သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တော ကျောင်းဆရာတဦး ပစ်ခတ်ခံရ


မောင်တောမှာ ပစ်ခတ်ခံရတဲ့ကျောင်းဆရာ ဆေးကုသမှုခံယူ
မောင်တောမှာ ပစ်ခတ်ခံရတဲ့ကျောင်းဆရာ ဆေးကုသမှုခံယူ

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက မတည်မငြိမ်ဖြစ်နေဆဲရှိတဲ့ မောင်တောဒေသမှာနေထိုင်တဲ့ ကျောင်းဆရာတဦး ပစ်ခတ်ခံ ရတာကြောင့် အရေးပေါ်ခွဲစိတ်မှုလုပ်နေရပါတယ်။ မောင်တောနဲ့ ဘူးသီး တောင်မြို့ပေါ်တွေကို လူရာနဲ့ချီပြီး ပြောင်းရွှေ့လာ နေကြသလို တချို့တတွေ ကတော့ စစ်တွေနဲ့ တခြားမြို့တွေကို ပြောင်း ရေ့ွှနေ ကြတာကြောင့် စားနပ်ရိက္ခာခက်ခဲတာတွေ ရှိနေသလို ကျေးရွာတွေကို စားနပ်ရိက္ခာ ပို့ဖို့မှာလဲ လုံခြုံရေးကြောင့် ပို့ ဖို့ခက်နေ ပါတယ်။ လုံခြုံရေးပိုင်း ယူထားပေးပေမယ့် အကြောက်တရားတွေကြောင့် နေရပ်စွန့်ခွာရ သူတွေ များနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းက နောက်ဆုံးအခြေအနေကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် မေခက တင်ပြထားပါတယ်။

အစိုးရတပ်မတော် ကမောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင် ၃မြို့နယ်ကို စစ်ဆင်ရေး နယ်မြေအဖြစ် မနေ့ကဘဲသတ်မှတ် ထားပါတယ်။ စဉ်ဆက်မပြတ် လုံခြုံရေးတွေရယူနေတုန်းမှာဘဲ အခုလိုကျောင်းဆရာတဦးကို ပစ်ခတ်ခံရမှုဖြစ်ခဲ့တာပါ။ မောင်တောမြို့ ၄ မိုင်အကွာ ကန်သာယာ အထက်က မြိုရွာသားဖြစ်ပြီး အဲဒီရွာဟာ မြို့နဲ့အလှမ်းဝေးပြီး အဲဒီနားမှာ အကြမ်းဖက်သမား တွေရှိနေနိုင်တဲ့ နေရာဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။ ပစ်ခတ် ခံရတာနဲ့ပတ်သတ်လို့ ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာကခုလိုပြောပြတာပါ။

“ နာမည်တော့ ကျနော်မသိဘူး၊ မြိုလူမျိုးပေါ့နော် သူက အစိုးရခန့် ဆရာတော့မဟုတ်ဘူး၊ ဒေသဆွဲခန့်ဆရာလို့ သိရပါတယ်။ အသက် ၂၃ နှစ်ပေါ့၊ ဝမ်းဗိုက်မှာ ဒဏ်ရာရတယ်။ အခု ခွဲစိတ်ဖို့လုပ်နေပါတယ်။ ဗိုက်ခွဲကြည့်ပြီးမှ အထဲမှာ ကျည်ရှိမရှိ ဘာညာဆိုတာ ကျနော်တို့ ပြောနိူင် မှာပါ။ ဥပမာ လက်နက်နဲ့ ပစ်တာပေါ့နော့၊ ဗိုက်ထဲကိုတော့ ဖေါက်ဝင်သွားဖို့ ဆိုတာတွေကို။ ဒါပေမယ့်လို့ တခုတော့ရှိတာက သူ့ဆီက ထွက်ချက်ကို သိမှ သိရမှာ။ ခုလောလောဆယ် အော်ပရေးရှင်း အခန်းထဲမှာ ဖြစ်နေတယ်။ ဘာမှလဲ ပြောနိူင်မှာ မဟုတ်ဘူး။ ကျနော်တို့လဲ ဒီလောက်ပဲ သိပါတယ်။ ဒီဟာတွေအားလုံးကတော့ သူတို့ ရှိနိုင်တဲ့ နေရာတွေပေ့ါနော်။ အဲဒီနေရာတွေက မောင်တောမြို့နဲ့ ၄ မိုင်ကျော်လောက် ဝေးတယ်။ သူတို့နေတဲ့နေရာမှာ ရှိနိူင်ပါတယ်။ သူတို့ကတော့ အများအားဖြင့်တော့ တောစပ်နားမှာ နေတာပေါ့။ သူတို့ရွာ ပတ်ဝန်းကျင်နားမှာ ရှိပါတယ်”

