မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းက မတည်မငြိမ် အခြေအနေတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက်ရောက်ရှိ လာနေဆဲ ဖြစ်တာကြောင့် အကူအညီတွေ အရေးတကြီး လိုအပ်နေကြောင်း ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။ မကြာသေးခင် ရက်တွေအတွင်းမှာပဲ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ထပ်ရောက် လာနေကြသလို၊ နောက်ထပ် ရောက်လာဦးမယ်လို့ မျှော်လင့်ရကြောင်းလည်း ကုလသမဂ္ဂက ပြောဆိုနေတာပါ။ အပြည့်အစုံကိုတော့ ကိုရန်နိုင် ကပြောပြပေးမှာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ကူးဝင်ဖို့အတွက် ၂ နိုင်ငံ နယ်စပ်မှာ ၄ ရက်ကြာ စောင့်ဆိုင်းနေတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဝင်ခွင့်ပေးလိုက်ပြီးတဲ့နောက်၊ ဒုက္ခသည်တွေထောင်နဲ့ချီပြီး နယ်စပ်ကို ဖြတ်ကျော်ခဲ့ကြပါတယ်။ ဒုက္ခသည် ၆ ထောင်ကျော်လောက် နယ်စပ်ကို ဝင်ရောက်လာခဲ့ပြီး၊ နောက်ထပ်လည်း ဒုက္ခသည်တွေ ဆက်တိုက်ဝင်လာနေတယ်လို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့က ကြာသပတေးနေ့ညက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဝင်လာတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂကော်မရှင်နာမင်းကြီးရုံးရဲ့ ပြောခွင့်ရ Duniya Aslam Khan က အခုလို ပြောပါတယ်။
“အခြေအနေက မငြိမ်သေးပါဘူး၊ အသစ်ရောက်လာနေတာတွေကလည်း အခုထိ မရပ်သေးပါဘူး။ အခုဆိုရင် ၂ လလောက် ရှိလာပါပြီ။ ဒီကိုရောက်လာပြီးသားက ခန့်မှန်းချေ ၅၈၉,၀၀၀ လောက်ရှိပါတယ်။ ဒုက္ခသည်အသစ်တွေလည်း ရောက်လာနေတုန်းပါ။ ဒါကြောင့်လည်း မကြာသေးခင်နှစ်တွေအတွင်း ဒုက္ခသည်ပြဿနာတွေမှာ အကြီးမားဆုံးပါ။ ဆောင်ရွက်စရာ တော်တော်များများ ပြီးစီးသွားပေမဲ့၊ လက်တွေ့ လုပ်စရာတွေလည်း အများအပြား ကျန်ပါသေးတယ်။”
ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်မှာမြောက်ပိုင်းမှာရှိတဲ့ လုံခြုံရေး ကင်းစခန်းတွေကို ARSA ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာကနေ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးစိုးရိမ်မှု အခြေအနေတွေ ဆိုးရွားလာခဲ့ပြီး၊ မြန်မာစစ်တပ်ဘက်က ဒေသတွင်းမှာ နယ်မြေရှင်းလင်းရာကနေ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို အလုံးအရင်းနဲ့ ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာရောက်နေတဲ့ ဒုက္ခသည်အရေအတွက်နဲ့ ပတ်သက်ပြီး နိုင်ငံတကာရွှေ့ပြောင်းအခြေချနေထိုင်သူများ အကူအညီပေးရေးအဖွဲ့ IOM ရဲ့ ပြောခွင့်ရ Joel Millmann ကအခုလို ပြောပါတယ်။
“မနေ့နှောင်းပိုင်းအထိဆိုရင် ဘင်္ဂလားနိုင်ငံ Anjuman Para က လူသူမရှိတဲ့ နယ်စပ်ဒေသမှာ အခက်အခဲတွေနဲ့ သောင်တင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၆,၉၀၀၊ ၇ ထောင်နီးပါး လောက်ကို ဘင်္ဂလားဒေ့ရှ်စစ်တပ်က Cox's Bazar ခရိုင်ထဲက Ukhia နဲ့ Teknaf မှာရှိတဲ့ ယာယီစခန်းတော်တော်များများကို ပို့ပေးခဲ့ပါတယ်။ အခုဆိုရင် ဒုက္ခသည်စခန်းတွေမှာ ရောက်နေတဲ့ ရိုဟင်ဂျာ အရေအတွက်ဟာ ၈ သိန်းရှိနေပြီလို့ ယူဆပါတယ်။ ၅၈၉,၀၀၀ ဆိုတဲ့ အရေအတွက်ကတော့ သြဂုတ်လ ၂၅ ရက်နေ့ နောက်ပိုင်း ရောက်လာတဲ့ အရေအတွက်လို့ ကျနော်တို့ နားလည်ထားပါတယ်။”
အသစ်ရောက်ရှိလာတဲ့ ဒုက္ခသည်တွေဟာ ကုတုပလောင်ဒုက္ခသည်စခန်းကို သွားနေကြပြီး၊ အဲဒီမှာရှိတဲ့ ယာယီခိုလှုံရေးစခန်းတွေမှာ နေနေကြတယ်လို့ UNHCR က ပြောပါတယ်။ UNHCR အပါအဝင် တခြားအကူအညီပေးရေးအဖွဲ့တွေနဲ့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပူးပေါင်းပြီးတော့ ဒုက္ခသည်တွေကို အကူအညီပေးနေတယ်လို့ UNHCR ပြောခွင့်ရ Duniya Aslam Khan က အခုလို ပြောပါတယ်။
“အသစ်ရောက်လာသူတွေထဲက အကူအညီလိုတဲ့သူတွေကိုတော့ နယ်စပ်ကနေ Kutupalong ဒုက္ခသည်စခန်းနားက ကြားစခန်းကို ဘတ်စ်ကားတွေနဲ့ ပို့ပေးပါတယ်။ ဒီစခန်းမှာတော့ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ UNHCR က မိတ်ဘက် အဖွဲ့အစည်းတွေနဲ့အတူ အစားအစာ၊ ရိက္ခာ၊ ဆေးစစ်မှုတွေနဲ့ ယာယီခိုလှုံစရာ ထောက်ပံ့ပေးထားပါတယ်။”
ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံတွေနဲ့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေကတော့ ၊ မြန်မာစစ်တပ်ဟာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်လို့ စွပ်စွဲခဲ့ပြီး၊ မြန်မာအစိုးရဘက်ကတော့ ဒီစွပ်စွဲချက်အပေါ်မှာ အပြင်းအထန်ကန့်ကွက်ခဲ့ပါတယ်။ ARSA ရိုဟင်ဂျာအစွန်းရောက်တွေဘက်က တိုက်ခိုက်မှုကြောင့် ၊ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် ၁၂ ဦးအပါအဝင် ဒေသတွင်းက ရခိုင်လူမျိုးတွေ၊ ဟိန္ဒူဘာသာဝင်တွေ နဲ့ တခြား လူနည်းစုမျိုးနွယ်ဝင် တချို့လည်း သေဆုံးခဲ့ပြီး၊ မြန်မာအစိုးရကတော့ ARSA အဖွဲ့ကို အကြမ်းဖက်အုပ်စု အဖြစ် နဲ့ သတ်မှတ်ကြေငြာခဲ့ပါတယ်။