Zawgyi/ Unicode
ဧပြီလ ၁၆ ရက်နေ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေလို့ သံသယ ရှိပြီး စစ်ဆေးခဲ့သူ ၃၂၃၆ ယောက် ရှိတဲ့အနက် လူပေါင်း ၈၅ ယောက်မှာ ဗိုင်းရပ်စ် ကူးစက်ခံထားတာ တွေ့ရပါတယ်။ အဲဒီလူတွေထဲက လူ ၄ ယောက် သေဆုံးပြီး ၂ ယောက် ရောဂါ ပျောက်ကင်း သွားပါပြီ။ ကျန်လူနာတွေကတော့ ဆေးရုံအသီးသီးမှာ ဆေးကုသမှု ခံယူနေရပြီး အများစုက ရန်ကုန်ဝေဘာဂီ ဆေးရုံမှာပါ။ နိုင်ငံတကာနဲ့ နှိုင်းယှဉ်ရင် မြန်မာနိုင်ငံရဲ့ ဗိုင်းရပ်စ် ကပ်ဘေး အန္တရာယ် ကျရောက်မှု အတော်လေး သက်သာနေသေးတာ တွေ့နိုင်ပါတယ်။ စစ်ဆေးပြီး လူ ၁၀၀ မှာ ပိုးတွေ့သူ ၂ ဒသမ ၆ ယောက်နှုန်းပဲ ရှိတဲ့အတွက် ၁၀၀ မှာ ၄၉ ယောက် ဗိုင်းရပ်စ်တွေ့တဲ့ ပြင်သစ်၊ အယောက် ၂၀ ဗိုင်းရပ်စ်တွေ့တဲ့ အမေရိကန်နဲ့ စပိန်၊ ၁၄ ယောက် တွေ့တဲ့ အီတလီ တို့နဲ့ နှိုင်းယှဉ်ရင် အများကြီး နည်းနေသလို၊ ၁၂ ယောက်တွေ့တဲ့ ဖိလစ်ပိုင်၊ ၁၅ ယောက်တွေ့တဲ့ အင်ဒိုနီးရှား၊ ၆ ယောက်တွေ့တဲ့ မလေးရှား တို့နဲ့လည်း နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ ထိုင်းကတော့ မြန်မာနိုင်ငံနဲ့ အတူတူ ဗိုင်းရပ်စ် စစ်ဆေးသူ ၁၀၀ မှာ ၂ ဒသမ ၆ ယောက် တွေ့ပါတယ်။ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ လာအိုတို့ကတော့ မြန်မာထက် အခြေအနေ ပိုကောင်းတယ်လို့ ပြောနိုင်ပါတယ်။ လောလောဆယ် မြန်မာနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေး တွန်းလှန်နေတဲ့ အခြေအနေမှာ အခက်အခဲ ပြသနာ တစ်ချို့ ကြုံနေရသလို အဲဒီထဲမှာ အစိုးရရဲ့ သတင်းထုတ်ပြန်မှု ပြသနာ၊ မီဒီယာ ကျင့်ဝတ်ဆိုင်ရာ အငြင်းပွားမှု ပြသနာ တစ်ချို့နဲ့လည်း ကြုံတွေ့နေရပါတယ်။ ခုတစ်ပတ် အဲဒီပြသနာတွေအကြောင်း ဆွေးနွေးတင်ပြသွားပါ့မယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မပေါ်ပေါက်ခင်ကတည်းက အစိုးရအဖွဲ့နဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်မှုအပေါ် သတင်းမီဒီယာ သမားတွေရော၊ ပြည်သူတွေကပါ ကျေနပ်အားရမှု မရှိခဲ့ပါဘူး။ နေ့စဉ် ကူးစက်ခံရသူ၊ သေဆုံးသူ၊ ကောင်းမွန်လာသူတွေကို အချက်အလက် နည်းနည်းနဲ့ ထုတ်ပြန်ပါတယ်။ နောက် ကျန်းမာရေးဝန်ကြီးဌာနက အကောင်အထည် ဖော် ဆောင်ရွက်နေတာတွေ၊ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သိကောင်းစရာတွေ၊ ပြည်သူတွေ လိုက်နာရမယ့် အချက်တွေ စတာတွေ ထုတ်ပြန်ပါတယ်။ တကယ်တော့ လက်ရှိအချိန်ဟာ ကပ်ရောဂါဘေးဆိုက်လို့ တစ်နိုင်ငံလုံး နေအိမ်ထဲမှာပဲ နေနေရတဲ့ အချိန်ပါ။ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး ဆိုတာဟာ တစ်တိုင်းပြည်လုံးက နယ်ပယ်အားလုံး၊ ပြည်သူအားလုံးနဲ့ ဆိုင်တဲ့ ကိစ္စ ဖြစ်နေတာမို့ ပြည်သူတွေဟာ သတင်းတွေကို ဒီထက်ပို သိချင်ကြပါတယ်။ ဒီအတွက်လည်း အချိန်တိုင်းမှာ မေးခွန်းတွေ ရှိနေပြီး မေးလည်းမေးချင်ကြပါတယ်။ ဒါပေမယ့် ကျန်းမာရေးဝန်ကြီးဌာနမှာ အဲလို သတင်းမီဒီယာတွေနဲ့ အများပြည်သူ မေးတာတွေကို ဖြေကြားပေးမယ့် စနစ် တစ်ခု တည်ဆောက်ထားတာ မရှိပါဘူး။
နဂိုတုန်းကတော့ မေးသမျှတွေကို ဒေါက်တာခင်ခင်ကြီးက ဖြေကြားပေးပါတယ်။ နောက်ပိုင်း ဒေါက်တာသာထွန်းကျော်ကို ပြောရေးဆိုခွင့်ရှိသူအနေနဲ့ တာဝန်ပေးပြီးနောက်မှာတော့ ဘယ်သူမှ သူ့ကို ဆက်သွယ်လို့ မရတော့ပါဘူး။ နောက်တစ်ချက်ကတော့ ပြန်ကြားရေး ဝန်ကြီးဌာနပါ။ ပြည်သူတွေဆီက ကောက်ခံထားတဲ့ အခွန်ဘဏ္ဍာငွေ အများကြီးသုံးပြီး လည်ပတ်နေတဲ့ ဝန်ကြီးဌာနပါ။ လက်ရှိ ကာလမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး နဲ့ ပတ်သက်ပြီး ဖြစ်ပေါ်နေတဲ့ ကုန်သွယ်စီးပွားအခြေအနေ၊ အလုပ်သမားရေးရာတွေ၊ ဥပဒေကြောင်းဆိုင်ရာတွေ၊ ဘဏ်နဲ့ ငွေကြေးဆိုင်ရာ ကိစ္စတွေ၊ စစ်ရေးနဲ့ ဒုက္ခသည် ပြသနာတွေ၊ ပညာရေး ကိစ္စတွေ စသဖြင့် စသဖြင့် ပြည်သူတွေ သိချင်တာ အလွန်များနေတဲ့ အချိန်ပါ။ မရှင်းလင်းတာတွေကိုလည်း မေးချင်နေကြပါတယ်။ ဒီအတွက် ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့ ဘာမှ လုပ်ပေးနေတာ မတွေ့ရပါဘူး။ ပြန်ကြားရေးက ထုတ်ဝေ၊ ထုတ်လွှင့်နေတဲ့ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားလိုင်းတွေမှာတော့ ဖျော်ဖြေရေးနဲ့ ဝါဒဖြန့်ချီရေးလောက်ပဲ လုပ်နေတာ တွေ့ကြရပါတယ်။