ဒီလ ၉ရက်နေ့က အကြမ်းဖက် တိုက်ခိုက်တာတွေဖြစ်ပြီးနောက် နယ်မြေ မတည်မငြိမ်ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တော မြို့နယ် အတွင်းက ဆက်သွယ်ရေး ခက်ခဲတဲ့ဒေသတွေမှာ ရိက္ခာပြတ်လပ် တာတွေ ဖြစ်ပေါ်လာနေ တာနဲ့ပစ်ခတ်တာတွေ ဆက်လက်ဖြစ်ပေါ်နေ တာကြောင့် ကျေးလက်က တိုင်းရင်းသားတွေဟာ မြို့ပေါ်ကို ပြောင်းရွှေ့လာနေကြတာတွေလည်း ရှိနေပါတယ်။ မောင်တောမြို့ပေါ်ကိုတော့ ကျေးလက်က လူတွေရာနဲ့ချီပြီး ရောက်ရှိလာနေသလို တချို့တွေကတော့ မောင်တောမြို့ပေါ်ကနေ တခြားအရပ်ကို ပြောင်းရွှေ့နေ တယ်လို့ မောင်တောမြို့ အရေးပေါ် ကူညီထောက်ပံရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောပါတယ်။ လက်ရှိနေရပ်စွန့်ခွာနေရတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သတ်ပြီး သူက ခုလိုပြောပြတာပါ။

“ဟုတ်ကဲ့ အခုကျနော်တို့ ဒုက္ခသည်က မောင်တောမှာဆိုရင် ၁၇၀ လောက်ဖြစ်သွားပြီ၊ ဘူးသီးတောင်မှာတော့ ၅၀၀ လောက်ဖြစ်သွားတယ်။ အခုကတော့ လုံခြုံပါတယ်။ ကျနော်တို့ မောင်တောမြို့ပေါ် အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းမှာ သူတို့ကို ယာယီ ထားထားပေးတယ်။ အဓိကကတော့ စားရေးသောက်ရေး လိုတယ်။ အဲဒါတွေကိုလည်း ကျနော်တို့ ဒီပြည်နယ် အစိုးရအဖွဲ့၊ ကျနော်တို့ ဒီဌာနဆိုင်ရာ ပြည်နယ် အုပ်ချုပ်ရေး မြို့နယ်အုပ်ချုပ်ရေးက ဦးစီးပြီးတော့ ပေးကမ်းထားတာ ရှိပါတယ်။ အဓိက ထွက်ပြေးလာရတဲ့ အကြောင်းကတော့ ဟို လုံခြုံရေးနဲ့ စားရေးသောက်ရေးပေ့ါ။ အဲဒီအခက်အခဲတွေကြောင့် နီးစပ်ရာကို ခိုလှုံလာတဲ့ သဘောပါ”

ဘူးသီးတောင်မြို့နယ်အတွင်းက ကျေးလက်နေသူတွေပြည်သူတွေနဲ့ မောင်တောဖက်က ပြည်သူတချို့ကလည်း ဘူးသီး တောင်မြို့ပေါ်ကို ပြောင်းရွှေ့လာနေတယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။ လောလောဆယ် မှာတော့ မောင်တောနဲ့ ဘူးသီးတောင်ကို ရောက်ရှိလာတဲ့ စစ်ရှောင်သူတွေကို ရပ်ရွာလူမှုအသင်းအဖွဲ့တွေက ကူညီစောင့်ရှောက်ထားပါတယ်။ ပြည်နယ်အစိုးရဘက်ကလည်း စားဝတ်နေရေးအတွက်ဖြေရှင်း ပေးနေပေမယ့် ရက်ရှည်လာရင်အခက်ခဲဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

