မြန်မာနိုင်ငံမှာ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချပြေီး ပြစ်ဒဏ်ချမှတ်နေတာတွေ ရပ်သွားအောင် လုပ်ဖို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေကို နယ်စည်းမခြားသတင်းသမားများအဖွဲ့ (RSF) က တောင်းဆိုလိုက်ပါတယ်။ အမျိုးသမီးအလွတ်တန်းသတင်းထောက်တဦးဖြစ်တဲ့ မငြိမ်ငြိမ်းအေး (ခ) မေဘယ်လ် ကို ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်း စစ်ကောင်စီတရားရုံးက ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့က ရာဇဝတ်မှုဥပဒေပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တဲ့အပေါ် RSF က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်စစ်အာဏာသိမ်းပြီးတဲ့နောက် သတင်းထောက်တွေကို အကြီးအကျယ်ဖမ်းဆီး နေတာဖြစ်သလို အခုအခါမှာ စစ်ကောင်စီတရားရုံးတွေမှာ လွတ်လပ်မှု ပွင့်လင်းမြင်သာမှုမရှိတဲ့ တရားစီရင်မှုတွေနဲ့ ပြစ်ဒဏ်တွေ တိုးပြီးချလာနေတာတွေကို တွေ့နေရကြောင်း RSF အဖွဲ့ အာရှပစိဖိတ်ရေးရာဌာန အကြီးအကဲ Daniel Bastard က ပြောလိုက်ပါတယ်။ ဒါ့အပြင် သတင်းထောက်တွေကို ဖမ်းဆီးနှိပ်စက်နေတဲ့ တုန်လှုပ်ခြောက်ခြားစရာ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက်၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrews အနေနဲ့ အရေးယူဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းလိုက်တာပါ။
မငြိမ်ငြိမ်းအေးဟာ မစ္ဇျိမအပါအဝင် တခြားမီဒီယာအတော်များများအတွက် အလွတ်တန်းသတင်းထောက်အဖြစ်နဲ့ လုပ်နေသူဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ အဖမ်းဆီးခံနေရတဲ့ သတင်းသမား ၆၇ ယောက်ရှိနေတာ ဖြစ်ပြီး မငြိမ်းငြိမ်းအေးကို ပြစ်ဒဏ်မချခင်တပတ်ကတော့ ဒီမိုကရက်တစ်မြန်မာ့အသံ DVB သတင်းထောက် ကိုအောင်ဆန်းလင်းကို စစ်ကောင်စီတရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ပါတယ်။
Unicode