အစိုးရဟာ ကပ်ဘေး ပြသနာနဲ့ ပတ်သက်ပြီး “သတင်းမှားတွေ မဖြန့်ကြပါနဲ့ ကောလဟလ တွေ မတင်ကြပါနဲ့” စသဖြင့် ပြောဆိုနေပေမယ့် အခြားတစ်ဖက်မှာတော့ ပြည်သူတွေ သိသင့် သိထိုက်တာတွေကို ဖြေပေးတာ၊ ရှင်းလင်းပေးတာမျိုး လုပ်မပေးပါဘူး။ ပုဂ္ဂလိက သတင်းစာတွေနဲ့ မီဒီယာတွေ ယာယီ လုပ်ငန်း ရပ်ဆိုင်းထားတဲ့ သင်္ကြန်ကာလတွင်းမှာတော့ ပိုဆိုးပါတယ်။ ပြည်ပ အသံလွှင့်နဲ့ မီဒီယာတွေက လွှင့်ထုတ်တာတွေကလွဲရင် ပြည်သူတွေ ဘာသတင်း အချက်အလက်တွေကိုမှ သိပ်မသိကြရတော့ပါဘူး။
နောက်ပြသနာ တစ်ခုကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ၊ သံသယ နဲ့ စောင့်ကြည့်စခန်းတွေမှာ နေရသူတွေရဲ့ နာမည်နဲ့ အချက်အလက်တွေ ဖော်ပြသင့် မသင့် ပြသနာပါ။ တစ်ချို့ကတော့ ဒီလို ဖော်ပြခြင်းဟာ ကာယကံရှင်ရဲ့ Privacy ချိုးဖေါက်သလိုဖြစ်တယ်၊ မီဒီယာ ကျင့်ဝတ်နဲ့လည်း မညီနိုင်ဘူး ဆိုပြီး ပြောဆိုကြပါတယ်။
ဒီနေရာမှာ ရှင်းရှင်းလင်းလင်း သိဖို့ လိုတာက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေဆိုတာ ဘယ်လိုလူမျိုးတွေလဲ ဆိုတာပါ။ သူတို့ဟာ ကိုယ့်ဖာသာကိုယ် မသိလိုက်ပဲ အသက်ရှူလမ်းကြောင်းကနေ တဆင့် ဗိုင်းရပ်စ် ကူးစက်ခံရသူပါ။ ဘာပြစ်မှုမှ လုပ်ထားသူတွေ မဟုတ်သလို၊ ရာဇဝတ်မှု ကျူးလွန်ခံရတဲ့ သားကောင်တွေလည်း မဟုတ်ပါဘူး။ နောက်တစ်ခုက AIDS ရောဂါဆိုရင် သွေးသွင်းတာကနေ တဆင့်၊ ဆေးထိုးအပ်ကနေ တဆင့် ကူးစက်နိုင်သလို လိင်ဆက်ဆံရာကနေလည်း ကူးစက်နိုင်တဲ့ ရောဂါဖြစ်ပါတယ်။ ဒါကြောင့် လူတစ်ချို့ဟာ လူ့ကျင့်ဝတ်ဆိုင်ရာနဲ့ ဆက်စပ်ပြီး AIDS ရောဂါသည်တွေကို မှားယွင်း သံသယထားတာ၊ မလိုလားတာ၊ ခွဲခြားဆက်ဆံတာမျိုး လုပ်လေ့ရှိပါတယ်။ အခု ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူတွေဆိုတာ AIDS လူနာတွေနဲ့လည်း နည်းနည်းလေးမှ မတူပါဘူး။ ဒီအတွက် လူတစ်ယောက်ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအဖြစ် ထုတ်ဖော်တာ၊ ပြောဆိုတာဟာ အဲဒီလူကို နှိမ့်ချရာ စော်ကားရာလည်း မရောက်သလို၊ လူ့ကျင့်ဝတ် ချိုးဖေါက်သလိုလည်း မဖြစ်စေပါဘူး။