ပြောင်းမလာသေးဘဲရွာတွေမှာကျန်နေသေးတဲ့ ဒေသခံတွေအတွက်က ရိက္ခာပြတ်တောက်လာနိုင်တဲ့ အခြေအနေ တခုမှာရှိနေပြီး သွားရောက် ပို့ဆောင်ဖို့မှာလဲ လုံခြုံရေးအရ စိတ်မချတာကြောင့် ခက်ခဲတွေဖြစ်နေတယ်လို့ လူမှုကယ်ဆယ်ရေးလုပ်နေတဲ့ ဦးအောင်ကျော်မင်းက လက်ရှိကြုံနေရတဲ့အခက်အခဲကိုခုလိုပြောပြပါတယ်။

“ ရခိုင်ရွာတွေမှာ ရှိနေတဲ့ လူတွေကို ကျနော်တို့ ဆော်သြပြီးတော့ ရိက္ခာထောက်ပံ့ ရတာပါ။ ရိက္ခာထောက်ပံ့မယ့် ဥစ္စာက အဲ့ဒီမှာ ဘယ်လို ဖြစ်နေလဲ ဆိုတော့ လုံခြုံရေးအရ ကျနော်တို့ သွားရမယ့်ဟာက တော်တော် အခက်အခဲ ဖြစ်နေပါတယ်။ ရိက္ခာပို့လာမယ့်ကားကို တိုက်ခိုက်မယ့် ဥစ္စာက ကျနော်တို့ အဲဒါစိုးရိမ်လို့ အဲဒီမှာ သွားမယ့်ဟာကို နည်းနည်းရပ်ထားပါတယ်။ အခု လက်ရှိအခြေအနေကတော့ ဒေသ ခံတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အကြောင်းက တော်တော်ကြီးစိုးနေပါတယ်။ ကျနော်တို့ ရွာတွေရဲ့ ပတ်ပတ်လည်မှာ ကုလားရွာတွေပဲ ကြီးစိုးနေ တာပေါ့၊ အဲဒီအချိန်မှာ သူတို့က လုံးဝကို ဘယ်လောက်ပဲ လုံခြုံရေးချပေးထားပေမယ့် သူတို့က မနေရဲတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေက များနေတယ်။ မောင်တောရဲ့ လုံခြုံရေးက မြို့ပေါ်ကတော့ ဈေးအသွားအလာ အဝယ်အခြမ်းကတော့ ရှိပါတယ်။ ဒါပေမယ့် စိုးရိမ်ကြောင့်ကြ လွယ်တဲ့သူတွေကတော့ပြေးနေကြတာပါပဲ”

အောက်တိုဘာ ၉ ရက်ကစလို့ မောင်တောဒေသတွင် ဖြစ်ပွား နေတဲ့ အကြမ်းဖက်မှုတွေဟာ အကာလ်မူလ်မူဂျာဟီ ဒင်န် အဖွဲ့ကနေ လုပ်ဆောင်နေတာဖြစ်ပြီး နယ်မြေ ရှင်းလင်းမှုတွေကို တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်တဲ့ ပူးပေါင်းစစ်ကြောင်းများက ဆောင်ရွက်နေ တယ်လို့ အစိုးရဘက်က ထုတ်ပြန်ထားပါတယ်။ မနေ့ကလည်း အမျိုးသား ကာကွယ်ရေး နဲ့ လုံခြုံရေးဆိုင်ရာ အထူးအစည်း အဝေးကို နေပြည်တော်က သမ္မတအိမ်တော်မှာကျင်းပခဲ့ပါတယ်။ ရခိုင်ပြည် နယ်အတွင်းဖြစ်ခဲ့တဲ့ကိစ္စဟာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တဲ့ အတွက် မြန်မာအစိုးရအနေနဲ့ ဒါကို သည်းခံမှာမဟုတ်ပဲ၊ ဒါကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG