[[Zawgyi/Unicode]]
စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်း နတ်ချောင်းကျေးရွာမှာ စစ်ကောင်စီက ရဟတ်ယာဉ် သုံးပြီး တိုက်ခိုက်တာကြောင့် သေဆုံးသူတွေဟာ အရပ်သားတွေဖြစ်တယ်လို့ ဒေသခံရွာသားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ မကွေးတိုင်း နှမ်းခါးရွာက အသက်ရွယ်ကြီးရင့်သူတွေ စစ်ဘေးရှောင်ရင်း သေဆုံးတာတွေရှိနေပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။
မနေ့ ဒီဇင်ဘာ ၂၃ ရက်က စစ်ကောင်စီဟာ ကလေးမြို့တောင်ပိုင်းက နတ်ချောင်းကျေးရွာမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက ရဟတ်ယာဉ်သုံးပြီး တိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီက ညပိုင်း သတင်းထုတ်ပြန်ရာမှာတော့ လေကြောင်းကနေ ရဟတ်ယာဉ်နဲ့ တိုက်ခိုက်တာ မဖော်ပြခဲ့ဘဲ စစ်ကောင်စီက လုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွက်နေချိန် ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က လာရောက်ပစ်ခတ်တဲ့အတွက် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်သမားတွေဘက်က သေဆုံးတဲ့ရုပ်အလောင်း ၉ လောင်းရှိတယ်လို့သာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ကျေးရွာသားတွေကတော့ စစ်ကောင်စီကတိုက်ခိုက်တာကြောင့် သေဆုံးသူ ၅ ဦးရှိပြီး ၃ ဦးဟာ ဒေသခံအရပ်သားတွေသာဖြစ်တယ်လို့ အခုလိုပြောပါတယ်။
“ကျနော်တို့သိရသလောက်က လမ်းမှာသွားလာနေတဲ့သူက ၂ ဦး၊ လှည်းပေါ်ကနေ ပစ်သတ်ထားခဲ့တာ ၁ ဦး၊ တိမ်းရှောင်ရင်း ပြေးရင်းလွှားရင်းနဲ့ ပစ်သတ်ထားခဲ့တာ ၂ ဦး။ ကျနော် တို့ သိရသလောက် အဲ့ ၅ ဦးက သေချာတယ်။ ရွာသားတွေက ၃ ယောက် အတည်ပြုနိုင်တယ်။ ၂ ယောက်ကတော့ ခရီးသွားလား ဘာလားတော့မသိဘူး။ အဲဒီ ၂ ယောက်က အတည်ပြုမရဘူး။ ၃ ယောက်က အတည်ပြုလို့ရတယ်။ အပြစ်မဲ့ ပြည်သူတွေပေါ့နော်။ ဒီနေ့အခြေအနေက ပစ်ခတ်မှုမရှိဘူး။ ရွာထဲကို လက်နက်ကြီး တလုံးကျတယ်။ ပြီးတော့ ညတုန်းက ၁၁ ခွဲမှာ လက်နက်ကြီးနဲ့ ၇ ချက်လောက်ပစ်တယ်။ ရွာနားတွေရယ် တောင်ပေါ်တွေရယ်ကျတယ်။ တိမ်းရှောင်နေတဲ့ တောင်ပေါ်တွေ။”
ကလေး PDF ဘက်ကလည်း သေဆုံးသူတွေနဲ့ပတ်သက်လို့ အခုလို အတည်ပြုပြောပါတယ်။
“ဆိုင်ကယ်နဲ့စာသင်ကျောင်းရှေ့ကို ဖြတ်သွားရင်းနဲ့ အမျိုးသမီးတဦး ပစ်သတ်ခံရလို့ သေသွားတယ်။ နောက်ပြီး လင်မယား ၂ ဦး ပြန်လာရင်းနဲ့ ပစ်သတ်ခံရတာပါတယ်။ နောက်ထပ် အမျိုးသား ၂ ဦးပေါ့နော်။ စုစုပေါင်း အမျိုးသမီး ၂ ဦး အမျိုးသား ၃ ဦးပေါ့နော်။ ၅ ဦးထဲမှာ ၁ ဦးက တိုက်ခိုက်ရေး ရဟတ်ယာဉ်ပစ်တဲ့ ကျည်မှန်ပြီး သေတယ်လို့ သိရတယ်ခင်ဗျ။”
သေဆုံးသူတွေထဲမှာ အမျိုးသမီး၂ ဦး ပါဝင်ပေမယ့် စစ်ကောင်စီက သတင်းထုတ်ပြန်ချက် ဓာတ်ပုံတွေ မှာတော့ အမျိုးသား ၃ ဦးရဲ့ ရုပ်အလောင်းကိုသာ ဖော်ပြထားပြီး သေဆုံးသွားတဲ့ အမျိုးသမီး ၂ ဦးရဲ့ ရုပ်အလောင်းတွေကို ဖော်ပြထားတာတော့ မရှိပါဘူး။
တဆက်တည်းမှာပဲ ဒီဇင်ဘာ ၁၇ ရက်က မကွေးတိုင်း နှမ်းခါးရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ စစ်ဘေးရှောင်နေရသူတွေထဲမှာ သေဆုံးတာတွေရှိနေပါတယ်။ သေဆုံးသူတွေဟာ အသက်ကြီးရင့်သူတွေဖြစ်ပြီး ပင်ပန်းကြောင့် သေဆုံးတာဖြစ်တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ရွာသားတဦးက ပြောပါတယ်။
“ဟုတ်တယ်ဗျ ၂ ယောက်ရှိပြီ။ မနေ့ညတုန်းက သေတာ ၁ ဦး။ မနက်အစောပိုင်းက သေတာ ၁ ဦး။ စစ်ဘေးရှောင်တွေက လူကြီးတွေဆိုတော့ ၉၀ နားနီးပြီဆိုတော့ ပင်ပန်းပြီး အားကျပြီး သေတယ်ထင်တယ်ခင်ဗျ။ ရွာထဲမှာက ခဏတဖြုတ် ဝက်လေးတွေအစာလာကျွေးတာ၊ တိရစ္ဆာန်လေးတွေ အစာလာကျွေးတာပဲရှိတယ်။ ကျန်တာ ဘယ်သူမှ မရှိကြဘူးရွာထဲမှာ။”
ဒီဇင်ဘာ ၁၇ ရက်ကစလို့ ဒီကနေ့အထိ စစ်ဘေးရှောင်ရင်း သေဆုံးရသူ ၃ ဦးအထိ ရှိနေသလို စစ်ကောင်စီတပ်တွေဟာ အနီးနားကျေးရွာတွေမှာ တပ်စွဲထားတဲ့အတွက် နေအိမ်ကိုမပြန်ဘဲ ဘေးလွတ်ရာမှာ ဆက်ပြီး နေထိုင်နေရတာ ဖြစ်ပါတယ်။
==================
[[Unicode]]
==================