သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိအားပေးခြိမ်းခြောက်ခံရတဲ့မြို့တွေလည်း တိတ်ဆိတ်ခြင်းသပိတ်မှာ ပါဝင်ခဲ့


အောင်လံမြို့ ဆိတ်ငြိမ်ခြင်းသပိတ် (ဓာတ်ပုံ-အောင်လံမြို့/၁၂-၁၀-၂၀၂၁)
အောင်လံမြို့ ဆိတ်ငြိမ်ခြင်းသပိတ် (ဓာတ်ပုံ-အောင်လံမြို့/၁၂-၁၀-၂၀၂၁)

{{Zawgyi/Unicode}}

နိုင်ငံတဝန်း ဒေသအများအပြားမှာ အသံတိတ်သပိတ် ဆင်နွှဲခဲ့ကြတဲ့ထဲ မကွေး၊ ကလေးနဲ့ မူဆယ်မြို့တွေလည်းပါဝင်ပါတယ်။ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေက ခြိမ်းခြောက် ဖိအားပေးတဲ့ကြားကပဲ အသံတိတ်သပိတ်မှာ ပါဝင်ခဲ့ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခွာညိုက တင်ပြပေးထားပါတယ်။

ဒီနေ့မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ အသံတိတ်သပိတ်ဆင်နွှဲဖို့ လှုံ့ဆော် ထားတာကြောင့် ဒီနေ့မှာ ဈေးတွေ ဆိုင်တွေ မပိတ်ဖို့နဲ့ ပိတ်ရင် အရေးယူမယ်လို့ စစ်ကောင်စီက နိုင်ငံတဝန်း ဒေသအတော်များများမှာ မနေ့က စစ်ကားတွေနဲ့ လှည့်လည် ကြေညာခဲ့ပါတယ်။

မကွေးမြို့မှာတော့ တမြို့လုံးက ဆိုင်ပိုင်ရှင်တွေအားလုံးကို အစည်းအဝေး မတက်မနေရ ခေါ်ယူပြီး အသံတိတ်သပိတ်မှာ လုံးဝ မပါဝင်ဖို့ လက်မှတ်ထိုးခိုင်းတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ အဲဒီလို စစ်ကောင်စီ ဖိအားပေးမှုကြားကပဲ ဆိုင်တွေပိတ်ပြီး အသံတိတ်သပိတ်မှာ ပါဝင်ခဲ့ကြတယ်လို့ ဒေသခံက ဗွီအိုအေကိုပြောပါတယ်။

“မကွေးက ဈေးကြီး ၅ ဈေးမှာ ၅ ဈေးလုံးနီးပါးက အကုန်ပိတ်သလောက်ပါပဲခင်ဗျ။ အဲ့ဒီမှာမှ ရန်ပယ်ဈေး အတွင်းပိုင်းမှာတော့ ဈေးသည်တွေကို မနေ့က လက်မှတ်ထိုးခိုင်းတာတွေ သတိပေးတာတွေ လုပ်တယ်။ သို့သော် ဈေးသည်တွေအားလုံးက ဈေးဗန်းခင်းပြီးတော့ သူတို့အားလုံးက ကိုယ့်အိမ်ကိုယ် ပြန်နေကြတယ်။ ပစ္စည်းတွေလည်း ပျောက်ချင်ပျောက် ယူချင်တဲ့သူ ယူဆိုပြီးတော့ အဲ့လိုတွေ လုပ်ကြတယ်ဗျ။ တကယ်လို့များ ဒီနေ့မှာမှ ဈေးခင်းတာမတွေ့ဘူးဆိုလို့ရှိရင် နောက်ရက်တွေမှာ ဈေးထဲမှာ ရောင်းခွင့်မပေးဘူးဆိုပြီးတော့ သူတို့က အဲ့လိုမျိုး ခြိမ်းခြောက်မှုတွေ ရှိတယ်ခင်ဗျ။ လက်ဘက်ရည်ဆိုင်တွေကတော့ သူတို့က ဖွင့်ထားရတယ်၊ သို့သော် သူတို့က ဘာမှ မရောင်းဘူး။ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီထိ။ အဲ့ဒါကလည်း ဒီစစ်ကောင်စီရဲ့ ဖိအားကြောင့်ပေါ့။”

