ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ဟာ တပ်မတော်နေ့ပါ။ အရင်က ဖက်ဆစ်တွေကို တော်လှန်တိုက်ခိုက်ခဲ့တာကို အမှတ်အသားပြုပြီး ဖက်ဆစ်တော်လှန်ရေးနေ့၊ နောက်ပိုင်း တော်လှန်ရေးနေ့ အဲဒီနောက် တပ်မတော်နေ့အဖြစ် ပြောင်းလဲသတ်မှတ် ခေါ်ဝေါ်ခဲ့ပါတယ်။ အာဏာရ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ဖက်ဆစ်တော်လှန်ရေးနေ့ အဖြစ် ခေါ်ဝေါ်၊ အထိမ်းအမှတ် အခမ်းအနားကျင်းပနေဆဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုနေ့မျိုးရောက်လာရင် တပ်မတော်က စစ်ရေးပြ အခမ်းအနားလုပ်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မိန့်ခွန်းပြောပါတယ်။ အခုနှစ် တပ်မတော်နေ့မှာလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မိန့်ခွန်း ပြောပါတယ်။ ဒီမိန့်ခွန်းဟာ ဒေါ်အောင်ဆန်းကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရ တက်လာတဲ့ နှစ်နှစ်တာကာလ တပ်မတော် ခေါင်းဆောင်တွေရဲ့ သဘောထား ရပ်တည်ချက်ကို ထင်ဟပ် ဖေါ်ပြတဲ့ မိန့်ခွန်းလို့လဲ ပြောနိုင်ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲကာလ တပ်မတော်ရဲ့ သဘောထား ရပ်တည်ချက် ဘာတွေ ပြောင်းလာသလဲ၊ ဒါမှမဟုတ် အရင်အတိုင်း မပြောင်းမလဲ ရှိဆဲပဲလား ဆိုတာ ခုတစ်ပတ် လေ့လာ တင်ပြသွားပါ့မယ်။
အရင် စစ်ခေါင်းဆောင်တွေ နည်းတူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မိန့်ခွန်းကို ရှည်ရှည်လျားလျား ပြောပါတယ်။ ထုံးစံအတိုင်း ၁၈၈၆ ခုနှစ် မြန်မာ့လွတ်လပ်ရေး နဲ့ အချုပ်အခြာ အာဏာ ဆုံးရှုံးခဲ့ချိန်ကစ ဒီကနေ့ မျက်မှောက်အချိန်ထိ နိုင်ငံ့သမိုင်းအကျဉ်းနဲ့ တပ်မတော် သမိုင်းအကျဉ်းကို ပြောပါတယ်။ သူပြောခဲ့တာကို အကျဉ်းချုပ် ပြန်ပြောရရင် ၁၈၈၆ ခုနှစ်မှာ အချုပ်အခြာ အာဏာ ဆုံးရှုံးပြီး သူ့ကျွန်ဘ၀ ရောက်ရတယ်၊ နောက်ပိုင်း မြန်မာ မျိုးချစ်တွေဟာ လွတ်လပ်ရေးရဖို့ ကြိုးပမ်းကြတယ်၊ အဲဒီကာလ မြန်မာတွေအတွက် တပ်မတော်တစ်ရပ် ဆိုတာ ရှိဖို့ လိုအပ်တာကြောင့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ မျိုးချစ်တွေဟာ ဂျပန် အကူအညီနဲ့ စစ်သင်တန်းတွေတက်၊ တပ်မတော် တရပ် ထူထောင်ကြတယ်၊ နောက်ပိုင်း နယ်ချဲ့ကို တော်လှန်အောင်မြင်ပြီး လွတ်လပ်ရေး ရခဲ့တယ်လို့ ပြောပါတယ်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း နယ်ချဲ့တွေက သွေးခွဲ အုပ်ချုပ်ခဲ့လို့၊ ကျဉ်းမြောင်းတဲ့ လူမျိုးရေး အမြင် ကိုင်စွဲကြလို့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ ဖြစ်လာပြီး အဲဒါကို ဗိုလ်ချုပ်ကြီးနေဝင်းက နှိမ်နင်းခဲ့ရတဲ့အကြောင်း၊ ၁၉၄၈ က စ တိုင်းပြည်ကို အုပ်ချုပ်လာတဲ့ ပါလီမန် ဒီမိုကရေစီ အစိုးရကလည်း ဒီမိုကရေစီကျင့်သုံးမှု အတွေ့အကြုံနဲ့ အလေ့အကျင့် မပြည့်၀ တာကြောင့် တိုင်းပြည် မတည်မငြိမ် ဖြစ်နေလို့ တပ်မတော်က အိမ်စောင့် အစိုးရအဖြစ် တာဝန်ယူပေးရတဲ့အကြောင်း၊ ၁၉၆၀ မှာ ရွေးကောက်ပွဲ အနိုင်ရ တက်လာတဲ့ ပြည်ထောင်စု အစိုးရကလည်း တိုင်းပြည်ကို ကောင်းကောင်း မအုပ်ချုပ်နိုင်၊ တဖက်မှာလည်း ဖက်ဒရယ်မူနဲ့ခွဲထုတ်ရေး ပြသနာ ပေါ်ပေါက်လာတာကြောင့် တပ်မတော်က တော်လှန်ရေး ကောင်စီ ဖွဲ့ပြီး နိုင်ငံတော် အာဏာကို ရယူခဲ့ရတယ်လို့ ဆိုပါတယ်။ အလားတူ ၁၉၈၈ ရောက်တော့ နိုင်ငံအတွင်းမှာ ဆူပူမှု အရေးအခင်းတွေ ဖြစ်ပြီး ပြည်ပ ပရောဂတွေ ပါလာလို့ တပ်မတော်က အခြေအနေကို ဝင်ထိန်းခဲ့ရကြောင်း၊ နောက်ပိုင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပေါ်ပေါက်အောင် ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၀ မှာ ရွေးကောက်ပွဲ လုပ်၊ ၂၀၁၁ မှာ အနိုင်ရ အစိုးရကို အာဏာလွဲှပေးခဲ့တာ ခုဆို ဒုတိယ အစိုးရ သက်တမ်းကို ရောက်နေပြီလို့ ပြောခဲ့ပါတယ်။ ဒီ ပြောဆိုချက်တွေဟာ တပ်မတော် စစ်ခေါင်းဆောင်တွေရဲ့ ဒီကနေ့ သမိုင်းအမြင်လို့ ပြောရင်လည်း ရပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့အဲဒီ ပြောဆိုချက်ကိုကြည့်ရင် တိုင်းပြည်မှာ စစ်အာဏာရှင် စနစ်ပေါ်ပေါက်လာတာ၊ အဲဒီ စစ်အာဏာရှင်တွေက တပ်မတော်ကို အသုံးချပြီး တိုင်းပြည်ကို ဖိနှိပ်အုပ်ချုပ်ခဲ့ကြတာ၊ စစ်အာဏာရှင် စနစ်ကြောင့်ပဲ တိုင်းပြည်ရဲ့ စီးပွားရေး၊ ပညာရေး အစစ အရာရာ ချွတ်ခြုံကျပြီး အိမ်နီးချင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်တောင် အောက်တန်းနောက်တန်း ကျခဲ့တာ၊ ယုတ်စွအဆုံး စစ်အာဏာရှင်တွေကြောင့် တပ်မတော်ရဲ့ တိုက်ခိုက်ရေး စွမ်းရည်၊ တိုင်းပြည်ကို ကာကွယ်နိုင်တဲ့ စွမ်းရည် ကျဆင်းခဲ့ရတာတွေကို သင်ခန်းစာယူပြီး အရိပ်အမြွက်လေး လောက်တောင် ထည့်သွင်းပြောသွားတာ မကြားကြရပါဘူး။ မိန့်ခွန်း တနေရာမှာတော့ တိုင်းပြည် နောက်ကျ ကျန်ရစ်တဲ့ ကိစ္စ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကြောင့် ဆိုပြီးတော့ ထည့်ပြောသွားတာကိုတော့ ကြားကြရပါတယ်။
အဲဒါနဲ့ ခြားနားစွာပဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အရင် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ လုပ်သမျှ တပ်မတော်ရဲ့ ခေါင်းစဉ်အောက်မှာ အားလုံး ကောင်းတယ်၊ တိုင်းပြည်အတွက် လုပ်သင့် လုပ်ထိုက်လို့ လုပ်ခဲ့ရတာချည်း ဖြစ်တယ် ဆိုတာမျိုးပဲ ပြောဆိုတာ တွေ့ခဲ့ကြရပါတယ်။
အခြားတဖက်မှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ လက်ရှိ သူတို့ ရပ်တည်ချက်ကို ထည့်ပြောခဲ့ပါတယ်။ အဲဒါကတော့ တပ်မတော်ဟာ နိုင်ငံတော် ကာကွယ်ရေး တာဝန်နဲ့ အမျိုးသားနိုင်ငံရေး တာဝန်တွေကို ထမ်းဆောင်မယ် ဆိုတာပါ။ ဒါဟာ ဖွံ့ဖြိုးပြီး နိုင်ငံအတော်တော်များများမှာ ကျင့်သုံးနေတဲ့၊ ဒီမိုကရေစီ စနစ်နဲ့ လျော်ညီတဲ့ ပရော်ဖက်ရှင်နယ် တပ်မတော် ဆိုတာမျိုးနဲ့ မတူ၊ ကွဲပြား ခြားနားတဲ့ ပုံစံပါ။ တနေရာမှာတော့ တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမယ် ဆိုတဲ့ အရင် စစ်အာဏာရှင်ခေတ်က အယူအဆ ကို ပြောဆိုထားပြန်ပါသေးတယ်။ တိုင်းပြည် တည်ငြိမ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ပါမှ၊ တိုင်းသူပြည်သားတွေ ပညာရည် မြင့်မားပါမှ ပြည်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ တပ်မတော်၊ တိုင်းပြည် ဘဏ္ဍာငွေ ဘတ်ဂျက်နဲ့ တည်ဆောက်ရတဲ့ တပ်မတော် အဆင့်မြင့် အင်အားတောင့်တင်းမှာ ဖြစ်ပါတယ်။ ဒါဟာ ရိုးရှင်းတဲ့ အယူအဆ ပါ။ အရင် စစ်အာဏာရှင်တွေခေတ်တုန်းကတော့ တပ်မတော်သာ အမိ တပ်မတော်သာ အဖ၊ တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည် ဆိုတဲ့ ဆောင်ပုဒ်တွေ ကိုင်စွဲခိုင်း၊ ဆိုင်းဘုတ်တွေ စိုက်ထူခိုင်းပြီး ပြည်သူနဲ့ တပ်မတော် အထင်အမြင် လွဲမှားအောင် လုပ်ခဲ့ကြတာပါ။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောတဲ့ နောက်တချက်က လွတ်လပ်စွာ ပြောဆိုရေးသားခွင့် ဆိုင်ရာ ကိစ္စပါ။ ဒီမိုကရေစီ စနစ်မှာ လွတ်လပ်စွာ ပြောဆို ရေးသားခွင့် ရှိတယ် ဆိုပေမယ့် စည်းမျဉ်း စည်းကမ်းနဲ့ အညီ ပြောဆို ရေးသားဖို့လိုပြီး တာဝန်ယူမှု တာဝန်ခံမှု ရှိရမယ်လို့ ဆိုထားပါတယ်။ တဆက်တည်း တပ်မတော် ပြိုကွဲအောင် ဂုဏ်သိက္ခာ ကျဆင်းအောင် အခြေအမြစ် မရှိတဲ့ ပြောဆို ရေးသားမှုတွေ ရှိနေတယ်လို့ ဆိုထားပြီး ဒါတွေကို သတိတရား၊အသိတရားနဲ့ ယှဉ်ပြီး တုန့်ပြန်သွားမယ်လို့ ဆိုပါတယ်။ ဒီ အချက်နဲ့ ပတ်သက်လို့ ဖြတ်သန်းခဲ့တဲ့ ၂ နှစ်တာကာလ တပ်မတော်နဲ့ ပတ်သက်ပြီး ရေးသားတာတွေကို တပ်မတော်ဘက်က ဥပဒေကြောင်းအရ ဆိုပြီး အရေးယူတာ ရှိခဲ့ဖူးသလို၊ လက်ရှိမှာလည်း သတင်း မီဒီယာသမား အများစု တပ်မတော်နဲ့ ပတ်သက်ပြီး ဝေဖန်ရေးသားဖို့ အတော်လေး သတိထားနေကြတာ ပကတိ အခြေအနေပါ။
အားလုံးကို ခြုံငုံသုံးသပ်ရရင် အရင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁နဲ့ ၂၀၁၆ ကြားကာလမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ မြန်မာ့တပ်မတော်ဟာ အရင် စစ်အာဏာရှင်ခေတ်တွေတုန်းကနဲ့ မတူအောင်၊ တပ်မတော်ကို ကောင်းတဲ့ဘက် ရောက်အောင် ပြုပြင်ပြောင်းလဲရေးတွေ အများကြီး လုပ်ခဲ့တာ တွေ့နိုင်ပါတယ်။ အခြားတစ်ဖက်မှာလည်း လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲနိုင်အောင်၊ သမ္မတ ဦးသိန်းစိန် အစိုးရ ဦးဆောင်မှုအောက်မှာ တက်တက်ကြွကြွ ပါဝင်ခဲ့တာကလည်း သမိုင်းမှတ်တမ်းပါပဲ။ ပွင့်လင်း လွတ်လပ်စ ပြုလာတဲ့ မီဒီယာတွေရဲ့ ရေးသားမှုတွေကိုလည်း အစိုးရအဖွဲ့နည်းတူ သီးခံခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရလက်ထက်မှာတော့ အဲလို အခြေအနေမျိုး မတွေ့ရသလို ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု နဲ့ ကိုက်ညီတဲ့ တပ်မတော် ပုံသဏ္ဍာန်မျိုး ဖြစ်အောင် ရည်မှန်းချက်ထား၊ နိုင်ငံရေးကနေ ဆုတ်ခွာဖို့ စနစ်တကျ ပြုပြင်ပြောင်းလဲနေတဲ့ အရိပ်အယောင်မျိုးလည်း မတွေ့ရသေးပါကြောင်း တင်ပြလိုက်ရပါတယ်။