သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည် ၇၀၀ ပြန်လည်လက်ခံဖို့ စစ်ကောင်စီအဆင်သင့်ပြင်ဆင်


ကုတုပလောင် ဒုက္ခသည်စခန်း မြင်ကွင်းတခု။ ၆ အောက်တိုဘာ၊ ၂၀၂၀
ကုတုပလောင် ဒုက္ခသည်စခန်း မြင်ကွင်းတခု။ ၆ အောက်တိုဘာ၊ ၂၀၂၀

[[Zawgyi/Unicode]]

ဘင်္ဂလားဒေရှ့်နိုင်ငံဘက်က မွတ်ဆလင်ဒုက္ခသည် ၇၀၀ လောက်ကို ပြန်လည်လက်ခံဖို့ အဆင်သင့်ရှိနေတယ်လို့ ရခိုင်ပြည်နယ်ကောင်စီ ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။ အရင် NLD အစိုးရလက်ထက်မှာ ဘင်္ဂလားဒေရှ့်အစိုးရနဲ့ သဘောတူထားတဲ့အတိုင်း လက်ခံမှာဖြစ်တယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ တရားဝင်ပြန်လာတဲ့ ရိုဟင်ဂျာ မွတ်ဆလင် ၁ ယောက်မှ မရှိသေးတဲ့အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ရောက်နေတဲ့ ဒုက္ခသည်တွေ ပြန်လက်ခံမယ်လို့ ပြောထားတဲ့ စစ်ကောင်စီက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဒုက္ခသည် ၇၀၀ လက်ခံဖို့ အဆင့်ပြင်ထားတယ် လို့ ဗွီအိုအေကိုပြောပါတယ်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နဲ့ တာဝန်ရှိသူတွေ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလလယ်မှာ ရခိုင်ပြည်နယ်ကို လာရောက်ပြီး ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေ သွားရောက်ခဲ့သလို ရိုဟင်ဂျာတွေ ပြန်လည်လက်ခံရေးနဲ့ ပတ်သက်ပြီးလည်း ဆောင်ရွက်ခဲ့တာရှိပါတယ်။ အဲဒီနောက်ပိုင်း ဒုက္ခသည် ၇၀၀ လောက် ပြန်လာနိုင်အောင် အဆင်သင့် ပြင်ဆင်ဆောင်ရွက်ထားတယ်လို့ ရခိုင်ပြည်နယ် ကောင်စီ ပြောခွင့်ရ ဦးလှသိန်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်သိသလောက်ပြောရရင်တော့ လူ ၇၀၀ လောက်ကို လက်ခံဖို့အစီစဉ်ရှိတယ်ဆိုတာ လွန်ခဲ့တဲ့ ၂ လလောက် နီးပါးကတည်းက အဲလိုပြောပါတယ်။ ဆိုတော့ လက်ခံဖို့ အစီစဉ်ရှိတယ်လို့ သူတို့ပြောတဲ့အချိန်က ကိုဗစ်-၁၉ ရောဂါ အကျဖက်မှာရှိတဲ့အချိန်တုန်းက ပြောတာဖြစ်ပါတယ်။ ဘယ်လိုလက်ခံမလဲဆိုတာကို ကျနော်သိထားသလောက်ပြောရရင် တော့ ကုန်းကြောင်းနဲ့ ရေကြောင်း နှစ်ခုက လက်ခံမယ်ပေါ့၊ တောင်ပြိုလက်ဝဲက ကုန်းကြောင်းကဝင်ရင် ကြိမ်ချောင်းက။ ရေကြောင်းကဝင်တာကို လက်ခံမယ်၊ နေရာ၂ နေရာ လက်ခံမယ်လို့ သိပါတယ်၊ တောင်ပြိုလက်ဝဲနဲ့ ကြိမ်ချောင်းက မှန်ချင်မှမှန်မယ်။ ၂ နေရာလက်ခံမယ်။”

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်က ARSA အကြမ်းဖက်အဖွဲ့နဲ့ စစ်တပ်ကြား တိုက် ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က နယ်မြေရှင်းလင်းရေးတွေလုပ်ခဲ့တာကြောင့် ရိုဟင် ဂျာ မွတ်ဆလင် ၇ သိန်းထက်မနည်း ဘင်္ဂလားဒေရ်ှ့ နိုင်ငံဘက်ကို ထွက်ပြေးသွားကြပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေ ပြန်လည်လက်ခံရေးအတွက် NLD အစိုးရလက်ထက်မှာ ဘင်္ဂလားဒေရှ့်အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။ အဲဒီထဲက ပြန်လာမယ့် ဒုက္ခသည်တွေအတွက် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေရာထိုင်ခင်းတွေကို စီစဉ်ထားတာပါ။ အခုဘင်္ဂလားဒေရှ့်ဘက်က ပြန်လာမယ့်သူတွေကိုလည်း NLD အစိုးရလက်ထက်ကတည်းက မြန်မာ-ဘင်္ဂလားဒေရှ့် ၂ နိုင်ငံ သဘောတူညီချက်အတိုင်း စိစစ် လက်ခံမှာ ဖြစ်တယ်လို့လည်း ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်းကပြောပါတယ်။

“လက်ခံတဲ့အခါမှာ ဘင်္ဂလားဒေရှ့်ဘက်က တရားဝင်ပို့ရမယ်၊ ပို့မယ့်လူတွေရဲ့ လူနာမည်တွေ၊ လာမယ့် ဦးရေတွေ၊ ကျားမတွေ၊ စာရင်းတွေက ကျနော်တို့ရပြီးသားဖြစ်မှာ ဖြစ်တယ်၊ ဆိုတော့ မိသားစုတခု ပို့လာရင် ကျနော်တို့ဘက်က လက်ခံဖို့ ညှိနှိုင်းပေးထားတဲ့လူ ဟုတ် မဟုတ်ကို ကျနော်တို့ စိစစ်ရမှာ ဖြစ်ပါတယ်။ အဲလို မစိစစ်ခင်မှာ နံပါတ် ၁ အဆင့် ကတော့ သူတို့က ကိုဗစ်ကင်းရှင်းတဲ့ အထောက်အထားကို အရင်ပြရမယ်။ လူဆယ်ယောက် လွှဲမယ်ဆိုရင် အဲဒီလူတွေဟာ ကျနော်တို့ လက်ခံရမယ့်သူ ဟုတ် မဟုတ်ဆိုတာ ကျနော်တို့ စိစစ်ရမှာ ဖြစ်ပါတယ်၊ စိစစ်ပြီးရင် ၁၀ယောက် လက်ခံလိုက်မယ်။ ဒီနေ့ မှာ လူ ၅၀ လက်ခံမယ်ဆိုရင်တော့ ၅၀ ပြည့်အောင် လက်ခံမှာပေါ့။”

ပြန်လည်ဝင်ရောက်လာမယ့် သူတွေရဲ့ စားဝတ်နေရေးအတွက် မောင်တောမြို့နယ် လှဖိုးခေါင်ယာယီ ပြန်လည်လက်ခံရေးစခန်းမှာ အဆင်သင့်ပြင်ဆင်ထားသလို လက်ခံပြီး သားသူတွေကိုလည်း သေချာစိစစ်ပြီး သူတို့နေရပ်ကို ပြန်လည်ပို့ဆောင်သွားမှာ ဖြစ်တယ် လို့လည်း ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်းကပြောပါတယ်။

