သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျပ်ငွေတန်ဘိုး တည်ငြိမ်မှု နဲ့ အင်န်အယ်လ်ဒီ အစိုးရ


A Palestinian man drives his car, which was damaged in an Israeli airstrike, as he heads to a garage, in Gaza City.
A Palestinian man drives his car, which was damaged in an Israeli airstrike, as he heads to a garage, in Gaza City.

ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတော် သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့ ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေး ကျင်းပပါတယ်။ အဲဒီအစည်းအဝေးမှာ မြန်မာ့စီးပွားရေး အခြေအနေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက်စကားကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ အဲဒီ အစည်းအဝေးမှာ သူပြောခဲ့တာက “ကျွန်မတို့ သေသေချာချာ လေ့လာတဲ့အခါကျတော့ ကျွန်မတို့ရဲ့ စီးပွားရေးတိုးတက်မှုက ထင်တာထက် မြန်တယ်။” ဆိုပြီးဖြစ်ပါတယ်။ ဒါပေမယ့် သူ ဆက်ပြီးပြောတာက မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၆ ကနေ ၇ ရာခိုင်နှုန်းကြား ဆိုတာ ခုမှ ဖွံ့ဖြိုးတိုးတက်ဖို့ စတင်ကာစ နိုင်ငံ တစ်နိုင်ငံအတွက် ကျေနပ်လောက်စရာ မဟုတ်ဘူး လို့လည်း ဆိုခဲ့ပြန်ပါတယ်။ သူ့ရဲ့ အဲဒီ မှတ်ချက်ဟာ သိပ်မကြာသေးခင်တုန်းက စီးပွားရေးပညာရှင် ဒေါက်တာ ဦးမြင့် ပြောတဲ့ စကားနဲ့ ဆန့်ကျင်ဖက် ဖြစ်နေပေမယ့် စဉ်းစားဖို့ ကောင်းတဲ့ အချက်ပါ။ မြန်မာ့စီးပွားရေးရဲ့ အခြေအနေ ဘယ်လို ဖြစ်နေပါသလဲ၊ အဲဒီအထဲမှာ တကယ်ချီးကျူးထိုက်တဲ့၊ ကောင်းမွန်တဲ့ တိုးတက်မှုဖြစ်ထွန်းတဲ့ နယ်ပယ်ရော မရှိနိုင်ဘူးလား ဆိုတာ ခုတစ်ပတ် လေ့လာ သုံးသပ်ကြည့်ကြရအောင်ပါ။

ဒေါက်တာဦးမြင့် အပါအဝင် စီးပွားရေး ပညာရှင်တွေရဲ့ ဝေဖန်မှုဟာ မှန်ကန်ပါတယ် ဆိုပြီး လက်ခံကြပေမယ့် လက်ရှိ မြန်မာနိုင်ငံ စီးပွားရေး ဖြစ်ထွန်းမှုနဲ့ ပတ်သက်ပြီး အင်န်အယ်လ်ဒီ အစိုးရလက်ထက် စီးပွားရေးနဲ့ သက်ဆိုင်တဲ့ နယ်ပယ်တွေမှာ တကယ့်ကို တိုးတက်လာတဲ့ နယ်ပယ် မရှိဘူးလား ဆိုပြီး မေးစရာ ဖြစ်လာပါတယ်။ လူတွေ သိပ်သတိမထားမိပေမယ့် အမှန်တကယ် တိုးတက်ဖြစ်ထွန်းလာတဲ့ ချီးကျူးထိုက်တဲ့ နယ်ပယ် တစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ အရင် အစိုးရ အဆက်ဆက်က မစွမ်းဆောင်နိုင်ခဲ့တဲ့ မြန်မာကျပ်ငွေ တန်ဘိုး တည်ငြိမ်မှုနဲ့ အတက်အကျ အလှုပ်အရမ်း အလွန်နည်းပါးအောင် ထိန်းထားနိုင်တဲ့ ဘဏ္ဍာရေး ဆိုင်ရာ နယ်ပယ်ပါပဲ။

