ယူကရိန်းနိုင်ငံ Kharkiv မြို့က DIY ဆောက်လုပ်ရေးပစ္စည်းဆိုင်မှာ လူစည်ကားနေချိန် ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၄ ယောက် သေဆုံးပြီး၊ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ကြောင်း ယူကရိန်းအစိုးရရှေ့နေရုံးက ဒီနေ့ပဲ ပြောလိုက်ပါတယ်။
ဒီမတိုင်ခင် တရက်က ရုရှားရဲ့ တိုက်ခိုက်မှု ၂ ကြိမ် ကြုံခဲ့ရတဲ့ ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံး Kharkiv မြို့မှာ အခုနောက်ဆုံး တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေကျေသူတွေလည်း တိုးလာနေတာပါ။ လူနေရပ်ကွက်မှာရှိတဲ့ ဆောက်လုပ်ရေး ပစ္စည်းဆိုင်ကို စနေနေ့မွန်းလွဲပိုင်းက ပဲ့ထိန်းတပ်ဗုံး ၂ လုံးနဲ့ တိုက်ခိုက်ခံခဲ့ရတာလို့လည်း ဒေသန္တရ အုပ်ချုပ်ရေးမှူး Oleh Syniehubov က နိုင်ငံပိုင် ရုပ်မြင်သံကြားမှာ ပြောခဲ့ပါတယ်။ တိုက်ခိုက်ခံရမှုကြောင့် မီးအကြီးအကျယ် လောင်ကျွမ်းမှု ဖြစ်ခဲ့ပြီး အမြင့်မီတာ ရာနဲ့ချီတဲ့ မီးခိုးလုံးမည်းကြီးတွေကိုလည်း တွေ့မြင်ခဲ့ကြရတာပါ။
ဒဏ်ရာရသူ ၄၃ ယောက် ရှိကြောင်း ဒေသခံ အစိုးရရှေ့နေရုံးက အတည်ပြုခဲ့သလို၊ သေဆုံးသူ ၁၂ ယောက်ထဲက ၁၀ ယောက်ကို ဘယ်သူဘယ်ဝါဆိုတာ မဖော်ထုတ်နိုင်သေးဘူးလို့လည်း ပြောပါတယ်။ ဗုံးကြဲတိုက်ခိုက်ခံရချိန် ဆိုင်ထဲမှာ လူ ၁၂၀ လောက် ရှိနေတယ်လို့လည်း Kharkiv မြို့တော်ဝန် Ihor Terekhov ကပြောပါတယ်။ တိုက်ခိုက်မှုဖြစ်ပြီး လူ ၁၆ ယောက် ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး Ihor Klymenko ကလည်း Telegram လူမှုကွန်ရက်မှာ ပြောဆိုထားပါတယ်။
Forum