မကွေးမြို့မှာ ပိတ်ထားတဲ့ဆိုင်တွေကို နေ့လည်ပိုင်းလောက်မှာ စစ်တပ်က ထုရိုက်ဖျက်ဆီးတာမျိုးတွေ လုပ်ခဲ့တယ်လို့ အဲဒီဒေသခံကပဲ ပြောပါတယ်။

“နေ့လယ် ၁၂ နာရီကျော်ကျော်မှာ အဓိက ပြည်တော်သာ လမ်းမကြီးပေါ်မှာရှိတဲ့ ဆိုင်ခန်းတွေကို ခြေထောက်တွေနဲ့ ကန်၊ ဈေးဆိုင်ခန်းတွေကို ပိတ်ရကောင်းမလားဆိုပြီးတော့ ပြဿနာတွေရှာတယ်။ ရမ်းကားတယ်။ စစ်သားတွေ ၈၀ နီးပါးလောက်ရှိတယ်။ ပြည်တော်သာလမ်း၊ အထက ၁ လမ်း အဲ့လမ်းတွေမှာ ပိတ်ထားတဲ့ဆိုင်တွေကို အတော်များများကို သူတို့က ခြိမ်းခြောက်မှုတွေ လုပ်တယ်။ ခြေထောက်တွေနဲ့ ကန်ပြီး Lock ဖွင့်ခိုင်းတာတွေ လုပ်တယ်ခင်ဗျ။ ဆိုင်ရှင်တွေက ဆိုင်တွေကို ပိတ်ပြီးတော့ ရှောင်သွားကြတဲ့အတွက် သူတို့တွေ နောက်ပြန်လှည့်သွားတယ်ဗျ။”

မူဆယ်မြို့မှာလဲ ဆိုင်တွေမပိတ်ဖို့ ကြာသပတေးနေ့မှာစစ်တပ်က ခြိမ်းခြောက်ပြောဆိုခဲ့ပေမယ့် ဒီကနေ့မှာတော့ ဆိုင်အားလုံးပိတ်ပြီး လမ်းတွေပေါ် လူတွေ လုံးဝမထွက်ကြဘဲ တိတ်ဆိတ်ခြင်း သပိတ်မှာ ပါဝင်ခဲ့ကြပါတယ်။ ဆိုင်တွေပိတ်ရင် စည်ပင်ဥပဒေအရ အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တဲ့ မူဆယ်မြို့၊ စည်ပင်ရုံးမှာ ဒီကနေ့ နေ့လည်လောက်က ပေါက်ကွဲမှုတခု ဖြစ်ခဲ့တယ်လို့ မူဆယ်ဒေသခံ ကိုအောင်နိုင်သူက ဗွီအိုအေကို ပြောပါတယ်။

“ဗုံးပေါက်ကွဲတာတော့ မှန်တယ်။ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက လုပ်တယ်လို့ ကျနော်တို့ သိရတယ်ဗျ။ လူနာတင်ကားဖြတ်သွားတာကိုတော့ ကျနော်တို့ အိမ်နားကနေ ကြားလိုက်တယ်။ မနေ့က အပြင်ကို ဒီမနက်အထိကို မိုက်နဲ့ ပတ်အော်တယ်၊ အကယ်၍ ဒီနေ့ ဆိုင်မဖွင့်ရင် စည်ပင်ဥပဒေအရ ဆိုင်တလ ပိတ်သိမ်းရမယ်ဆိုပြီးတော့ လိုက်အော်တော့ အဲ့ဒါကို မကျေနပ်လို့ ဖောက်ခွဲခဲ့တယ်လို့ ပြောပါတယ်ဗျ။”

