၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲကို ဝင်နှောက်ခဲ့တာမှာ နောက်ကွယ်ကလုပ်ဆောင်ခဲ့တယ်လို့ဆိုတဲ့ ရုရှားနိုင်ငံသား ပထမအစုတစုအပေါ် စွဲချက်တွေကို ဒီကိစ္စစုံစမ်းစစ်ဆေးနေတဲ့ အထူးစုံစမ်းရေးမှူးက ကြေညာလိုက်ပါတယ်။ ရုရှားနိုင်ငံသား ၁၃ ယောက်နဲ့ ကုမ္ပဏီ ၃ ခုတို့ကို စွဲချက်တင်ကြောင်း ကြေညာတာပါ။
ဖက်ဒရယ် Grand Jury အဖွဲ့တဖွဲ့ကနေ သောကြာနေ့က အခုလို စွဲချက်တင်လိုက်တာဖြစ်ပါတယ်။ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘာ့ဂ်မြို့ အခြေစိုက် အင်တာနက်သုတေသနအေဂျင်စီနဲ့ အဲဒီကဝန်ထမ်း ၁၂ ယောက်ဟာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲကျင်းပချိန်ထိ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေကို အနှောင့်အယှက်ပေးတဲ့အလုပ်တွေ လုပ်ခဲ့ကြတယ်လို့ စွပ်စွဲထားပါတယ်။ ဒီကုမ္ပဏီဟာ ရုရှားအစိုးရနဲ့ အဆက်အစပ်ရှိတယ်လို့ဆိုပါတယ်။
ရွေးကောက်ပွဲမှာ ဝင်နှောက်ဖို့ ရုရှားရဲ့ကြိုးပမ်းချက်တွေမှာ ဒီကုမ္ပဏီဟာ အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ ယူဆ ထားတာ အတော်ကြာနေပါပြီ။ ရွေးကာက်ပွဲမှာ သမ္မတ Donald Trump အသာစီးရစေဖို့ ဆိုရှယ်မီဒီယာအကောင့်အတုတွေ ဖွင့်တာ၊ အွန်လိုင်းအသုံးပြုသူတွေကို ငွေပေးပြီး လုပ်ခိုင်းတာနဲ့ တခြားနည်းလမ်းတွေကို ဒီကုမ္ပဏီက အသုံးပြုခဲ့တယ်လို့ ယူဆ ထားပါတယ်။ အမေရိကန်နိုင်ငံရေးစနစ်မှာ ဝင်နှောက်ဖို့ ဒီကုမ္ပဏီဟာ ၂၀၁၄ ခုနှစ်လောက်ကတည်းကစပြီး လုပ်နေခဲ့တယ်လို့ စွဲချက်ထဲမှာ စွပ်စွဲထားပါတယ်။
အခု စွပ်စွဲခံရသူတွေအားလုံးဟာ အမေရိကန်ပြည်ထောင်စုကို လိမ်လည်ဖို့ ကြံစည်လုပ်ဆောင်ခဲ့ တယ်လို့ စွပ်စွဲထားပါတယ်။ သုံးဦးကိုတော့ ငွေကြေးလွှဲပြောင်းတာနဲ့ ဘဏ်စနစ်ပိုင်း လိမ်လည်လှည့်ဖျားဖို့ ကြံစည်လုပ်ဆောင်ခဲ့ တယ်လို့စွပ်စွဲထားပြီး နောက်ငါးဦးကိုတော့ လူူပုဂ္ဂိုလ်ဆိုင်ရာ အချက်အလက်တွေကို ဆိုးရွားစွာခိုးယူမှုနဲ့ စွပ်စွဲထားပါတယ်။
ဒီစွဲချက်တွေကို ကြေညာပြီးတဲ့နောက် သမ္မတထရမ့်ပ်က သူရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအဖွဲ့နဲ့ ရုရှားတွေ ဆက်စပ် လုပ်ကိုင်ခဲ့တာမရှိဘူးလို့ Twitter ပေါ်မှာရေးပါတယ်။