နာမည်ကြီး ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲတဲ့ အမှုပေါင်း ၈၀ ကျော် ရှိလာချိန်၊ Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်း အဖမ်းခံရပေမယ့် အာမခံ ရသွားချိန်၊ တပ်မတော်က တရားစွဲထားတဲ့ The Voice သတင်းစာ အယ်ဒီတာချုပ် ကိုကျော်မင်းဆွေကို ဗဟန်း မြို့နယ် တရားသူကြီးက အာမခံပေးလိုက်ပြီးချိန် အဲဒီ ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်း အမျိုးသားလွှတ်တော်ဘက်မှာ ဆွေးနွေး ဆုံးဖြတ်လို့ ပြီးသွားပါပြီ။ ဆက်သွယ်ရေး ဥပဒေထဲက ပုဒ်မ ၆၆(ဃ) တစ်ပုဒ်လုံးကို ပယ်ဖျက်လိုက်ချင်တဲ့ အမတ်တွေနဲ့ လူပုဂ္ဂိုလ်တစ်ချို့ကတော့ အမျိုးသားလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို အားရကျေနပ်မှု မရှိကြပါဘူး။ အခု ပြည်သူ့လွှတ်တော်ဘက် ရောက်သွားပြီဖြစ်တဲ့ ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ မူကြမ်း ဘယ်နည်းဘယ်ပုံ ဖြစ်လာနိုင်သလဲ၊ နောက်ပိုင်း လွှတ်တော်က ပြင်ဆင်ပြီးသွားရင် ဆက်သွယ်ရေး ဥပဒေဟာ သတင်းမီဒီယာ သမားတွေနဲ့၊ ပြည်သူတွေကို ဒုက္ခပေးနိုင်တဲ့ ဥပဒေ ဆက်ပြီး ဖြစ်နိုင်ပါ့ဦးမလား ဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။
ဆက်သွယ်ရေး ဥပဒေ၊ အဲဒီအထဲကမှ ပုဒ်မ ၆၆(ဃ) ရေပန်းစားလာတာ၊ သူ့ကို အသုံးပြုပြီး တရားစွဲမှု များလာတဲ့ဆီမှာ အချက် (၃) ချက်လောက် ပါပါတယ်။ ပထမ တစ်ချက်က အွန်လိုင်းမှာ အသရေ ဖျက်ပါတယ် ဆိုပြီး ရဲစခန်းမှာ သွားရောက် တိုင်တန်းလိုက်တာနဲ့၊ ရဲတပ်ဖွဲ့က လုပ်ကိုင်စရာရှိတာ လုပ်ကိုင်ပြီး သက်ဆိုင်ရာ မြို့နယ် ဥပဒေအရာရှိရဲ့ မှတ်ချက်နဲ့ တရားရုံးကို တင်ပို့လိုက်ပြီ၊ တရားရုံးကလည်း အမှုကို လက်ခံလိုက်ပြီဆိုတာနဲ့ အဲဒီတရားခံကို ရဲကဖမ်း၊ သက်သေခံ ပစ္စည်းအဖြစ် မိုဘိုင်းဖုန်းတွေ ကွန်ပျူတာတွေကို သိမ်းဆည်း၊ အချုပ်ထဲ တစ်ခါတည်း တန်း ထည့်လိုက်တတ်ကြလို့ပါပဲ။ ယေဘူယျအားဖြင့် အဲဒီ ပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲတင်လာတဲ့ အမှု အများစုကို သက်ဆိုင်ရာ တရားရုံးတွေကလည်း အာမခံ မပေးတတ်ကြပါဘူး။ တစ်ချို့ အမှု တစ်ခုတစ်လေနဲ့ အခုနောက်ဆုံး ဖြစ်ခဲ့တဲ့ မြန်မာနောင်း အယ်ဒီတာချုပ် ကိုဆွေဝင်းလို တရားသူကြီးက ရဲရဲဝန့်ဝန့် အာမခံပေးလိုက်တာမျိုးက နည်းပါတယ်။ ပြောရရင် ကိုယ်က ရဲစခန်း သွားတိုင်မယ်၊ တရားသူကြီးက အမှုကို လက်ခံလိုက်ပြီဆိုတာနဲ့ အာမခံမရ၊ အချုပ်ထဲကနေ အမှုကို ရင်ဆိုင်ရလေ့ ရှိတာကြောင့် စွပ်စွဲခံရသူဘက်က နစ်နာတယ် ဆိုပေမယ့် တရားစွဲတဲ့သူတွေဘက်က ကြိုက်ပြီး ရေပန်းစားတာ အဲဒီ အချက်ကြောင့် အဓိက ဖြစ်ပါတယ်။
