အီရန်နိုင်ငံ တီဟီရန်မြို့တော်မှာရှိတဲ့ ဆော်ဒီအာရေးဗီးယား သံရုံးကို ဆန္ဒပြသူတွေက စီးနင်း ဝင်ရောက်ခဲ့ပြီးတဲ့နောက် ဆော်ဒီအစိုးရက အီရန်နဲ့ သံတမန် အဆက်အသွယ် ဖြတ်တောက်လိုက်ပြီးတဲ့နောက်မှာ ဆော်ဒီရဲ့ မဟာမိတ်နိုင်ငံတွေကလည်း အီရန်နဲ့ သံတမန် အဆက် အသွယ်တွေ ဖြတ်တောက်လိုက်ကြပြီ ဖြစ်ပါတယ်။
ဘာရိန်းနဲ့ ဆူဒန်နိုင်ငံတို့က အီရန်နဲ့ သံတမန် အဆက်အသွယ် ဖြတ်တောက်လိုက်သလို ယူအေအီး - အာရပ်စော်ဘွားများနိုင်ငံကလည်း အီရန်နိုင်ငံအတွင်းမှာရှိနေတဲ့ သံတမန်အရေအတွက်လျော့ချလိုက်ပြီး သံအမတ်ကြီးအဆင့်ကနေ သံရုံးတာဝန်ခံအဆင့်ကို ပြောင်းလဲ လျော့ချထားလိုက်ပါတယ်။ ဒါ့အပြင် အီရန်နိုင်ငံကို ဝင်ထွက်နေတဲ့ လေကြောင်း ပျံသန်းမှုတွေကိုလည်း ရပ်ဆိုင်းလိုက်တဲ့အကြောင်း ဆော်ဒီအာရေးဗီးယားနိုင်ငံက ကြေညာပါတယ်။
ဒီအတောအတွင်း အမေရိကန်နိုင်ငံ သမ္မတ အိမ်ဖြူတော်ပြောခွင့်ရ Josh Earnest က ဆော်ဒီနဲ့ အီရန်နိုင်ငံတို့အနေနဲ့ တင်းမာမှုတွေ လျော့ကျအောင် ဆောင်ရွက်ပြီး အခြေအနေတွေကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဖြေရှင်းကြဖို့ ပြောပါတယ်။
ရှီယားဘာသာရေးခေါင်းဆောင် Sheik Nimr al-Nimr ကို ဆူနီးဘာသာဝင် အများစုနေထိုင်တဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံက စနေနေ့မှာ ကွပ်မျက်လိုက်ပြီးတဲ့နောက်မှာ တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။ ရှီယား ဘာသာရေးခေါင်းဆောင် Nimr နဲ့ တခြား ၄၆ ဦးတို့ကို ကွက်မျက်လိုက်တဲ့အကြောင်း ဆော်ဒီအစိုးရက ကြေညာပြီး မကြာခင်မှာပဲ ဒေါသထွက်နေကြတဲ့ အီရန်နိုင်ငံသားတွေက မြို့တော် တီဟီရန်မှာရှိတဲ့ ဆော်ဒီသံရုံးကို ဝင်စီးပြီး အတွင်းမှာရှိတဲ့ ပရိဘောဂတွေကို ရိုက်နှက် ဖျက်ဆီးခဲ့ကြသလို Mashhad မှာရှိတဲ့ ဆော်ဒီ ကောင်စစ်ဝန်ရုံးကိုလည်း တိုက်ခိုက်ခဲ့ကြတာပါ။
အဲဒီတိုက်မှုတွေအတွင်း ဆန္ဒပြသူ ၄၀ လောက်ကို အီရန်အစိုးရက ဖမ်းဆီး ထိန်းသိမ်းလိုက်ရာ အဲဒီ လုပ်ဆောင်မှုဟာ ဥပဒေနဲ့ မညီညွတ်ဘူးလို့ အီရန်သမ္မတ Hassan Rouhani က ပြောပါတယ်။ ဒါပေမယ့် Nimr ကို ကွပ်မျက်လိုက်တဲ့လုပ်ရပ်အပေါ် သမ္မတ Rouhani က ပြစ်တင် ဝေဖန်လိုက်ပါတယ်။