နောက်ပြသနာ တစ်ခုက ကိုရိုနာဗိုင်းရပ်စ် ကာကွယ် တိုက်ဖျက်ရေးရဲ့ သဘောသဘာဝပါ။ ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေး ပြသနာကို အောင်မြင်အောင် ကိုင်တွယ်စီမံခန့်ခွဲနိုင်ခဲ့တဲ့ ထိုင်ဝမ်လို၊ ကိုရီးယားလို နိုင်ငံတွေရဲ့ နမူနာအရ ဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို မြန်မြန်ဆန်ဆန် ရှာဖွေနိုင်တာ၊ ထိတွေ့ဆက်ဆံခဲ့သူတွေရဲ့ နောက်ကြောင်းကို မှန်မှန်နဲ့ မြန်မြန် ရှာနိုင်တာ၊ လိုအပ်ရင် အဲဒီလူတွေကို Quarantine လုပ်စေတာ၊ အဲဒါတွေ ပြည်သူတွေကို သတင်းအချက်အလက် မှန်မှန်နဲ့ မြန်မြန် သိကြစေပြီး ကာကွယ်နိုင်အောင် ဆောင်ရွက်ပေးတာမျိုးပဲ ဖြစ်ပါတယ်။ ဒီအတွက် ဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို ပြည်သူတွေ သိလာရင်၊ သူတို့နေထိုင်ရာ၊ အလုပ်လုပ်ကိုင်ရာကို သိလာ၊ အချက်အလက်တွေ ရလာရင် ကိုယ်ကိုယ်တိုင် ထိတွေ့ခဲ့သူ ဟုတ်မဟုတ်၊ ဟုတ်ရင် သက်ဆိုင်ရာဆီ သတင်းပို့၊ လိုအပ်သမျှ ဆက်ပြီး ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို လုပ်နိုင်လေလေ ကိုယ့်မိသားစု အသိုင်းအဝိုင်းကို မကူးစက်အောင် ကာကွယ်ပြီးသား ဖြစ်သလို၊ ဗိုင်းရပ်စ် ပျံ့နှံ့မှုကို ပိုပြီး ကာကွယ် ဟန့်တားနိုင်မှာ ဖြစ်ပါတယ်။ တစ်ခုပဲ သတိပြုဖို့ လိုပါတယ်။ ဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေ၊ သံသယ နဲ့ စောင့်ကြည့်ခံရသူတွေကို ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်းက မကောင်းမြင်ပြီး ဖယ်ကျဉ်တာမျိုး မလုပ်မိကြလေအောင်၊ ဖြစ်နိုင်ရင် စာနာထောက်ထားမှုနဲ့ ကူညီဖေးမကြဖို့ ကျယ်ကျယ်ပြန့်ပြန့် အသိပညာ ပေးရေး လုပ်ဖို့ ဖြစ်ပါတယ်။
အားလုံးကိုခြုံငုံသုံးသပ်ကြည့်လိုက်ရင် လက်ရှိ ကပ်ဘေးကို ရင်ဆိုင် တွန်းလှန်မှုမှာ အစိုးရဟာ အရင် ဘယ် အာဏာရှင် အစိုးရတွေနဲ့မှ မတူအောင် စွမ်းစွမ်းတမံ လုပ်ကိုင်ဆောင်ရွက် အကောင်အထည် ဖော်နေတာ၊ ချမ်းသာသူ၊ တတ်နိုင်သူတွေကလည်း ကူညီနေကြတာ၊ ပြည်သူတွေကလည်း အစိုးရ လမ်းညွှန်ချက်တွေကို လိုက်နာနေကြတာ ငြင်းမရတဲ့အချက်ပါ။ ဒီလို အခြေအနေကောင်းအောက်မှာ ကျန်းမာရေးနဲ့ ပြန်ကြားရေး ဝန်ကြီးဌာနတွေသာ သတင်းထုတ်ပြန်မှုတွေကို ဒီ့ထက် ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်နိုင်ခဲ့ရင် ကိုရိုနာကပ်ရောဂါဘေး တိုက်ဖျက်မှု လုပ်ငန်း ဒီ့ထက်ပို ထိရောက်အောင်မြင်နိုင်မယ် ဖြစ်ကြောင်းပါ။
စည်သူအောင်မြင့်။
==========