ပုဒ်မ ၆၆(ဃ) ကို နောက်ထပ် လူသုံးများရတဲ့ အကြောင်းအရင်းကတော့ ဘာမဆိုင်၊ ညာမဆိုင် တတိယ လူက ဝင် တရားစွဲလို့ရနေတဲ့ ကိစ္စပါ။ ဥပမာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ကို ဖြစ်စေ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖြစ်စေ၊ ရပ်ကွက်ထဲက တစ်ယောက်ယောက်ကို ဖြစ်စေ ဘယ်သူ့ကိုမဆို အသရေ ဖျက်ပါတယ် ဆိုပြီး ကြားလူ တစ်ယောက်ယောက်က ဝင်တရားစွဲလို့ ရနေတဲ့ ကိစ္စပါ။ အသရေဖျက်မှုနဲ့ ဆိုင်တဲ့ နဂို ရှိရင်းစွဲ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၀ မှာတော့ ကာယကံရှင် ကိုယ်တိုင် သူ့ရဲ့ နစ်နာမှုအတွက် တရားစွဲဖို့ ပြဌာန်းထားတာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ Faebook လူမှု ကွန်ယက်စာမျက်နှာ အသုံးများလာချိန်၊ ပြည်သူတွေကလည်း လွတ်လွတ်လပ်လပ် ရေးသားလာကြချိန်မှာ ဖော်ပြချက် တစ်စုံတစ်ခုနဲ့ ပတ်သက်လို့ ကိုယ်နဲ့ မသက်ဆိုင်သည့်တိုင် တစ်ဖက်သားကို ဒုက္ခရောက်စေချင်တဲ့ စိတ်ဆန္ဒနဲ့ ကြားလူတွေက ပုဒ်မ ၆၆(ဃ) ကို သုံးပြီး တရားစွဲမှု ခေတ်စားလာတာ ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ ကာယကံရှင် ကိုယ်တိုင်ဆိုရင် တရားစွဲချင်မှ စွဲမှာ ဖြစ်ပေမယ့် ကြားလူတွေက တရားစွဲခွင့်ရနေတဲ့ အခြေအနေအောက်မှာ ပုဒ်မ ၆၆(ဃ) ကို လူအများ သုံးစွဲလာကြတာ ဖြစ်ပါတယ်။
တတိယ တစ်ချက်ကတော့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) မှာ တရားစွဲနိုင်တဲ့ အချက်အလက် များပြားနေတာ ဖြစ်ပါတယ်။ ဒီအချက်သုံးချက်ကြောင့် ပုဒ်မ ၆၆(ဃ) ကို အသုံးပြုပြီး တရားစွဲမှု များလာတာ ဖြစ်ပြီး အဲဒီ ပုဒ်မလည်း နာမည်ဆိုးနဲ့ ကျော်ကြားရတာ ဖြစ်ပါတယ်။ လက်ရှိ လွှတ်တော်ထဲ တင်သွင်းလိုက်တဲ့ ဥပဒေကို ခုလို ပြင်ဆင်မယ် ဆိုပြီး ဥပဒေကြမ်းမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
ပုဒ်မ ၆၆(ဃ) မှာ - ဆက်သွယ်ရေး ကွန်ယက် တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ် တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာ သုံးခြင်း၊ သို့မဟုတ် ခြိမ်းခြောက်ခြင်း- ဆိုပြီး ပြဌာန်းထားတာကို "ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း (သို့မဟုတ်) အသရေဖျက်ခြင်း(သို့မဟုတ်) နှောင့်ယှက်ခြင်း (သို့မဟုတ်) ခြိမ်းခြောက်ခြင်း"ဆိုတဲ့ စကားရပ်နဲ့ အစားထိုးရမယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့်မို့ နဂို ပြဌာန်းချက်ပါ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း နဲ့ မလျော်သြဇာ သုံးခြင်း တို့ကို ပယ်ဖျက်မယ် ဆိုတဲ့ သဘောဖြစ်ပါတယ်။ ဒါ့အပြင် ပြင်ဆင်မယ့် ဥပဒေမူကြမ်းထဲမှာ ပုဒ်မ ၆၆(ဃ) အပါအဝင် အခြား ပုဒ်မ နှစ်ခုကို အာမခံပေးနိုင်တဲ့ ပြစ်မှုတွေအဖြစ် ပြင်ဆင်ထားတာကို တွေ့ရပါတယ်။ ထူးခြားချက်အနေနဲ့ အရင် ပြဌာန်းချက်အရ နစ်နာမှု တစ်ခုခုအတွက် ဘယ်သူမဆို တရားစွဲလို့ ရပေမယ့် အခု ပြင်ဆင်ချက်မှာတော့ နစ်နာသူ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလွဲှအပ်ခြင်း ခံရသူက ဖြစ်စေ တိုင်တန်းရမယ် ဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါက ဆက်သွယ်ရေး ဝန်ကြီးဌာနက တင်သွင်းတဲ့ ဥပဒေ မူကြမ်းပါ။
