၊ ပုံနှိပ်ထုတ်ဝေနေတဲ့ စာစောင်တွေ၊ ထုတ်လွှင့်နေတဲ့ ရေဒီယိုလိုင်းနဲ့ များပြားလှစွာသော ရုပ်သံ ချယ်နယ်လိုင်းတွေ အားလုံးဟာ အဲဒီ မူဝါဒ အောက်မှာပဲ ထုတ်ဝေ၊ ထုတ်လွှင့်နေကြတာပါ။ အစိုးရရဲ့ ထုတ်ပြန်ချက်တွေ၊ ကြေညာချက်တွေ၊ အစိုးရ ခေါင်းဆောင်တွေက ပြောတဲ့ မိန့်ခွန်းတွေ၊ အစိုးရ ထိပ်ပိုင်းရာထူး အပြောင်းအလဲတွေ၊ ပြန်တမ်းတွေ၊ အစိုးရက အကောင်အထည် ဖော်နေတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ သတင်းတွေ၊ ဆောင်းပါးတွေ စတာတွေကို အဓိကထား ဖော်ပြနေတာမျိုးပါ။ အဲလို အကြောင်းအရာတွေ သက်သက်ချည်းပဲ ဖော်ပြနေရင် ဘယ်သူမှ ဖတ်ကြမှာ၊ ကြည့်ကြမှာ မဟုတ်လို့၊ ရွေးချယ်ထားတဲ့ နိုင်ငံတကာ သတင်းဘာသာပြန်နည်းနည်း၊ ဖျော်ဖြေရေးဆိုင်ရာ နည်းနည်း၊ နာရေးသတင်းနဲ့ ကြော်ငြာ၊ တစ်ခါတစ်ရံ ကဗျာ၊ ဆောင်းပါး စတာတွေနဲ့ ဖြည့်စွက်မွမ်းမံထားတာလောက်ပဲ ရှိပါတယ်။
အရေးကြီးတာက အစိုးရပိုင် သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားတွေ အားလုံးမှာ ပြည်သူတွေ သိချင်တဲ့ သတင်းတွေကို စုံစုံလင်လင် မဖော်ပြပါဘူး။ အစိုးရရဲ့ လုပ်ကိုင်ဆောင်ရွက်ချက်တွေကို အားပေး၊ ကူညီ ပံ့ပိုးရာ မရောက်တဲ့ သတင်းမှန်သမျှ မဖော်ပြပါဘူး။ ဒါ့အပြင် ဖော်ပြတဲ့ သတင်းတွေတိုင်းမှာလည်း ပြည့်ပြည့်စုံစုံ မဖော်ပြပါဘူး။ လိုရာလောက်ပဲ ဖော်ပြပြီး တစ်ခါတစ်ရံ ဖော်ပြတဲ့ သတင်းမှာ အနှစ်သာရ လုံး၀ မပါတဲ့ သတင်းမျိုးလည်း အမြောက်များ ရှိနေပါတယ်။ ဥပမာ- ဘယ်သူက ဦးဆောင်ပြီး၊ ဘာအကြောင်းအရာနဲ့ အစည်းအဝေးလုပ်တယ်၊ အဲဒီစည်းဝေး ဘယ်သူတွေ တက်တယ်၊ ဒီလောက်ပါပဲ။ ဆောင်းပါးတွေ အားလုံးလိုလိုဟာလဲ အဲဒီ သဘောအတိုင်းပါပဲ။
အားလုံးကို ခြုံကြည့်လိုက်ရင် အစိုးရပိုင် သတင်းစာ၊ ရေဒီယို၊ ရုပ်သံတွေ ဆိုတာဟာ ပြည်သူတွေ သိချင်တဲ့ သတင်းစုံစုံလင်လင် တင်ပြတာမျိုး မဟုတ်ပါဘူး။ နောက်တစ်ခုကတော့ ဖော်ပြမှုတိုင်းမှာ အစိုးရဘက်ကို လိုက်တဲ့ ဘက်လိုက်မှု ရှိနေတာ တွေ့နိုင်ပါတယ်။ အသေအခြာ စိစစ်လိုက်ရင် အစိုးရပိုင် သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား ဖော်ပြမှုတွေ အားလုံးလိုလိုဟာ အခြေခံ စာနယ်ဇင်း ကျင့်ဝတ်၊ မီဒီယာကျင့်ဝတ်နဲ့လည်း ကိုက်ညီမှု မရှိတာ တွေ့နိုင်ပါတယ်။