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာလည်း ဒီကနေ့ တိတ်ဆိတ်ခြင်းသပိတ် ဆင်နွှဲကြပါတယ်။ တိတ်ဆိတ်ခြင်းသပိတ်မလုပ်ခင် မနက်အစောပိုင်းက စစ်အာဏာသိမ်းပြီးကတည်းက ပျက်ရက်မရှိ နေ့စဉ်ပုံမှန် ဆန္ဒပြနေကြ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ချီတက်ပြီး ဆန္ဒပြခဲ့ကြပါသေးတယ်။ ဒီကနေ့မှာ ပုံမှန်နေ့တွေထက် စစ်ကောင်စီက အင်အားအများအပြားနဲ့ ကလေးမြို့တွင်းမှာ လုံခြုံရေးယူထားပြီး ကင်းလှည့်နေတာတွေ ရှိတယ်လို့ ကလေးမြို့သပိတ်မှာ ပါဝင်သူတဦးက ပြောပါတယ်။

“ကျနော်တို့သပိတ်က Silent Time ၁၀ နာရီ မတိုင်ခင်မှာ လူ့အခွင့်အရေးနေ့အတွက် Campaign တွေ Black Campaign လုပ်ကြမယ်ဆိုပြီးတော့ တိုင်ပင်ပြီး လုပ်ဖြစ်တာပေါ့။ မနက်အစောကြီးကတည်းကစပြီး လုံခြုံရေး ကင်းလှည့်တာတွေ ရှိတယ်။ တာဟန်း ခံတပ်ဘက်ရယ်။ ကလေးမြို့ ဘုန်းကြီးကျောင်းဘက်တွေမှာ ကားတွေနဲ့၊ မြို့ထဲမှာလည်း လှည့်နေတာရှိတယ်ပေါ့။ Silent သပိတ်ခေါ်ပြီးတော့ အလစ်တိုက်ခံရမှာ ဘာညာကြောက်လို့လားတော့ မသိဘူး၊ လုံခြုံရေးတွေ ပိုပတ်တယ်။ လူထုအားလုံးကဒီအခြေအနေမှာပေါ့နော် စစ်ကောင်စီဘက်က အကြမ်းဖက် ပစ်ခတ် နှိပ်စက် သတ်ဖြတ်နေခဲ့တာဆိုတော့ လူထုက သူတို့ရဲ့ဆန္ဒတွေကို လမ်းမတွေပေါ်မှာ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်လို့ မရကြတော့ အားလုံးက ဒါကို ရတဲ့နည်းနဲ့ ပါဝင်ကြတာပေါ့နော်။ ပြည်သူလူထုတရပ်လုံးက ဒီစစ်ကောင်စီကို မလိုလားဘူး။ ဒီမိုကရေစီကို ဘယ်လောက်လိုလားလဲဆိုတာကို ပြသတဲ့ အရာတခုလို့ကျွန်တော်မြင်တယ်။”

ဒီတိတ်ဆိတ်ခြင်းသပိတ်ကို နေပြည်တော်၊ မုံရွာ၊ မိတ္ထီလာ၊ ပြင်ဦးလွင်၊ မြစ်ကြီးနား၊ ဗန်းမော်၊ ပူတာအို၊ သီပေါ၊ လားရှိုး၊ ကသာ၊ ဟိုပင်၊ ဘားအံ၊ ထားဝယ်၊ မြောင်းမြ၊ မအူပင်၊ နတ်မောက်၊ ပခုက္ကူ စတဲ့ နိုင်ငံတဝန်းက မြို့အသီးသီးမှာ လုပ်ခဲ့ကြပါတယ်။

တိတ်ဆိတ်ခြင်းသပိတ် ပြီးစီးချိန် ညနေ ၄ နာရီနောက်ပိုင်းမှာတော့ သပိတ်မှာပါဝင်တဲ့ မြို့တွေမှာ ဈေးဆိုင်ခန်းတွေအားလုံးပြန်ဖွင့်ပြီး လူတွေ လမ်းပေါ်ပြန်ထွက်လာပြီးတော့ ပုံမှန်အတိုင်း လှုပ်ရှားသွားလာခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

===========

{{Unicode}}















XS
SM
MD
LG