အဓိပ္ပါယ်ကတော့ အင်န်အယ်လ်ဒီ အစိုးရလက်ထက် ကုန်လွန်ခဲ့တဲ့ ၂၀၁၇ တစ်နှစ်တာ ကာလကို ပြန်ကြည့်လိုက်ရင် မြန်မာကျပ်ငွေ တန်ဘိုး တည်ငြိမ်နေတာ တွေ့ရမယ့်အပြင် အရင်တုန်းက ဖြစ်ခဲ့သလို နေ့စဉ် အတက်အကျ အလှုပ်အရမ်း ဖြစ်မှုမျိုးလည်း အလွန်နည်းပါးခဲ့တဲ့ အခြေအနေမျိုးပါပဲ။ ဒါကို အင်န်အယ်လ်ဒီ အစိုးရ စွမ်းဆောင်နိုင်ခဲ့တယ်လို့ အသိအမှတ် ပြုနိုင်ပါတယ်။

မှတ်တမ်းတွေအရ ၂၀၁၇ ဇန်နဝါရီ တစ်ရက်နေ့မှာ ပုဂ္ဂလိကဘဏ်တွေရဲ့ တစ်ဒေါ်လာ ဝယ်ဈေး ကျပ်ငွေ ၁၃၅၈- ရောင်းဈေး ၁၃၆၂ ပေါက်ပါတယ်။ အဲဒီနောက် မေလ ၁ ရက်နေ့မှာ ဒေါ်လာဈေး ၁၃၄၉-၁၃၅၁၊ သြဂုတ်လ ၁ ရက်နေ့မှာ ၁၃၅၄-၁၃၅၆၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ ၁၃၅၂-၁၃၅၄ ကျပ် ပေါက်ဈေး ရှိခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ မြန်မာကျပ်ငွေ ဈေးနှုန်းဟာ ဒေါ်လာငွေနဲ့ နှိုင်းယှဉ်ရင် တစ်နှစ်အတွင်း တစ်ဒေါ်လာ ကျပ်ငွေ ၁၃၅၀ နဲ့ ၁၃၆၀ ကြားမှာ တည်ငြိမ်နေခဲ့တာ ဖြစ်ပါတယ်။ ဒီလို ကျပ်ငွေတန်ဘိုး တည်ငြိမ်ရတာဟာ အစိုးရရဲ့ ဘတ်ဂျက်မှာ ဝင်ငွေနဲ့ ထွက်ငွေ သင့်တင့်အောင် လျာထားသုံးစွဲတတ်မှု၊ ဘဏ္ဍာရေး အခြေအနေနဲ့ ကိုက်ညီတဲ့ ပမာဏလောက်ကိုပဲ ငွေစက္ကူ ရိုက်ထုတ်မှု စတာတွေကြောင့် ဖြစ်ပါတယ်။

နောက်ထပ် ထူးခြားတာ တစ်ခုကတော့ ၂၀၁၇ ခုနှစ်အတွင်း မြန်မာကျပ်ငွေတန်ဘိုး အလှုပ်အရမ်း နည်းပါးစွာနဲ့ တည်ငြိမ်နေတဲ့ ကိစ္စပါ။ ဒါဟာ ရှေ့အစိုးရ အဆက်ဆက် ဘယ်အချိန်တုန်းကမှ မစွမ်းဆောင်နိုင်ခဲ့တဲ့ ကိစ္စပါ။ အကြောင်းကတော့ ရှေ့ အစိုးရ အဆက်ဆက် လက်ထက်မှာ ဒေါ်လာဈေး နိမ့်ရာကနေ မြင့်တက်လာတာမျိုး ရှိခဲ့ဖူးသလို၊ မြင့်ရာကနေ နိမ့်သွားတဲ့ အခြေအနေတွေလည်း ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် နိမ့်ရာက မြင်သည်ဖြစ်စေ၊ မြင့်ရာက နိမ့်ဆင်းလာသည် ဖြစ်စေ၊ တည်ငြိမ်မှု လုံး၀ မရှိပဲ အတက်အကျ အလှုပ်အရမ်း အလွန်များခဲ့ပါတယ်။ တစ်ရက်တည်းမှာကိုပဲ တက်လိုက် ကျလိုက် အကြိမ်ကြိမ် ဖြစ်သလို၊ အမြင့်ဆုံး ဈေးနဲ့ အနိမ့်ဆုံးဈေး ကွာခြားမှုများတဲ့ အခြေအနေမျိုး ပေါ်ပေါက်ခဲ့တာကို ဆိုလိုတာပါ။

