မြန်မာနိုင်ငံပြဿနာပြေလည်စေရေး သဘောတူထားတဲ့ အစီအစဉ်တွေအတိုင်း မြန်မာနိုင်ငံက အကောင်အထည်ဖော်လာအောင် စင်္ကာပူနိုင်ငံအနေနဲ့ အင်ဒိုနီးရှားအပါအဝင် တခြားအာဆီယံနိုင်ငံတွေအပြင် ကုလသမဂ္ဂလို မိတ်ဘက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး တွန်းအားပေးဆောင်ရွက်သွားမယ်လို့ စင်္ကာပူဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။ စင်္ကာပူကိုရောက်နေတဲ့ အင်ဒိုနီးသမ္မတ Joko Widodo နဲ့ ဒီနေ့ တွေ့ဆုံစဉ် စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong ကခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
“မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် တိုးတက်မှုမရှိတဲ့အပေါ် ကျနော်တို့ ၂ ယောက်လုံး စိတ်မကောင်းပါဘူး။ ဒီဘုံသဘောတူညီချက် အပြည့်အ၀ အကောင်အထည် ဖော်နိုင်တဲ့အထိ စင်ကာပူအနေနဲ့ အင်ဒိုနီးရှား၊ တခြား အာဆီယံနိုင်ငံတွေနဲ့သာမက ကုလသမဂ္ဂလို အာဆီယံရဲ့ မိတ်ဘက်အဖွဲ့တွေနဲ့ပါ တွန်းအားပေးလုပ်သွားမယ်"လို့ စင်ကာပူ ဝန်ကြီးချုပ် Lee Hsien Loong က ပြောကြားခဲ့တာဖြစ်ပါတယ်။ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ အင်ဒိုနီးရှားနဲ့ စင်ကာပူနိုင်ငံတို့ဟာ မြန်မာနိုင်ငံဘက်က အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ပျက်ကွက်နေတဲ့အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ထောက်ပြနေတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် နေရာအနှံ့ဖြစ်လာတဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကြား တွေ့ဆုံဆွေးမှု အဖြေရှာဖို့နဲ့ လိုအပ်သူတွေထံ လူသားချင်းစာနာမှု အကူအညီတွေ ပေးပို့နိုင်ဖို့ စတာတွေပါဝင်တဲ့ ဘုံသဘောတူညီချက် ၅ ခုကို မြန်မာအပါအဝင် သဘောတူညီထားတာဖြစ်ပါတယ်။
စင်္ကာပူမှာ စင်္ကာပူဝန်ကြီးချုပ်နဲ့ အင်ဒိုနီးရှားသမ္မတတို့ ဒီနေ့ တွေ့ဆုံရာမှာ ၂ နိုင်ငံအရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ Nusantara မှာ အင်ဒိုနီးရှားမြို့တော်သစ် တည်ဆောက်နေတဲ့အပေါ် စင်ကာပူနိုင်ငံက ပံ့ပိုးကူညီသွားရေးအပါအဝင် နားလည်းမှုစာချွန်လွှာ တချို့ကိုလည်း ၂ နိုင်ငံကြား လက်မှတ်ရေးထိုးခဲ့ကြပါတယ်။