သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်ကာပူ OCBC ဘဏ်ခွဲ ရန်ကုန်မှာ ဖွင့်


စင်ကာပူ အခြေစိုက် OCBC ဘဏ် ရန်ကုန်ဌာနခွဲ မိတ်ဆက်ပွဲ။
စင်ကာပူ အခြေစိုက် OCBC ဘဏ် ရန်ကုန်ဌာနခွဲ မိတ်ဆက်ပွဲ။

နိုင်ငံတကာရဲ့ စိတ်ဝင်စားမှုတွေ ပိုရလာတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ နဲ့ ပတ်သက်ပြီး လိုအပ်တဲ့ ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုတွေနဲ့ လိုအပ်တဲ့ အထောက်အကူပြုမှုတွေပေးနိုင်ဖို့အတွက် ဘဏ်ခွဲ ဖွင့်လှစ်တာဖြစ်တယ် လို့ စင်ကာပူနိုင်ငံ အခြေစိုက် OCBC ဘဏ်ကတာဝန်ရှိသူတစ်ဦးက Sule Shangri La မှာကျင်းပတဲ့ OCBC ဘဏ် မိတ်ဆက်ပွဲမှာ ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ OCBC ဘဏ်က အဓိက ဘာတွေ ဆောင်ရွက်ဖို့ရှိလဲဆိုတာကို ကိုယ်တိုင် သတင်း သွားယူခဲ့တဲ့ VOA သတင်းထောက် မသိင်္ဂ ီလင်းက ပြောပြပေးမှာပါ။

ပွင့်လင်းစပြုလာတဲ့ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှပ်နှံကြတဲ့ နိုင်ငံခြား လုပ်ငန်းတွေ အတွက် လိုအပ်တဲ့ ငွေကြေးဆိုင်ရာ ဝန်ဆောင် မှုတွေ ပေးနိုင်ဖို့၊ ဒေသ တွင်းနိုင်ငံတွေ က လာရောက်ရင်းနှီးမြှုပ်နှံ့လိုသူတွေကို အားပေး ကူညီဖို့ ဘဏ်ခွဲ လာရောက်ဖွင့်လှစ်တာဖြစ်တယ်လို့ စင်ကာပူအခြေစိုက် Oversea-Chinese Banking Corporation OCBC ဘဏ်ရဲ့ Global commercial banking ကမ္ဘာတဝှမ်း ကူးသန်းရောင်းဝယ်ရေးဘဏ်လုပ်ငန်းအကြီးကဲ Linus Goh ကပြောဆိုလိုက်ပါတယ်။ OCBC ဘဏ် ရရှိထားတဲ့ နိုင်ငံခြားဘဏ်လိုင်စင်အရ လုပ်ပိုင်ခွင့်နဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေကို ဦးစားပေးလုပ်ကိုင်မယ့်အကြောင်း အခုလို ပြောပြပါတယ်။

"ကျနော်တို့ဘဏ် ရရှိထားတဲ့ လိုင်စင်အရဆိုရင် ကဏ္ဍ ၂ ရပ်မှာ လုပ်ငန်းတွေ လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။ ပထမအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေကြ တဲ့ နိုင်ငံခြား လုပ်ငန်းတွေ၊ ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်နေတဲ့ ကဏ္ဍတွေမှာ လိုအပ်နေတဲ့ ငွေကြေးဆိုင်ရာဝန်ဆောင်မှုတွေပေးဖို့ ရှိပါတယ်။ ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာရှိတဲ့ စွမ်းအင်၊ ဆက်သွယ်ရေးလုပ်ငန်းတွေ၊ အခြေခံ အဆောက်အအုံတွေ၊ ခရီးသွားလုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့ နိုင်ငံတကာ လုပ်ငန်းရှင်တွေနဲ့ ပူးတွဲလုပ်ကိုင်နေကြတဲ့ မြန်မာလုပ်ငန်းရှင်တွေကို ဘယ်လို ဝန်ဆောင်မှုတွေ ပေးနိုင်မလဲဆိုတာကိုလည်း ပြီးခဲ့တဲ့လတွေက ဆွေးနွေး ခဲ့ကြပါတယ်။"