“လှဖိုးခေါင်းစခန်းမှာတော့ သူတို့နေဖို့ အဆောက်အဦးတွေ ဆောက်ထားပါတယ်။ သူတို့ ကို ယာယီအားဖြင့် ရိက္ခာတွေ ပံ့ပိုးဖို့၊ နေရေးထိုင်ရေး စားရေးသောက်ရေးပေါ့နော်၊ အကုန်စီစဉ်ထားပါတယ်။ သူတို့ကို လှဖိုးခေါင်စခန်းမှာ စုစည်းထားချိန်မှာပဲ သူတို့ဘယ်ရွာကို သွားရမယ်၊ ဘယ်ရွာမှာနေမယ်ဆိုတဲ့ အစီအစဉ်ကို စခန်းမှာ တာဝန်ရှိတဲ့အဖွဲ့တွေ၊ ဌာနတွေက လုပ်ပေးမှာ ဖြစ်ပါတယ်။ လက်ခံမယ့်အစီအစဉ်က ရခိုင်ပြည်နယ်အစိုးရက လက်ခံမယ့် အစီအစဉ်မဟုတ်ပါဘူး၊ ပြည်ထောင်စုက လက်ခံမယ့် အစီအစဉ်လို့ သိရပါတယ် ခင်ဗျာ။”

စစ်ကောင်စီအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ပြန်လည်လက်ခံဖို့ အဆင်သင့်ပြင်ဆင် ထားပေမယ့် လက်ရှိအချိန်ထိ တယောက်မှ လက်ခံထားတာမရှိသေးဘူးလို့လည်း ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်းကပြောပါတယ်။

“တယောက်မှ မရှိသေးပါဘူး။ ကျနော်တို့က သြဂုတ်လက လှဖိုးခေါင်စခန်းကို တခေါက်သွားပြီးတော့ စစ်ပါတယ်။ နောက်ကြားထဲလည်း တျခါက် ရောက်ပါတယ်။ ဆိုတော့ လှဖိုးခေါင်စခန်းမှာ လူတွေလက်ခံတဲ့ အစီအစဉ်မရှိဘူးပေါ့။ အဓိကတော့ လက်ခံဖို့ သဘောတူပြီးမှ ကိုဗစ်-၁၉ တတိယလှိုင်းပြင်းထန်မှုကြောင့် ရပ်သွားတယ်လို့ ကျနော်တို့ သိရပါတယ်။ အခုတော့ လှဖိုးခေါင်စခန်းမှာ ရောက်လာလို့ရှိရင် နေဖို့ ထို်င်ဖို့ အဆင်ပြေအောင် ဆိုပြီးတော့ အဆောင်တွေရဲ့ ကြံခိုင်မှုနဲ့ သန့်ရှင်းရေးတွေ ပြန်လုပ်ထားတယ်လို့ သိရပါတယ်။ လူတယောက်မှ လက်ခံထားတာ မရှိသေးပါဘူးခင်မျာ။ ”

ဘင်္ဂလားဒေရှ့်ဘက်မှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်ပို့ဖို့ ဘင်္ဂလားဒေရှ့် အစိုးရက ၂၀၂၀ ခုနှစ်မှာ စီစဉ်ခဲ့ပေမယ့် ရိုဟင်ဂျာတွေကိုယ်တိုင်က မြန်မာနိုင်ငံမှာ သူတို့ အတွက် လုံခြုံရေးအာမခံချက် မရှိဘူးဆိုပြီး ပြန်မလာချင်ကြပါဘူး။ ဘင်္ဂလားဒေရှ့်အစိုးရကလည်း ရိုဟင်ဂျာတွေ ပြန်လာနိုင်အောင် မြန်မာနိုင်ငံဘက်က အသေအချာ မလုပ်ဘူးဆိုပြီး အပြစ်တင်ခဲ့ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုလက်မခံတဲ့ စစ်ကောင်စီက အခု အယောက် ၇၀၀ စာ လက်ခံဖို့ ပြင်ဆင်ထားတယ်လို့ ပြောပေမယ့် ဘယ်နှစ်ယောက်ပြန်လာဖို့ရှိလဲနေလဲဆိုတာ အတိအကျ မသိရပါဘူး။

တိုက်ရိုက် လင့်ခ်

==================

[[Unicode]]











==================

XS
SM
MD
LG