သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူနတီ ထောင်ဒဏ် RSF ရှုတ်ချ


RSF (နယ်စည်းမထား သတင်းထောက်များအဖွဲ့)
RSF (နယ်စည်းမထား သတင်းထောက်များအဖွဲ့)

အခုလို ယူနတီ ဂျာနယ်က အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက်လေးဦး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်းမထား သတင်းထောက်များအဖွဲ့ RSF က ပြင်းပြင်း ထန်ထန် ဝေဖန်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ သတင်းထောက်တွေ အပေါ် ဖိနှိပ်မှုတွေ ပိုပြီး ဆိုးရွားလာနေသလို၊ လွတ်လပ်စွာ သတင်းရေးသားခွင့် အခြေအနေ နောက်ပြန်ဆွဲနေတာကို ပေါ်လွင်စေတယ်လို့ နယ်စည်းမထား သတင်းထောက်များအဖွဲ့က ပြောဆိုလိုက်တာပါ။ ဆက်သွယ် မေးမြန်းထားတဲ့ မခင်ဖြူထွေးက ပြောပြပေးပါမယ်။

ယူနတီ ဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်း နဲ့ သတင်းထောက်လေးဦးကို ဒီကနေ့ ပြစ်ဒဏ် ချမှတ်လိုက်တာနဲ့ ပတ်သက်လို့ RSF နယ်စည်းမထား သတင်းထောက်များ အဖွဲ့ကတော့ ဒါဟာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူးလို့ ဆိုပြီး ဒီကိစ္စကို အပြင်းအထန် ရှုတ်ချတဲ့အကြောင်း RSF ရဲ့ အာရှရေးရာ တာဝန်ခံ Benjamin Ismail က ဗွီအိုအေ ကို ပြောပါတယ်။

"တရားလွန် လွန်လွန်ကျူးကျူး ပြစ်ဒဏ် ချမှတ်လိုက်တာပါ။ ဒါဟာ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် အကြီးအကျယ် ဆုတ်ယုတ်မှုလို့ ကျနော်တို့ RSF က ယုံကြည်ပါတယ်။ ဒီပြစ်ဒဏ်ချမှတ်မှုကို ကျနော်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ပြစ်ဒဏ်တွေကို ချက်ချင်း ပြန်ရုပ်သိမ်းပေးဖို့လည်း တောင်းဆို ပါတယ်။ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတာ၊ သတင်းမီဒီယာတွေအပေါ် ကန့်သတ် ပိတ်ပင်မှုတွေ ပိုပြီးတော့ လျင်လျင်မြန်မြန် ပြန်ဖြစ်လာနေတဲ့ အပေါ်မှာလည်း ကျနော်တို့ အထူးစိုးရိမ်ပါတယ်။"

အခု ပြစ်ဒဏ်ချမှတ်မှုနဲ့ ပတ်သက်လို့ အမှုသည်တွေရဲ့ ရှေ့နေတွေက အယူခံဝင်ဖို့ ပြင်ဆင်နေတဲ့ အပေါ်မှာ RSF အဖွဲ့က အားပေး ကူညီသွားမယ်လို့လည်း မစ္စတာ အစ္စမေးလ်က ပြောပါတယ်။

"သတင်းထောက်တွေအပေါ် တရားလွန် ပြစ်ဒဏ် ချမှတ်တဲ့ကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့ တရားဝင် ကြေညာချက် ထုတ်ပြန် ရှုတ်ချသွားဖို့ ပြင်ဆင်နေပါတယ်။ အခုကိစ္စ ရှေ့နေတွေက အယူခံဝင်ဖို့ ကြိုးစားနေတာကိုလည်း ကျနော်တို့ အားပေး ကူညီသွားပါမယ်။ အခု ပြစ်ဒဏ်ချမှတ်မှုကို ဆန့်ကျင် ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေ၊ သတင်းမီဒီယာ လွတ်လပ်ခွင့် တောင်းဆို လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းတွေ ကိုလည်း ကျနော်တို့ တတ်နိုင်တဲ့ဘက်က အားပေး ကူညီသွားမှာ ဖြစ်ပါတယ်။"

မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှုတွေ စတင်ခဲ့ပြီးတဲ့ နောက်ပိုင်း သတင်းမီဒီယာ လွတ်လပ်ခွင့် အခြေအနေ သိသိသာသာ ပြောင်းလဲ တိုးတက်လာတာ မရှိလှဘူးလို့ လည်း မစ္စတာ အစ္စမေးလ် က ဝေဖန်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ်တွေ အတွင်း အာဏာပိုင်တွေ ဘက်က သတင်းသမားတွေ အပေါ် ကန့်သတ် တားမြစ်မှုတွေ၊ ခြိမ်းခြောက်မှုတွေ နဲ့ ဖမ်းဆီး အရေးယူမှုတွေ ပိုပြီးတော့ များလာခဲ့တာကို RSF အဖွဲ့က လေ့လာ တွေ့ရှိခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။

ယူနတီဂျာနယ် သတင်းထောက်တွေ အဖမ်းခံရချိန်က မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် ပြည်သူ့သံတမန်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Richard Stengel ကလည်း မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့် အခြေအနေနဲ့ ပတ်သက်လို့ အဲဒီအချိန်က အခုလို ပြောသွားခဲ့ဖူးပါတယ်။

"မြန်မာနိုင်ငံမှာ သတင်းထောက်တွေ ဖမ်းဆီး ထောင်ချခံနေရတာတွေ၊ သတင်းထောက်တွေကို ပစ်မှတ်ထားနေတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ကျနော် အထူး စိုးရိမ်ပါတယ်။ ဘယ်လိုနည်းနဲ့မှ ဒီလို အခြေအနေတွေကို လက်မခံနိုင်ပါဘူး။ သတင်းမီဒီယာ လွတ်လပ်ခွင့်ဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေ၊ မီဒီယာ ဥပဒေ ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ဆက်ပြီး လုပ်လာတာကို ကျနော်တို့ မြင်ချင်ပါတယ်။ သတင်းမီဒီယာ လွတ်လပ်ခွင့်တွေ ပိုပြီး ခွင့်ပြုရမယ့် တချိန်တည်းမှာ၊ သတင်းသမားတွေအပေါ် ဖိနှိပ်မှုတွေကိုလည်း တပြိုင်တည်း အဆုံးသတ် ရမှာ ဖြစ်ပါတယ်။"

မကွေးတိုင်း ပေါက်မြို့နယ်က ကာကွယ်ရေးပစ္စည်း စက်ရုံတခုကို လျှို့ဝှက် ဓာတုလက်နက်စက်ရုံ အဖြစ် ဖော်ပြခဲ့တဲ့အတွက် ယူနတီဂျာနယ် အမှုဆောင် အယ်ဒီတာချုပ်နဲ့ သတင်းထောက် လေးဦးကို နိုင်ငံတော် လျှို့ဝှက် ချက်ပေါက်ကြားမှု နဲ့ ဒီနှစ်အစောပိုင်းက အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာပါ။

သူတို့ကို ဖမ်းဆီးခဲ့ချိန် ကတည်းက နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ပြင်းပြင်း ထန်ထန် ဝေဖန်မှုတွေ နဲ့ သတိပေး စောင့်ကြည့်မှုတွေ လုပ်လာခဲ့တဲ့ကြားကပဲ အခုနောက်ဆုံး သူတို့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ် စီရင်လိုက်တာ ဖြစ်ပါတယ်။

XS
SM
MD
LG