မြန်မာနိုင်ငံက စစ်တပ်စစ်ဆင်ရေးတွေအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာမွတ်စလင်တွေရဲ့ ဒုက္ခသည်စခန်းတွေမှာ အခုနှစ်အတွင်း ကလေးငယ် ၄သောင်း ၈ထောင်လောက် မွေးဖို့ရှိတယ်လို့ ခန့်မှန်းထာကြောင်း အကူအညီပေးရေးအဖွဲ့တွေက ခန့်မှန်းလိုက်ပါတယ်။
အဲဒီကလေးငယ်တွေဟာ ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိတဲ့ တဲတွေအတွင်းမှာ မွေးဖွာလာနိုင်ဖွယ်ရှိပြီး၊ ရောဂါဘယ နဲ့ အဟာရချို့တဲ့မှု အသက် ၅ နှစ်မပြည့်ခင်သေဆုံးမှု မြင့်မားတဲ့အန္တရာယ်တွေ၊ ကြုံရနိုင်ဖွယ်ရှိတယ်လို့ Save The Children အဖွဲ့က ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒုက္ခသည်စခန်းတွေဟာ ရေနဲ့မိလ္လာစနစ်တွေ မကောင်းတဲ့အတွက် အထူးသဖြင့် မွေးခါစကလေးတွေဖြစ်တတ်တဲ့ ဆုံဆို့နာ ၊ ဝက်သက် နဲ့ ကာလာဝမ်းရောဂါတို့လို ရောဂါပိုးတွေပေါက်ဖွားတဲ့နေရာတွေဖြစ်တယ်လို့ Cox’s Bazaar မှာရှိတဲ့ Save the Children အဖွဲ့ရဲ့ ကျန်းမာရေးအကြံပေး Rachael Cummings က ပြောပါတယ်။
ဒီနေရာကလေးမွေးဖို့ သင့်တော်တဲ့နေရာမဟုတ်ဘဲ၊ အဲဒီကလေးတွေ နေရမယ့်အခြေအနေဟာ အလွန်ကိုဝမ်းနည်းကြေကွဲစရာကောင်းတယ်လို့ ဆိုပါတယ်။ Cox’s Bazaar ဒေသက ဒုက္ခသည်စခန်းတွေမှာရှိတဲ့ အသက် ၅ နှစ်အောက်ကလေးငယ်တွေထဲက ၂၅ ရာခိုင်နှုန်းဟာ အလွန်ကိုဆိုးရွားတဲ့ အဟာရချို့တဲ့မှု ပြဿနာနဲ့ ရင်ဆိုင်နေရပြီး၊ ကလေးငယ် ထက်ဝက်လောက်ဟာ သွေးအားနည်းတဲ့ရောဂါကိုခံစားနေရတယ်လို့ ပြီးခဲ့တဲ့လက ကုလသမဂ္ဂကလေးသူငယ်များအရေးပေါ်ရံပုံငွေအဖွဲ့ UNICEF က ကောက်ယူခဲ့တဲ့ စစ်တမ်းတွေက ဖော်ပြပါတယ်။ ဒါ့အပြင် ၄၀ ရာခိုင်နှုန်းက ဝမ်းရောဂါခံစားနေရပြီး၊ ၆၀ ရာခိုင်နှုန်းက အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ခံစားနေရတယ်လို့ ဆိုပါတယ်။