Zawgyi/ Unicode
ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့က နေပြည်တော်မှာ ပြည်ခိုင်ဖြိုးအပါအဝင် သူ့ရဲ့ မိတ်ဖက် ၃၄ ပါတီနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံပွဲ လုပ်ပါတယ်။ နောက်ပိုင်း ထွက်ပေါ်လာတဲ့ သတင်းတွေအရ တွေ့ဆုံပွဲမှာ နိုင်ငံရေးပါတီ ခေါင်းဆောင် တစ်ချို့က လက်ရှိ ရွေးကောက်ပွဲ ကော်မရှင်ဟာ အာဏာရ အင်န်အယ်လ်ဒီ ပါတီ ဘက်ကို ဘက်လိုက်မှုတွေ လုပ်နေတယ်၊ ဥပဒေနဲ့ မညီတာတွေလုပ်နေတယ်၊ ဒါကြောင့် လာမယ့် ရွေးကောက်ပွဲဟာ ဘယ်လိုနည်းနဲ့မှ တရားမျှတမှု မရှိနိုင်ဘူး၊ အဲဒီကိစ္စကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဝင်ရောက် ဖြေရှင်းပေးပါ ဆိုပြီး တင်ပြတယ်လို့ သိရပါတယ်။ ပါတီခေါင်းဆောင် တစ်ယောက်ကတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့ အာဏာသိမ်းပြီး ရွေးကောက်ပွဲ ကျင်းပပေးပါ ဆိုတဲ့ သဘောမျိုးအထိ တင်ပြတယ်လို့ ဆိုပါတယ်။ ဒီတွေ့ဆုံမှုဟာ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ အသိုင်းအဝိုင်းကြားမှာရော၊ ပြည်သူတွေကြားမှာပါ အတော်လေးကို ဂယက်ရိုက်ခတ်သွားတဲ့ တွေ့ဆုံမှုလို့ ပြောနိုင်ပါတယ်။ အဲဒီ တွေ့ဆုံပွဲ ဘယ်လို ဖြစ်လာတာလဲ၊ ဘယ်သူတွေက ဘာတွေ ဆွေးနွေးကြသလဲ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဘာတွေ ပြန်ပြောသလဲ၊ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပွဲ တစ်ခု ဖြစ်လာနိုင်မလား ဆိုတဲ့ ကိစ္စ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခုတပတ် အဲဒီအကြောင်း လေ့လာ တင်ပြသွားပါ့မယ်။
ပြည်ခိုင်ဖြိုးပါတီက စီစဉ်တဲ့ တပ်ချုပ်နဲ့ နိုင်ငံရေးပါတီ ၃၄ ပါတီ တွေ့ဆုံပွဲမှာ ၂၀၁၅ ခုနှစ်က ပြည်ထောင်စု အဆင့် အနိုင်ရတဲ့ ပါတီ(၅) ပါတီ ပါပါတယ်။ (၂၇) ပါတီကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ လုံး၀ အနိုင်ရခြင်း မရှိခဲ့သလို၊ ပါတီတစ်ချို့ကတော့ အခုမှ ရွေးကောက်ပွဲဝင်မယ့် ပါတီ အသစ်တွေ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ ရလာဒ်အရ ပါတီ(၅)ခုဟာ ပြည်ထောင်စု အဆင့် လွှတ်တော်မှာ အမတ် ၄၉ နေရာ ရခဲ့တာမို့ တပ်ချုပ်ကို တွေ့ရာမှာ ရွေးကောက်ခံ အမတ် စုစုပေါင်း ၄၉၁ ယောက်ရဲ့ ၁၀% လောက်ကို ကိုယ်စားပြုတယ်လို့ မှတ်ယူနိုင်ပါတယ်။
တပ်ချုပ်နဲ့ မတွေ့ခင် ပါတီခေါင်းဆောင်တွေဟာ ပြည်ခိုင်ဖြိုးရုံးချုပ်မှာ အရင် စုစည်းပြီး ဆွေးနွေးပွဲမှာ အားလုံးကိုယ်စား တင်ပြမယ့် ပုဂ္ဂိုလ် ၅ ယောက်ကို ရွေးချယ်ပါတယ်။ အဲဒီ ပုဂ္ဂိုလ်တွေကတော့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဌ ဦးခင်မောင်ဆွေ၊ အမျိုးသား ဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်၊ အမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာ နေဇင်လတ်၊ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်သက်သက်ခိုင် နဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ ဒုတိယဥက္ကဋ္ဌ ဦးခွန်မောင်သောင်း တို့ပဲ ဖြစ်ပါတယ်။ တွေ့ဆုံပွဲမှာ ဦးခင်မောင်ဆွေက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ ဥပဒေချိုးဖေါက်နေတယ်၊ ဒါကြောင့် လာမယ့် ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိနိုင်ဘူး၊ ရွေးကောက်ပွဲ ပြီးသွားရင်လည်း တစ်ပါတီတည်း ကြီးစိုးပြီး အနိုင်ကျင့်တော့မယ်၊ ဒါကြောင့် ကော်မရှင် ဥက္ကဌကို ဖယ်ရှားဖို့ တပ်မတော်က ကူညီပါလို့ တင်ပြခဲ့ပါတယ်။