OCBC ဘဏ်အနေနဲ့ စစချင်းမှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ၊ စီမံကိန်းတွေ၊ နိုင်ငံတကာနဲ့ ပူးတွဲလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို ကူညီဖို့ ဦးတည်ထားပြီး နောက်ပိုင်း မြန်မာနိုင်ငံဗဟိုဘဏ်က ခွင့်ပြုရင်တော့ ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေကိုပါ ငွေကြေးဝန်ဆောင်မှုတွေ ပေးသွားမယ်လို့လည်း သူကပြောပါတယ်။ ရရှိထားတဲ့ ဘဏ်လုပ်ငန်းလိုင်စင် အရ မြန်မာနိုင်ငံ က ပြည်တွင်းဘဏ် လုပ်ငန်းတွေနဲ့လည်း ပူးပေါင်းလုပ်ကိုင်မယ့်အကြောင်းကို ဖွင့်ဟပါတယ်။

"လုပ်ငန်းလိုင်စင်အရ နောက်ထပ်လုပ်ခွင့်ရတာက ပြည်တွင်းဘဏ်တွေနဲ့ တွဲဖက် လုပ်ကိုင်ဖို့ ဖြစ်ပါတယ်။ ဒါဟာ အရမ်းအရေးကြီးပါတယ်။ အခုကျနော်တို့ အနေနဲ့ မြန်မာ့ပြည်တွင်းဘဏ်တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ရရှိထားပြီး ဒါကိုလည်း မြန်မာနိုင်ငံ မှာကောင်းမွန်တဲ့ ဘဏ်လုပ်ငန်းတွေဖြစ်လာနိုင်ဖို့ အသုံးချသွားမှာပါ။ အဓိက အရေးကြီးတာကတော့ ဘဏ်အချင်းချင်းဆက်သွယ်မှု တိုးတက်ရေး၊ ဈေးကွက်ချဲ့ထွင်ရေး၊ ငွေပေးချေမှုစနစ် တိုးတက်ရေး စတာတွေဟာ စီးပွားရေးလုပ်ငန်းတွေကို ကူညီနိုင်တဲ့ ဘဏ္ဍာရေး အခြေခံအဆောက်အဦဖြစ်လာဖို့ အတွက် အရေးကြီးတဲ့ ကဏ္ဍတွေဖြစ်ပါတယ်။"

OCBC ဘဏ်ဟာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေ စတင်လုပ်ကိုင်ဖို့ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် အောက်တိုဘာလမှာ ယာယီလုပ်ငန်းလိုင်စင် ရခဲ့ပြီး ၂၀၁၅ ခုနှစ် ဧပြီလ ၂ ရက်နေ့မှာတော့ ဘဏ်ခွဲဖွင့်လှစ်ဖို့ အပြီးသတ်လိုင်စင်ရရှိခဲ့တာပါ။ ဒီကနေ့ ဧပြီလ ၂၃ ရက်နေ့မှာတော့ OCBC ရန်ကုန်ရုံးခွဲကို စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
OCBC ဘဏ် ကနေ လောလောဆယ် ဆောင်ရွက်ပေးမယ့် ဝန်ဆောင်မှု လုပ်ငန်းတွေ ကိုတော့ ရန်ကုန်ရုံးခွဲ ဌာနေကိုယ်စားလှယ် Daniel Tan က အခုလို ရှင်းပြပါတယ်။

"ကျနော်တို့ ပေးမယ့် ဝန်ဆောင်မှုတွေကတော့ ငွေကြေးစီမံခန့်ခွဲမှု၊ စီမံကိန်း အလိုက် ငွေချေးမှု၊ နေ့စဉ်လုပ်ငန်းသုံးချေးငွေထောက်ပံ့မှု၊ ကုန်သွယ်ရောင်းဝယ်ရေး ဆိုင်ရာ ငွေကြေးဝန်ဆောင်မှု နဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှုတွေဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်ဒေါ်လာ၊ စင်ကာပူ ဒေါ်လာနဲ့ မြန်မာကျပ်ငွေတွေကို စာရင်းရှင်နဲ့ အပ်ငွေစာရင်းတွေကို ဖွင့်လှစ်နိုင်မှာဖြစ်ပြီး ချေးငွေ နဲ့ နိုင်ငံခြားငွေ လဲလှယ်မှုတွေကိုလည်း လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ OCBC ဘဏ်အနေနဲ့ သုံးစွဲသူတွေကို အင်တာနက်ဘဏ်ဝန်ဆောင်မှုလည်း ပေးမှာဖြစ်ပါတယ်။ OCBC ရဲ့ စီးပွားရေးလုပ်ငန်းသုံး အင်တာနက်ဘဏ်ဝန်ဆောင်မှု Velocity@ocbc ကို အသုံးပြုသူတွေဟာ မိမိတို့ ဘဏ်ငွေစာရင်းကို ၂၄ နာရီလုံး ကြည့်ရှုနိုင်မှာဖြစ်ပြီး ငွေလွှဲ၊ ငွေပေးချေမှုတွေလည်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

အခု ရန်ကုန်ဘဏ်ခွဲအသစ်မှာ စာရင်းတင် ရင်းနှီးမတည်ငွေ အမေရိကန်ဒေါ်လာ ၇၅ သန်းရှိပြီး နောက်နှစ်တွေမှာ လိုအပ်လာရင်တော့ တိုးမြှင့်မတည်သွားဖို့ အစီအစဉ်ရှိတယ်လို့ Mr. Linus Goh က ပြောပါတယ်။ နိုင်ငံခြား ဘဏ်တွေ မြန်မာနိုင်ငံမှာ ဝင်ရောက်လာတော့ ပြည်တွင်းဘဏ်တွေ အနေနဲ့လည်း လုပ်ငန်းနဲ့ ဝန်ဆောင်မှုတွေကို ပိုမိုတိုးမြှင့်လာလိမ့်မယ်လို့လည်း သူက သုံးသပ်ပါတယ်။

"နိုင်ငံခြားဘဏ်တွေ ဝင်လာတဲ့အခါ ပြည်တွင်းဘဏ်တွေဟာလည်း အားအင်တွေ ဖြစ် လာပြီး လူ့စွမ်းအားအရင်းအမြစ်အပိုင်းကို တိုးမြှင့်ပေးဖို့ လိုအပ်ပါတယ်။ ဝန်ထမ်းတွေရဲ့ အရည်အချင်းကို မြှင့်တင်ဖို့က မြန်မာနိုင်ငံအတွက် အရေးကြီးပါတယ်။ အနာဂတ်မှာ အောင်မြင်တဲ့ဘဏ္ဍာရေးအဆောက်အဦဖြစ်လာဖို့ ဝန်ထမ်းတွေကို သင်တန်းပေး လေ့ကျင့်ပေးဖို့လည်း လိုအပ်နေပါတယ်။
OCBC ဘဏ်အနေနဲ့ လုပ်ငန်းလိုင်စင်အရ ဘဏ်ခွဲ ၁ ခုသာ ဖွင့်ခွင့်ရ တာကြောင့် နိုင်ငံတဝှမ်း ဖြန့်ကျက်နိုင်ဖို့ ပြည်တွင်းက ဘဏ်ကြီး ၃ ခုနဲ့ ချိတ်ဆက်ထားတယ်လို့လည်း Linus Goh က ပြောပါတယ်။

OCBC ဘဏ်ဟာ ၁၉၂၀ ခုနှစ်က စတင်ပြီး ရန်ကုန်မြို့ နဲ့ လားရှိုးမြို့တွေမှာ ကိုယ်စားလှယ်ရုံးတွေ ဖွင့်လှစ်ခဲ့သလို အခုအခါ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှာ ဘဏ်ခွဲနဲ့ ကိုယ်စားလှယ်ရုံးပေါင်း ၆၃၀ ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။

XS
SM
MD
LG