NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဟာ ရွေးကောက်ပွဲမှာ ပြည်သူတွေကို ပေးထားတဲ့ ကတိအတိုင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်တွင်းမှာ စပြီး ဆောင်ရွက်နေပါပြီ။ ပထမ အဆင့်အနေနဲ့ ဖွဲ့စည်းပုံထဲက ဘယ်အချက်တွေကို ဘယ်လို ပြင်ရင် ကောင်းမလဲ ဆိုတာ ရှာဖွေ ဆွေးနွေးဖို့ ပူးပေါင်း ကော်မတီ တစ်ရပ် ဖွဲ့နိုင်အောင် လွှတ်တော်တွင်း အဆိုတင်ပါတယ်။ တပ်မတော်သား အမတ်တွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ပေမယ့် မဲခွဲဆုံးဖြတ်ပြီး အဆိုကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဒုတိယ အဆင့် အနေနဲ့ လွှတ်တော်မှာ နေရာရထားတဲ့ အမတ်အနည်း အများအလိုက် အချိုးကျ အရေအတွက်နဲ့ ပူးပေါင်းကော်မတီ တစ်ရပ်ဖွဲ့ဖို့ ဖေဖေါ်ဝါရီ ၈ ရက်နေ့က အစည်းဝေး တစ်ခုလုပ်ပါတယ်။ ပြည်ထောင်စု လွှတ်တော် နာယက ကိုယ်တိုင်တက်ပြီး ပါတီကိုယ်စားလှယ်တွေ၊ တပ်မတော်သား ကိုယ်စားပြုသူတွေ တက်ရောက်ကြပေမယ့် အငြင်းပွားမှု အများကြီးပေါ်ပေါက်ပြီး ပူးပေါင်းကော်မတီ မဖွဲ့နိုင်ခဲ့ပါဘူး။ နောက်ဆက်တွဲအဖြစ် ဖေဖေါ်ဝါရီ ၁၅ ရက်နေ့မှာ နောက်ထပ် အစည်းအဝေး ကျင်းပပါတယ်။ အဲဒီ အစည်းအဝေးမှာလည်း ပူးပေါင်းကော်မတီ တစ်ရပ် မဖွဲ့စည်းနိုင်ရုံမက နောက်ထပ် အဲလို အစည်းအဝေးမျိုး ဘယ်တော့ ကျင်းပမယ် ဆိုတာကိုတောင် မဆုံးဖြတ်နိုင်ခဲ့ပါဘူး။ လွှတ်တော်တွင်း အင်န်အယ်လ်ဒီက ဆောင်ရွက်နေတဲ့ ဖွဲ့စည်းပုံပြင်ရေး အဲလို အကြပ်အတည်း ပြသနာ ပေါင်းစုံနဲ့ ကြုံနေရချိန် ပြည်ခိုင်ဖြိုးပါတီဘက်ကလည်း ဖွဲ့စည်းပုံပြင်ရေး ဥပဒေကြမ်းတစ်ခု လွှတ်တော်ကို တင်သွင်းထားပြီးပါပြီ။ ပြည်ခိုင်ဖြိုးက တင်တဲ့ ဥပဒေကြမ်းမှာ ဖွဲ့စည်းပုံထဲက ဘယ်အချက်ကို ပြင်မှာလဲ၊ အောင်မြင်မှုရော ရနိုင်မလား၊ နောက်ဆက်တွဲ ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ ဆိုတာ ခုတစ်ပတ် လေ့လာသုံးသပ်ကြည့်ပါမယ်။
ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ လွှတ်တော်အမတ် ဦးသောင်းအေးရဲ့ ထုတ်ဖော်ပြောဆိုချက်အရ သူတို့တင်ထားတဲ့ ဥပဒေကြမ်းထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲက ပုဒ်မ ၂၆၁ တစ်ခုထဲကိုပဲ ပြင်ဖို့ ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ ပုဒ်မ ၂၆၁ ဆိုတာ ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ် ခန့်အပ်ခြင်းနဲ့ ဆိုင်တဲ့ ပုဒ်မ ဖြစ်ပြီး (က) ကနေ (င) အထိ (၅) ချက် ပါပါတယ်။ ပြည်ခိုင်ဖြိုးကတော့ ဝန်ကြီးချုပ်ရဲ့ အရည်အချင်း သတ်မှတ်ချက်နဲ့ ဆိုင်တဲ့ ပုဒ်မ၂၆၁ (က) ပါ အချက်တွေကိုတော့ ပြင်မှာ မဟုတ်ပဲ ကျန် (၄) ချက်ကိုတော့ ပြင်မယ်လို့ ဆိုထားပါတယ်။ အကြမ်းဖျဉ်းပြောရရင် လက်ရှိ ဖွဲ့စည်းပုံအရ ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ်တွေအဖြစ် သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်း လွှတ်တော် အမတ်တွေထဲက တစ်ယောက်ယောက်ကို သမ္မတ က တိုက်ရိုက် ခန့်အပ်ပိုင်ခွင့် ရှိတဲ့ အခြေအနေကနေ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်း လွှတ်တော်ထဲမှာပဲ မဲပေး ရွေးချယ်စေပြီး အဲဒီလူကို သမ္မတ က ခန့်အပ်ပေးဖို့ ဖြစ်ပါတယ်။ ဒီအချက်ဟာ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်း မှာ အနိုင်ရတဲ့ ပါတီကနေ ဝန်ကြီးချုပ် ရွေးချယ်နိုင်တဲ့ အခွင့်အရေးရလာမှာမို့ တိုင်းရင်းသားပါတီတွေဘက်ကလည်း လက်ခံ သဘောတူမယ့်၊ ဒီ့အရင်ကတည်းက တောင်းဆိုနေတဲ့ အချက်လည်း ဖြစ်ပါတယ်။
ပြည်ခိုင်ဖြိုးက ပုဒ်မ ၂၆၁ ပြင်မယ့် ဥပဒေကြမ်း လွှတ်တော်ထဲကို တင်နိုင်ဖို့ ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းရဲ့ ထောက်ခံချက် လိုအပ်ပါတယ်။ ပြည်ခိုင်ဖြိုးဟာ လွှတ်တော်ထဲမှာ အမတ်နေရာ ၆ ရာခိုင်နှုန်း ကျော်ပဲ ရထားတာဖြစ်လို့ အခု ဥပဒေကြမ်းတင်ဖို့ တပ်မတော်သား အမတ်တွေရဲ့ ထောက်ခံမှု ရပြီးဖြစ်တယ်လို့ မှတ်ယူနိုင်ပါတယ်။ တနည်းပြောရရင် ပြည်ခိုင်ဖြိုးက ပြင်မယ့် ဒီ ဥပဒေကြမ်းဟာ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ ပေါင်းပြီး တင်တဲ့ ဥပဒေကြမ်းလို့တောင် ပြောနိုင်ပါတယ်။
ဒါနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ထိပ်သီးအစည်းဝေးပွဲကာလ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောခဲ့တဲ့ မိန့်ခွန်းနဲ့လည်း ဆက်စပ်ကြည့်နိုင်ပါတယ်။ သူပြောခဲ့တာက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် တကယ်လိုအပ်တဲ့ အခြေခံ ဥပဒေပါ ပြဌာန်းချက်တွေကို ပြင်ဆင်တာ၊ ဖြည့်စွက်တာကို မူအားဖြင့် သဘောတူပေမယ့် ကိုယ့်နိုင်ငံရေး လိုဘ ကို ဖြည့်ဆည်းဖို့ NCA လမ်းကြောင်းကို တလွဲ အသုံးချပြီး အခြေခံ ဥပဒေနဲ့ အခြား ဥပဒေတွေကို ပြင်ဆင်တာ ဖြည့်စွက်တာကိုတော့ သဘောတူညီဖို့ ခက်မယ်လို့ ဆိုပါတယ်။
ဒါ့အပြင် “ ၂၀၁၅ ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာခဲ့တဲ့ အချို့တိုင်းရင်းသားတွေရဲ့ ဆန္ဒ သဘောထားအရ တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော်တွေမှာ မဲအများစုရရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မဲနဲ့ပဲ တိုင်းဒေသကြီး ပြည်နယ် ဝန်ကြီးချုပ်တွေကို ရွေးကောက် တင်မြှောက်နိုင်ခွင့်ဟာလည်း ထည့်သွင်း စဉ်းစားရမယ့် ကိစ္စ တစ်ရပ် ဖြစ်ပါတယ်” လို့ ဆိုထားပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်း လွှတ်တော်တွေကို ရွေးခွင့်ပေးသလို၊ အစိုးရယန္တယား တည်ငြိမ်ဖို့ ပြည်နယ်နဲ့ တိုင်း အုပ်ချုပ်ရေးမှူး Governor တွေကိုလည်း ခန့်အပ်သင့်တယ်လို့ ပြောထားပါတယ်။ ဒါကို ကြည့်ရင် ပြည်ခိုင်ဖြိုးက တင်တဲ့ ပုဒ်မ ၂၆၁ ပြင်ရေးဟာ တပ်မတော်ဘက်နဲ့ သဘောထား အတူတူပဲ ဆိုတာ ပိုပြီး နားလည်နိုင်ပါတယ်။