ဒီမိုကရေစီ ပါတီသစ် ဥက္ကဌ ဦးသိန်းညွန့်ကတော့ အဲဒီထက် တိတိကျကျ အကြံပေးပါတယ်။ ၁၉၅၈ ခုနှစ် ပါလီမန်ဒီမိုကရေစီခေတ် ဦးနု အစိုးရ လက်ထက်မှာ နိုင်ငံရေးဆိုင်ရာ အကြပ်အတည်းကြောင့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံကို အသုံးပြုပြီး တပ်မတော်က တရားဝင် အာဏာလွဲှပြောင်းရယူခဲ့ပြီး ၁၉၆၀ ခုနှစ်မှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးခဲ့တဲ့ ဖြစ်စဉ် ရှိခဲ့ဘူးတယ်၊ ဒါကြောင့် အခုလည်း ၂၀၀၈ ဖွဲ့စည်းပုံကို အသုံးပြုပြီး တပ်မတော်က အာဏာလွဲှပြောင်းရယူပြီးမှ ရွေးကောက်ပွဲ ကျင်းပပေးသင့်တယ် ဆိုပြီး တင်ပြခဲ့တာပါ။ ပြောရရင်တော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို စစ်အာဏာသိမ်းဖို့ တိုက်တွန်းခဲ့ကြတာမျိုးပါ။
တွေ့ဆုံပွဲမှာ တရားဝင် တင်ပြခွင့်ရသူ ၅ ယောက်အပြင် ပုဂ္ဂိုလ် တစ်ချို့ကို စကားပြောခွင့် ပေးခဲ့ပေမယ့် အဓိကကတော့ ရွေးကောက်ပွဲ ကော်မရှင်ကို အပြစ်တင်တာက အဓိကကျနေတာ တွေ့ရပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း အစိုးရ အပေါ် သူ့ရဲ့ မကျေနပ်ချက်တွေကို ပြန်ပြောတာ တွေ့ရပါတယ်။ သူက တပ်မတော်မှာ တိုက်ပွဲမှာ ဒဏ်ရာရတဲ့သူတွေ ရှိကြောင်း၊ အဲဒီလူတွေထဲမှာ ထိုင်ပြီးတော့ အလုပ်လုပ်နိုင်တဲ့သူတွေ ပါဝင်ကြောင်း၊ အရင်က အဲဒီလူတွေ အစိုးရဘက်ကို ကူးပြောင်း တာဝန်ထမ်းဆောင်ခွင့် ရခဲ့ပေမယ့် အခုနောက်ပိုင်း အဲဒီလူတွေကို အစိုးရဘက်က ဝန်ထမ်းအဖြစ် အလုပ်ခန့်ပေးတာ မရှိလို့ သူ့အနေနဲ့ စိတ်မကောင်းဖြစ်ရကြောင်း၊ ရှမ်းပြည်နယ် ဘက်ကို သူသွားတော့လည်း ပြည်သူတွေက တိုက်နယ် ဆေးရုံရှိပြီး ဆရာဝန်မရှိတဲ့ ကိစ္စမျိုး တင်ပြတာ ရှိကြောင်း၊ သူ့အနေနဲ့ တပ်မတော်ဘက်ကနေ ပံ့ပိုးပေးချင်ပေမယ့် အစိုးရဘက်က ခွင့်မပြုလို့ စိတ်မကောင်းဖြစ်ရကြောင်း၊ အလားတူ ဘာသာရေး လူမှုရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး သူက လုပ်ပေးချင်ပေမယ့် အစိုးရဘက်ကနေ ကန့်သတ်ချက်တွေ ရှိနေတဲ့အကြောင်း ရင်ဖွင့်သွားတာ တွေ့ရပါတယ်။
တွေ့ဆုံပွဲမှာ နိုင်ငံရေးပါတီ ခေါင်းဆောင် တစ်ချို့ တင်ပြတဲ့ စစ်တပ်က အာဏာလွဲှပြောင်းရယူပြီး ရွေးကောက်ပွဲကို ကြီးကြပ် လုပ်ပေးဖို့ ဆိုတဲ့ အကြံပေးချက်ကိုတော့ လက်ခံခဲ့ပုံမရပါဘူး။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲ ဝင်ကြဖို့၊ ပြည်သူတွေကို မဲပေးဖို့ နှိုးဆော်ကြဖို့၊ ရွေးကောက်ပွဲ တရားမျှတမှု ရှိမရှိ စောင့်ကြည့်ပြီး၊ ရွေးကောက်ပွဲ နောက်ပိုင်း ပေါ်ပေါက်လာတဲ့ အခြေအနေပေါ် မူတည်ပြီး သူ့အနေနဲ့ ဆက်လုပ်သွားမယ်လို့ အဖြေပေးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ရပြီးအချိန်က စတွက်ရင် စစ်တပ်က အာဏာလွဲှပြောင်းရယူမှု၊ အာဏာသိမ်းမှု (၃)ကြိမ် ဖြစ်ခဲ့ဖူးပါတယ်။ ၁၉၅၈ ခုနှစ် နဲ့ ၁၉၈၈ ခုနှစ်တွေမှာ တည်ဆဲ အစိုးရက စစ်တပ်ကို အာဏာလွဲှပြောင်းပေးတာ ဖြစ်လေတော့ ဥပဒေကြောင်းအရဆို တရားဝင် အာဏာလွဲှပြောင်းပေးမှုလို့ ဆိုနိုင်ပါတယ်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ စစ်အာဏာသိမ်းပွဲကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖေါက်လိုက်တာဖြစ်ပြီး နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ခဲ့တယ်လို့ သတ်မှတ်နိုင်ပါတယ်။ လက်ရှိ တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံမှာတော့ တပ်မတော်အနေနဲ့ သူ့ဖာသာသူ တိုင်းပြည် အာဏာကိုရယူနိုင်တဲ့ ပြဌာန်းချက်မျိုး တစ်ခုမှ ဖော်ပြထားတာ မတွေ့ရပါဘူး။ နိုင်ငံတော် သမ္မတ အနေနဲ့ တိုင်းပြည်မှာ တကယ့်ကို ဆိုးရွားတဲ့၊ အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးစေမယ့် အခြေအနေမျိုး ကြုံနေရပြီလို့ ယူဆတဲ့ အခါမှသာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို အာဏာလွဲှပြောင်းပေးဖို့ ပြဌာန်းထားတာ တွေ့နိုင်ပါတယ်။ တနည်းပြောရရင်တော့ နိုင်ငံတော် သမ္မတ က မပေးရင် တပ်ချုပ်အနေနဲ့ တိုင်းပြည်အာဏာ ရယူဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။
လက်ရှိ အခြေအနေအောက်မှာ အင်န်အယ်လ်ဒီ အစိုးရအဖွဲ့ရဲ့ သမ္မတ အနေနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို အကြောင်းတစ်စုံတစ်ခုကြောင့် အာဏာလွဲှပြောင်းပေးမယ် ဆိုတာမျိုးဟာ အလွန်မဖြစ်နိုင်တဲ့ ကိစ္စပါ။ အဓိပ္ပါယ်ကတော့ တပ်ချုပ်အနေနဲ့ ဖွဲ့စည်းပုံအရ၊ တရားဝင်အားဖြင့် တိုင်းပြည်အာဏာ ရလာဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီအတွက် တိုင်းပြည်ရဲ့ အာဏာအရပ်ရပ်ကို ကိုယ့်ဖာသာကိုယ် ရယူချင်တယ် ဆိုရင် ၁၉၆၂ ခုနှစ်တုန်းက ဗိုလ်ချုပ်ကြီးနေဝင်း လုပ်ခဲ့သလို ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖေါက်ပြီး၊ နိုင်ငံတော် ပုန်ကန်မှု ကျူးလွန်၊ စစ်အာဏာသိမ်းပြီးမှ ရမယ့် သဘော သက်ရောက်နေတာ တွေ့ရပါတယ်။ လက်ရှိ အခြေအနေအရ အဲဒီလို အကောင်အထည် ဖော်ဖို့ ဆိုတာကလည်း သိပ်ပြီး လွယ်ကူတဲ့ ကိစ္စမျိုးတော့ မဟုတ်ပါဘူး။ တပ်မတော် တပ်တွင်း အခြေအနေ၊ ပြည်သူတွေရဲ့ အခြေအနေ၊ မျက်မှောက် နိုင်ငံတကာ အခြေအနေ၊ အထီးကျန်ဖြစ်တိုင်း နောက်ကနေ ရပ်တည်ပေးတဲ့ အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး အစစ အရာရာ ချင့်ချိန် တွက်ဆ ရမှာဖြစ်တဲ့အပြင် တပ်မတော် အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ အဓိက တာဝန်ရှိတယ်လို့ ခံယူထားတာကြောင့်ပါ လက်ရှိ နိုင်ငံရေးပါတီ ခေါင်းဆောင် တစ်ချို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဆီ သွားပြီး အကြံပေးသလို၊ စစ်အာဏာသိမ်းပွဲ တစ်ခု ပေါ်ပေါက်မယ့် အလားအလာ မတွေ့၊ မမြင်ရသေးကြောင်းပါ။
===================