ဒီလို ဖြစ်ခဲ့တဲ့ အဓိက အကြောင်းအရင်းကတော့ မြန်မာကျပ်ငွေ တည်ငြိမ်ရေး၊ နိုင်ငံခြားငွေ လဲလှယ်ရေးနဲ့ ပတ်သက်ပြီး ဗဟိုဘဏ်ရဲ့ ကိုင်တွယ်ပုံ ပြောင်းလဲလာတာကြောင့်လို့ ခန့်မှန်းနိုင်ပါတယ်။ အရင် အစိုးရလက်ထက်ကစ နိုင်ငံခြားငွေ တန်ဘိုးကို ဗဟိုဘဏ်က သတ်မှတ်ပါတယ်။ သတ်မှတ်ရုံနဲ့ မပြီးပါဘူး။ အဲဒီ သတ်မှတ်ထားတဲ့ နှုန်းထားအပေါ် အခြေခံပြီး ပုဂ္ဂလိကဘဏ်တွေကို နိုင်ငံခြားငွေနဲ့ မြန်မာငွေ နေ့စဉ် လေလံတင် ရောင်းချပေးတဲ့ စနစ် ကျင့်သုံးပါတယ်။ အဓိပ္ပါယ်ကတော့ ဗဟိုဘဏ်ဟာ ဒေါ်လာအပါအဝင် နိုင်ငံခြားငွေ လဲလှယ်နှုန်းတွေကို နှုန်းထားတစ်ခု သတ်မှတ်ပေးမယ်၊ အဲဒီ နှုန်းထား အပေါ် အခြေခံပြီး ပုဂ္ဂလိကဘဏ်တွေဟာ ဗဟိုဘဏ်ကနေ နိုင်ငံခြားငွေ၊ ဒါမှမဟုတ် မြန်မာကျပ်ငွေတွေကို လေလံဈေးကနေ ဝယ်ယူနိုင်တယ်၊ ပြီးရင် ပုဂ္ဂလိကဘဏ်တွေဟာ သူတို့ရဲ့ တရားဝင် ငွေလဲလှယ်ရေး ကောင်တာတွေကနေ တဆင့် ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ နှုန်းထားအပေါ် အခြေခံတဲ့ ရောင်းဈေး၊ ဝယ်ဈေးနဲ့ ပြည်သူတွေ လိုအပ်သလောက် ရောင်းချပေးရမယ် ဆိုတဲ့ စည်းမျဉ်းပါ။

ဒါပေမယ့် တကယ့်လက်တွေ့မှာ အရင် အစိုးရ လက်ထက်တုန်းက ဗဟိုဘဏ်ဟာ ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေ လဲလှယ်နှုန်းကို လက်ရှိ ပြင်ပ ပေါက်ဈေးထက် အလွန် နှိမ့်ပြီး သတ်မှတ်ပါတယ်။ ဥပမာ ပြင်ပပေါက်ဈေး တစ်ဒေါ်လာ ကျပ် ၁၃၅၀ ရှိရင် ဗဟိုဘဏ်က တစ်ဒေါ်လာ ကျပ် ၁၃၀၀၊ ၁၃၁၀ သတ်မှတ်သလိုမျိုးပါ။ အဲလို ပေါက်ဈေးထက် နိမ့်ပြီး သတ်မှတ်တဲ့အတွက် လေလံဈေးမှာ ပုဂ္ဂလိကဘဏ်တွေဟာ ဗဟိုဘဏ်ကနေ ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေတွေ ဝယ်ယူဖို့ ကြိုးစားကြပါတော့တယ်။ လိုသလောက်ကို ဗဟိုဘဏ်က ရောင်းမပေးနိုင်တဲ့အခါ အကန့်အသတ်နဲ့၊ ကိုတာ နဲ့ ရောင်းပေးတဲ့ အခြေအနေ ဖြစ်ပေါ်စေပါတယ်။ ပုဂ္ဂလိကဘဏ်တွေ ဘက်ကတော့ ဗဟိုဘဏ်ကနေ ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေတွေကို ပြင်ပပေါက်ဈေးထက် အများကြီး ဈေးလျော့ပြီး ဝယ်ခွင့်ရတဲ့အတွက် နေ့စဉ် အကျိုးအမြတ် ဖြစ်ထွန်းစေပါတယ်။ ဝယ်လို့ ရလာတာတွေကိုလည်း သူတို့ ငွေလဲကောင်တာတွေမှာ သတ်မှတ်ဈေးနဲ့ လိုသလောက် ပြန်ရောင်းပေးတာ မရှိပဲ၊ ကောင်တာ ပိတ်သွားပြီ၊ ကိုတာရထားတဲ့ နိုင်ငံခြားငွေတွေ ကုန်သွားပြီ အစရှိသဖြင့် အကြောင်းပြပြီး ရောင်းမပေးကြပါဘူး။ မှောင်ခိုဈေးမှာ ဈေးအမြင့်နဲ့ ရောင်းပြီး ကိုယ်ကျိုးရှာခဲ့ကြပါတယ်။ အကျိုးဆက်ကတော့ ပုဂ္ဂလိကဘဏ်တွေ အကျိုးအမြတ် ရသွားကြပေမယ့် မြန်မာကျပ်ငွေ တန်ဘိုး မတည်ငြိမ်သလို၊ နေ့စဉ် အတက်အကျ အလှုပ်အရမ်း များခဲ့ပါတယ်။

လက်ရှိ အင်န်အယ်လ်ဒီ အစိုးရလက်ထက်မှာတော့ ဗဟိုဘဏ်ဟာ နိုင်ငံခြားငွေ ဈေးနှုန်းကို ပြင်ပပေါက်ဈေးနဲ့ မတိမ်းမယိမ်း၊ ဈေးအမြင့်တစ်ခုမှာ သတ်မှတ်ပါတယ်။ ဒီအခါ ပုဂ္ဂလိကဘဏ်တွေဟာ ဗဟိုဘဏ်ကနေ ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေ ဝယ်ယူလို့ မရတော့ပါဘူး။ ဗဟိုဘဏ် ဈေးနှုန်းမြင့်နေတဲ့အတွက် သူတို့ဒေါ်လာကို ပြန်ပြီး လာရောင်းတာမျိုးတောင် လုပ်ကြရမယ့် အခြေအနေမျိုးပါ။ ဒီလိုနည်းနဲ့ ဗဟိုဘဏ်ဟာ အဓိပ္ပါယ်မဲ့တဲ့ ငွေလဲလှယ်နှုန်းထား သတ်မှတ်ချက်ကို ပယ်ဖျက်ခဲ့ပြီး နေ့စဉ် လက်တွေ့ကျတဲ့ ဈေးနှုန်းကို သတ်မှတ်ခဲ့တဲ့အတွက် မြန်မာကျပ်ငွေတန်ဘိုး တည်ငြိမ်လာတာ ဖြစ်ပါတယ်။ ဒီလို မြန်မာကျပ်ငွေ တည်ငြိမ်မှုဟာ ကုန်သွယ်ရေး နဲ့ အခြား နယ်ပယ် အသီးသီး အတွက် ကောင်းကျိုး ဖြစ်ထွန်းစေသလို၊ အဓိပ္ပါယ်မဲ့တဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း သတ်မှတ်မှုကြောင့် တိုင်းပြည်ရဲ့ အရံနိုင်ငံခြားငွေ အသုံးပြုရမှု၊ လျော့နည်းလာမှု ကိစ္စတွေကိုလည်း ကာကွယ်နိုင်ခဲ့ကြောင်း၊ ဈေးကွက်ရဲ့ ကျပ်ငွေတန်ဘိုးအပေါ် ယုံကြည်မှု ရရှိစေခဲ့ကြောင်း၊ တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG