သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Sheikh Hasina နဲ့ ဒေါ်စု နှစ်နိုင်ငံ ဒုက္ခသည်အရေး ဆွေးနွေး


၇၁ ကြိမ်မြောက် ကုသလမဂ္ဂအထွေထွေ ညီလာခံတက်ဖို့ နယူးယောက်မြို့မှာ ရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina တို့ ၂ ဦး စက်တင်ဘာလ ၁၉ ရက်နေ့က ကုလသမဂ္ဂ ဌာနချုပ်မှာ သီးခြား တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာမှာ ပြောဆိုနေတဲ့ ရိုဟင်ဂျာပဋိပက္ခ ဖြေရှင်းရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံထံက မြန်မာအစိုးရက အကူအညီ တောင်းခံထားပြီး ဒီကိစ္စကို ခေါင်းဆောင် ၂ ဦး ကုလသမဂ္ဂဌာနချုပ်မှာ တွေ့ဆုံစဉ်ကလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာအရေးကိစ္စအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကူညီ ဖြေရှင်းပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီးချုပ် Hasina ကို တောင်းဆိုခဲ့သလို၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခ ဖြေရှင်းနိုင်ရေးအတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင် ဖွဲ့စည်းထားကြောင်းနဲ့ အဲဒီ ကော်မရှင်ရဲ့ အကြံပေးချက်အတိုင်း ဒီကိစ္စကို ကိုင်တွယ် ဖြေရှင်းသွားမယ့် အကြောင်း ပြောကြားခဲ့ပါတယ်။

ဒီကိစ္စကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် ဖြေရှင်းနိုင်ကြောင်း ဝန်ကြီးချုပ် Hasina က ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံအကြား တည်ရှိနေတဲ့ ကိစ္စရပ်တွေကို ဆွေးနွေး အဖြေရှာရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အလည်လာဖို့ ဝန်ကြီးချုပ် Hasina က ဖိတ်ကြားခဲ့တာကို ဒေါ်အောင်ဆန်းစုကြည်ကလည်း ဝမ်းသာ ကျေနပ်စွာ လက်ခံခဲ့တယ်လို့ ဝန်ကြီးချုပ်ရဲ့ ပြန်ကြားရေးတာဝန်ခံ Ihsanul Karim က ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် Dhaka Tribune မှာ သတင်းမှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ အကြမ်းဖက်လုပ်ငန်းတွေအတွက် လုံး၀ ခွင့်ပြုမှာမဟုတ်သလို၊ ဘင်္ဂလားဒေ့ရှ်မြေကို အသုံးချပြီး တခြား တိုင်းပြည်ကို အကြမ်းဖက် တိုက်ခိုက်မယ့် အစီအစဉ်တွေကိုလည်း လက်ခံမှာ မဟုတ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေနဲ့ အစွန်းရောက် အကြမ်းဖက်သမားတွေ တိုက်ခိုက်ရေးအတွက် အိမ်နီးချင်း နိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်တဲ့ အစဉ်အလာကောင်း ထားရှိကြောင်းလည်း ဝန်ကြီးချုပ် Hasina က ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံမှုအတွင်း ပြောကြားခဲ့ပါတယ်။

ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ကိုတော့ နိုင်ငံတကာနဲ့ မြန်မာနိုင်ငံက တတ်သိပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဒေါ်ေးအာင်ဆန်းစုကြည်က စက်တင်ဘာလ ပထမပတ်အတွင်း ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။ ဒီကော်မရှင်အနေနဲ့ သူတို့ရဲ့ အကြံပြုချက်တွေကို ၁၂ လအတွင်း မြန်မာအစိုးရထံ တင်သွင်းရမှာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheik Hasina နဲ့ တွေ့ဆုံတဲ့ နေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ မက္ကဆီကိုသမ္မတ Enrique Peña Nieto ၊ ဒိန်းမတ်နိုင်ငံ ဝန်ကြီးချုပ် Lars Løkke Rasmussen ၊ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO ရဲ့ ညွှန်ကြားရေးမှူးချုပ် Irina Bokova တို့နဲ့လည်း ကုလသမဂ္ဂ ဌာနချုပ်မှာ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

XS
SM
MD
LG