ဖွဲ့စည်းပုံ ပြင်ရေးကို ဖွဲ့စည်းပုံပါ နည်းလမ်းအတိုင်း တင်လာပြီဆို လွှတ်တော်ဘက်က လက်ခံ ဆွေးနွေးပေးရမှာ သေခြာပါတယ်။ ပြည်ခိုင်ဖြိုးက ပြင်ဖို့ တင်လာတဲ့ ပုဒ်မ ၂၆၁ ကို တကယ်လို့ အင်န်အယ်လ်ဒီ ဘက်က ထောက်ခံတယ် ဆိုရင် ပြုပြင်ရေး အောင်မြင်မှာပါ။ နောက်ကြောင်းကို နည်းနည်း ပြန်လှည့်ကြည့်ရင် အရင် သူရဦးရွှေမန်း လွှတ်တော် ခေါင်းဆောင် ဖြစ်နေတဲ့ ကာလ တုန်းက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်း တင်စဉ်တုန်းကလည်း အဲဒီ ပုဒ်မ ၂၆၁ ပါဝင်ခဲ့ပြီး ဖြစ်ပါတယ်။ တင်တဲ့ ပြည်ခိုင်ဖြိုးအုပ်စုနဲ့ အဲဒီအချိန်က အတိုက်အခံ ဖြစ်နေတဲ့ အင်န်အယ်လ်ဒီ အုပ်စု ၂ခု စလုံးက အဲဒီအချက် လက်ခံပေမယ့် တပ်မတော်ဘက်က လက်မခံတဲ့အတွက် ပြင်ဆင်နိုင်ခြင်း မရှိခဲ့ပါဘူး။ လက်ရှိလွှတ်တော်အနေနဲ့ အဲဒီ ဥပဒေကြမ်းကို အတည်ပြုပေးလိုက်ရင် ပုဒ်မ ၂၆၁ ပြင်ဆင်ရေးဟာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်ဖို့ မလိုတဲ့ ပုဒ်မ ဖြစ်တာကြောင့် ပြင်ဆင်ရေး လွယ်လွယ်ကူကူ ပြီးမြောက်သွားပါလိမ့်မယ်။
နောက်ထပ် အရေးကြီးတာ တစ်ခုက ပုဒ်မ ၂၆၁ ကို ပြင်ဆင်ပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲပြီးနောက်မှ အသက်ဝင်မယ် ဆိုရင် သိပ်ပြီး ထူးခြားမှာ မဟုတ်ပါဘူး။ ချက်ခြင်း လက်ငင်း အသက်ဝင်စေမယ် ဆိုရင်တော့ လက်ရှိ ရခိုင်အမျိုးသားပါတီနဲ့ ပြည်ခိုင်ဖြိုးပါတီက အနိုင်ရထားတဲ့ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ ဝန်ကြီးချုပ် အပြောင်းအလဲ အစိုးရအဖွဲ့ အပြောင်းအလဲ ပေါ်ပေါက်လာနိုင်ပါသေးတယ်။
တကယ်တော့ ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ဆိုတာဟာ ၂၀၀၈ ဖွဲ့စည်းပုံထဲက ဖက်ဒရယ် ပြည်ထောင်စု အနှစ်သာရနဲ့ မကိုက်ညီတဲ့ အချက်တစ်ချက်လောက်ကို ပြင်ဆင်တယ် ဆိုတဲ့ အဓိပ္ပါယ် ပဲ ဖြစ်ပါတယ်။ ဖက်ဒရယ် ပြည်ထောင်စု နဲ့ ကိုက်ညီအောင် ဆိုရင် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် တန်းတူ အဆင့်အတန်း ထားပေးတာမျိုး အပါအဝင် အချက်အများကြီး ပြင်ရပါဦးမယ်။ ဒီမိုကရေစီ တိုင်းပြည် တည်ဆောက်ဖို့ ဆိုရင်လည်း အလားတူ ဖွဲ့စည်းပုံထဲက အချက်အများကြီး ပြင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံကို တကယ်ပြင်ဖို့ ဆန္ဒရှိတဲ့ အင်န်အယ်လ်ဒီ အနေနဲ့ အချက်တွေ အများကြီးပြင်ဖို့ အခြေအနေ မပေးသေးခင်မှာ တိုင်းရင်းသားတွေ လိုလားတောင့်တနေတဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေး တကယ် ရှိတယ်ဆိုတာကို သက်သေပြစရာ အချက်တစ်ချက် ဖြစ်လာနိုင်တဲ့ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကိုလည်း ထောက်ခံ အားပေးသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။