သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းနဲ့ ရုရှား စစ်သုံ့ပန်း အပြန်အလှန်လဲလှယ်


ပြန်လည်လွတ်မြောက်လာတဲ့ ယူကရိန်းစစ်သုံ့ပန်းများ
ပြန်လည်လွတ်မြောက်လာတဲ့ ယူကရိန်းစစ်သုံ့ပန်းများ

ရုရှားနဲ့ စစ်သုံ့ပန်း လဲလှယ်ရေးအစီအစဉ်အရ ယူကရိန်းစစ်သား ၉၅ ယောက် အိမ်ပြန်ရောက်လာကြပြီလို့ သမ္မတ Volodymyr Zelenskyy က ပြောကြားခဲ့ပါတယ်။ အာရပ်စော်ဘွားများ ပြည်ထောင်စု UAE နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ နှစ်ဘက်အကျဥ်းသား ၉၅ ယောက်စီ အပြန်အလှန် သောကြာနေ့ ညပိုင်းက လဲလှယ်ခဲ့ကြတာ ဖြစ်ပါတယ်။

Mariupol မြို့နဲ့ Azovstal စက်ရုံကို ကာကွယ်ခုခံခဲ့ကြတဲ့ ယူကရိန်းစစ်သားတွေအပြင် Donetsk, Luhansk၊ Kharkiv၊ Kyiv, Chernihiv နဲ့ Kherson ဒေသတွေကို ကာကွယ်တိုက်ခိုက်ခဲ့ကြတဲ့ စစ်သည်တော်တွေ အိမ်ပြန်ရောက်လာကြပြီလို့ သမ္မတ Zelenskyy က X လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်က ယူကရိန်းဆိပ်ကမ်းမြို့ Mariupol ရုရှားလက်ထဲ ကျမသွားအောင် ၃ လနီးပါး ခုခံကာကွယ်ခဲ့ကြသူတွေ အပါအဝင် ရှေ့တန်းနေရာစုံမှာ တိုက်ခိုက်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

အပြာနဲ့အဝါရောင် ယူကရိန်းအလံတွေခြုံပြီး ဘတ်စ်ကားပေါ်က ဆင်းလာတဲ့ ပြန်လည်လွတ်မြောက်လာသူတွေကို သူတို့ ချစ်ခင်ရတဲ့ မိသားစုတွေ၊ ဆွေမျိုးတွေနဲ့ ပွေ့ဖက်နှုတ်ဆက်နေတဲ့ ပုံတွေကိုလည်း ယူကရိန်းသမ္မတက သူ့ရဲ့ Telegram လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။ ရုရှားဘက်က ဖမ်းဆီးထားသူတွေကို ယူကရိန်းက အခုလို ပြန်လည်ကယ်တင်နိုင်တဲ့အခါတိုင်း ဒါဟာ ဖမ်းဆီးခံထားရသူ အားလုံး ရုရှားလက်က ပြန်လည်လွတ်မြောက်မယ့်ရက် ပိုနီးလာတာဖြစ်တယ်လို့ ယူကရိန်းသမ္မတ Zelenskyy က ပြောပါတယ်။

ပြန်လွတ်လာတဲ့ ရုရှားတပ်ဖွဲ့ဝင်တွေကို ရုရှားရဲ့ အနီးဆုံးမဟာမိတ် Belarus နိုင်ငံမှာ ကျန်းမာရေး ဆေးစစ်တာတွေ လုပ်ပေးနေတဲ့အကြောင်း ရုရှားကာကွယ်ရေးဌာနက Telegram လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲ စတင်ခဲ့တဲ့ ၂ နှစ်ခွဲကျော်ကာလတလျှောက်လုံး Belarus နိုင်ငံဟာ ရုရှားနဲ့ အနီးစပ်ဆုံး မဟာမိတ်နိုင်ငံတခုအဖြစ် ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

အခုတကြိမ် အကျဥ်းသားလဲလှယ်တာဟာ ၅၈ ကြိမ်မြောက်ဖြစ်ပြီး စစ်ပွဲ စတင်ချိန်ကစလို့ ပြန်လည်လွတ်မြောက်လာတဲ့ ယူကရိန်းအကျဥ်းသား စုစုပေါင်း ၃,၇၆၇ ယောက် ရှိပြီလို့ လူ့အခွင့်အရေးဆိုင်ရာ ယူကရိန်း လွှတ်တော်ကော်မရှင်နာမင်း Dmytro Lubinets က ပြောပါတယ်။

Forum

XS
SM
MD
LG