အခု အဲဒီ ဥပဒေကြမ်း အမျိုးသားလွှတ်တော်ကို တင်သွင်းတဲ့အခါ အမတ်တစ်ချို့ကတော့ နာမည်ကြီးနေတဲ့ ပုဒ်မ ၆၆(ဃ) တစ်ပုဒ်လုံးကို ပယ်ဖျက်ချင်တယ် ဆိုပြီး သဘောထား ပေးကြပါတယ်။ ဒါပေမယ့် ဆက်သွယ်ရေး ဝန်ကြီးဌာနကရော၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဘက်ကပါ ဒီ ပုဒ်မ ဆက်ပြီး ရှိသင့်တယ်လို့ သဘောထားရှိတာ တွေ့ရပါတယ်။ ဒီလိုနဲ့ လွှတ်တော်တွင်းမှာ နည်းနည်းပါးပါး ပြင်တာကလွဲပြီး တကယ့် အဓိကကျတဲ့ အချက်တွေမှာ ဥပဒေကြမ်းပါ ဖော်ပြချက်တွေအတိုင်း အတည်ပြုပေးလိုက်တာ တွေ့ရပါတယ်။ ဒီဥပဒေကြမ်း ပြည်သူ့လွှတ်တော်ဘက် ရောက်သွားရင်လည်း တစ်ချို့ အချက်အလက် နည်းနည်းပါးပါးက လွဲရင် အမျိုးသားလွှတ်တော် ဘက်က အတည်ပြုပေးထားတဲ့အချက်တွေအတိုင်း ဆက်ပြီး အတည်ပြုဖို့ များပါတယ်။ ဥပမာအားဖြင့် ပုဒ်မ ၆၆(ဃ) ပါ ပြဌာန်းချက်တွေနဲ့ ပတ်သက်ပြီး အာမခံ မပေးပဲနေတဲ့ ပုဒ်မ အဖြစ်ကနေ အာမခံ ပေးနိုင်သည် ဆိုတဲ့ အချက်၊ ဘယ်သူမဆို ဝင်ပြီး တရားစွဲလို့ ရတဲ့ ပြဌာန်းချက်ကနေ နစ်နာသူ ကိုယ်တိုင်(သို့မဟုတ်)ကိုယ်စားလွှဲအပ်ထားသူမှသာ တရားစွဲဆိုရမည် ဆိုတဲ့အချက်တွေကို ဆက်ပြီး အတည်ပြုပေးလိုက်ဖို့ များပါတယ်။
တရားစွဲတဲ့သူဟာ ကိုယ်တိုင် နစ်နာသူ သို့မဟုတ် နစ်နာသူက ကိုယ်စားလှယ်လွဲအပ်သူ ဖြစ်ရမယ့် အချက်၊ တရားစွဲပြီ ဆိုရင်လည်း ပုံမှန် အနေအထားအောက်မှာ အာမခံပေးရမယ့် အချက်၊ အဲဒီ နှစ်ချက်နဲ့တင် ဒီ ပုဒ်မကို အသုံးပြုသူ အလွန်နည်းသွားမှာ သေခြာသလောက်ရှိပါတယ်။ တစ်ဖက်မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်လို၊ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကို လူမှုကွန်ယက်စာမျက်နှာတွေကနေ အသရေဖျက်တာမျိုးကိုတော့ သူတို့ရဲ့ ကိုယ်စားလှယ်တွေက ဒီ ဥပဒေနဲ့ ဆက်ပြီး တရားစွဲဦးမယ့် အခြေအနေ ရှိနေသေးပေမယ့်၊ အခြားတစ်ဖက်မှာတော့ အင်တာနက် လူမှုကွန်ယက် စာမျက်နှာကနေ အသရေဖျက်တာ၊ နှောင့်ယှက်တာ၊ ခြိမ်းခြောက်တာတွေနဲ့ ပတ်သက်ပြီး တကယ့်ကို နစ်နာသူတွေက တရားမျှတမှုရှိအောင် တရားစွဲဆိုခွင့် ဆက်ရနေဦးမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ ပုဒ်မ ၆၆(ဃ)ဆက်ရှိနေသေးတဲ့တိုင် လွှတ်တော်က ပြင်ဆင်ထားတဲ့ ဥပဒေမူကြမ်း အတည်ပြုပြဌာန်းပြီးရင် သတင်းမီဒီယာတွေနဲ့ ပြည်သူတွေကို ဒုက္ခပေးနေတဲ့ ပြသနာဆိုးကြီးတစ်ခု ရှင်းလင်းသွားနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။