အခြားတစ်ဖက်မှာတော့ မြန်မာနိုင်ငံမှာ ပုဂ္ဂလိက မီဒီယာ လုပ်ငန်း အခြေအနေ ကောင်းမနေပါဘူး။ ပုံနှိပ် သတင်းစာ လက်တစ်ဆုတ်စာလောက်ပဲ ရှိပြီး အမြတ်အစွန်း ရနေတယ် ဆိုတဲ့ သတင်းမျိုး မကြားမသိရပါဘူး။ လုပ်ကိုင်ခွင့်ရတာ သိပ်မကြာသေးတဲ့ ပုဂ္ဂလိက ရုပ်သံချယ်နယ်လုပ်ငန်း တွေကလည်း ပြန်ကြားရေးဝန်ကြီးဌာနရဲ့ တစ်ဖက်သတ် စည်းမျဉ်းတွေ၊ ကိုယ့်ဖာသာကိုယ် ဆင်ဆာလုပ်ခိုင်းတဲ့ စနစ်တွေ အောက်မှာ ငွေကြေးအရ အောင်မြင်မှု ရနေတာမျိုး မကြားသိရသလို ပရိတ်သတ် လက်ခံအားပေးမှုအတွက်လည်း ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ပုဂ္ဂလိက သတင်းမီဒီယာ လုပ်ငန်းတွေဟာ စာနယ်ဇင်းကျင့်ဝတ်၊မီဒီယာ ကျင့်ဝတ် လိုက်နာနိုင်မှု အပိုင်းမှာ အားနည်းချက်တွေ ရှိနေသေးတဲ့အပြင် အရည်အသွေးပိုင်းမှာလည်း လိုအပ်ချက် အများကြီးရှိနေတာ တွေ့မြင်ကြရပါတယ်။ အားလုံးကို ခြုံကြည့်လိုက်ရင် အစိုးရပိုင် မီဒီယာရော၊ ပုဂ္ဂလိကပိုင် မီဒီယာတွေပါ အားနည်းနေတဲ့ နိုင်ငံတစ်ခုအနေနဲ့ မီဒီယာဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး စတဲ့ တိုင်းပြည်ရဲ့ မဏ္ဍိုင်ကြီး ၃ ရပ်ကို ထိန်းကျောင်းနိုင်မယ့်၊ အပြန်အလှန် လေးစားသမှုရှိစေမယ့် စတုတ္တမဏ္ဍိုင် အဖြစ်ရောက်ဖို့ အတော်လေးကို ကြိုးစားကြရပါဦးမယ်။
လက်ရှိ အင်န်အယ်လ်ဒီ အစိုးရဟာလည်း အရင် စစ်ဗိုလ်ချုပ်တွေ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ အစိုးရတွေလိုပဲ ပုဂ္ဂလိက မီဒီယာတွေကို အားပေးလိုစိတ် ရှိတာ မတွေ့ရပါဘူး။ အာဏာရခဲ့တဲ့ ၄-၅ နှစ် အချိန်လုံးလုံး သတင်းမီဒီယာလောက အတွက် အရေးကြီးတဲ့ ရေဒီယိုနဲ့ ရုပ်သံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေလိုမျိုး public service media ဥပဒေလိုမျိုး ကို အသက်ဝင်လာအောင် မကြိုးစားခဲ့တဲ့အပြင် ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်ရှိရေး Right to information law ပြဌာန်းနိုင်အောင်လည်း မကြိုးစားခဲ့ပါဘူး။ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က မြန်မာနိုင်ငံမှာ သတင်းစာ အပါအဝင် ပုံနှိပ်စာနယ်ဇင်း လုပ်ငန်း စီးပွားအရ ကျဆင်းသွားရတာဟာ ဒီဂျစ်တယ် ပက်လက်ဖေါင်း ပေါ်ပေါက်လာလို့ ဖြစ်တယ်၊ ကမ္ဘာကြီးကလည်း အဲလို ပြောင်းနေတယ်၊ ဒါကြောင့် ကမ္ဘာကြီးနဲ့ အတူ လိုက်နိုင်အောင် ကိုယ့်ဖာသာကိုယ် ကြိုးစားကြ ဆိုပြီး ပြောဆိုခဲ့သလို၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ အစိုးရ ဝါဒဖြန့်ချီရေး အတွက် ပြည်သူ့ဘဏ္ဍာငွေနဲ့ ထုတ်ဝေနေတဲ့ အစိုးရပိုင် သတင်းစာတွေကို ဖတ်သင့်ကြောင်း စည်းရုံးပြောဆိုတာကိုပဲ ကြားလိုက်ကြရပါတယ်။
တကယ်တော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ခိုင်မာရေးအတွက် ပုဂ္ဂလိက သတင်းမီဒီယာလောက အရည်အသွေးပိုင်းအရရော၊ ကျင့်ဝတ်ပိုင်းအရပါ မြင့်မားလာဖို့ လိုပါတယ်။ တစ်ချိန် ၂၀၁၅ ခုနှစ်တုန်းက RFA သတင်းဌာနကို ဒေါ်အောင်ဆန်းစုကြည်က “အစိုးရပိုင် သတင်းစာတွေ ဘာတွေကတော့ ဒီမိုကရေစီနဲ့ မသင့်လျော်ဘူးလို့ ထင်တယ်၊ ဒါပေမယ့် ဒါဟာ အမတို့ နေ့ချင်းညချင်းမလုပ်ပါဘူး၊ သေချာတိုင်ပင်ပြီးတော့မှ လုပ်မှာပါ၊ ဒါပေမယ့် သိပ်ပြီးလည်း အချိန် မဆွဲချင် ဘူး။ ဒီမိုကရေစီ နည်းလမ်းကျအောင်လို့ အမြန်ဆုံးလုပ်မှပဲ ဒီနိုင်ငံဟာ အဆင်ချောသွားမှာပါ” လို့ ပြောခဲ့ပါတယ်။ တဆက်တည်း ဒေါ်အောင်ဆန်းစုကြည်က အစိုးရက ထောက်ပံ့ထားပေမယ့် လွတ်လွတ်လပ်လပ် လုပ်လို့ရတဲ့ VOA နဲ့ BBC သတင်းဌာနတွေကို ကိုးကား ပြောဆိုလိုက်ပါသေးတယ်။ လက်တွေ့မှာလည်း အစိုးရပိုင် ဝါဒဖြန့် သတင်းစာတွေနဲ့ မီဒီယာပေါင်းစုံကို လွတ်လွတ်လပ်လပ် မီဒီယာတွေ ဖြစ်လာအောင် ဒေါ်အောင်ဆန်းစုကြည် လုပ်နိုင်မှာ မဟုတ်တာကတော့ သေခြာပါတယ်။ လုပ်နိုင်တာကတော့ သူပြောခဲ့တဲ့ VOA, BBC တို့လို၊ ဥရောပမှာ ခေတ်စားတဲ့ public services media လိုမျိုးကို ဥပဒေပြဌာန်း အကောင်အထည် ဖော်သင့်ပါတယ်။ ဒီအတွက် ပေါ်ပေါက်လာမယ့် နိုင်ငံတော်က ထောက်ပံ့၊ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ ဘုတ်အဖွဲ့တစ်ဖွဲ့က အကောင်အထည် ဖော်မယ့် PSB အတွက် လက်ရှိ အစိုးရပိုင်တွေထဲက သတင်းစာ၊ ရေဒီယို၊ ရုပ်သံ တစ်ခုစီလောက်ကို ခွဲဝေပေးရင်တောင် အကောင်အထည် ဖော်နိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
-------------------------------------------