(Zawgyi/Unicode)
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့တွေနဲ့ နယ်ခြားစောင့်စစ်တပ်က ရခိုင်ပြည်နယ်က လာတဲ့ ရိုဟင်ဂျာ ၁၂ ဦိးကို ဖမ်းဆီးလိုက်တဲ့သတင်းကို တင်ပြပါမယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ဆက်ပေးပါမယ်။
ထိုင်းမြန်မာနယ်စပ်မှာ မဲဆောက်မြို့မှာ မေလ ၁၉ ရက်နေ့က မြန်မာနိုင်ငံ ရခိုင်ပြည်နယ် စစ်တွေကနေ လာပြီး ထိုင်း - မလေးနယ်စပ်အထိ သွားဖို့အတွက် လာကြတဲ့သူ ၁၂ ဦးကို ထိုင်းလဝကနဲ့ ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းဆီးလိုက်တာပါ။ လူပွဲစားတွေနဲ့ လူကုန်ကူးခံရသူတွေကို ထိုင်းအာဏာပိုင်တွေက အင်အား ၅၀ ထက်မနည်းနဲ့ ဝိုင်းဝန်းပိတ်ဆို့ပြီး ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ အဖမ်းခံရတဲ့ ရိုဟင်ဂျာ ၁၂ ဦးထဲမှာ ကလေးငယ်နှစ်ဦး ပါဝင်တယ်လို့ သိရပါတယ်။
သူတို့တွေဟာ ရခိုင်ပြည်နယ်ကနေ မြဝတီ၊ မြဝတီကနေ မဲဆောက် အဲဒီကနေ တဆင့် မလေးရှားနယ်စပ်အထိ ရောက်ဖို့အတွက် လူပွဲစားကို အခကြေးငွေ တဦးကို ဘတ်ငွေ ၁၄,၀၀၀ လောက် ပေးပြီးလာခဲ့ကြတာလု့ိ ဆိုပါတယ်။ ဖမ်းဆီးမှု အခြေအနေနဲ့ ပတ်သက်လို့ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ရဲ့ မဲဆောက်တာဝန်ခံ ဦးမိုးကျော်က အခုလိုပြောပါတယ်။
"မနေ့က ကျနော်တို့ တာခ့်ခရိုင် ထဆိုင်လုဝပ်နယ်မြေကမ်းနား မဲဆောက်ကမ်းနားနားက ချစ်ကြည်ရေးတံတားနားက ရပ်ကွက်က လူကုန်ကူး တားဆီးတိုက်ဖျက်ရေးအဖွဲ့တွေ၊ လဝကတွေ၊ နယ်ခြားစောင့်တပ်တွေနဲ့ ထိုင်းအာဏာပိုင် ၅၀ ကျော်လောက်က မသင်္ကာ တဲ့ အိမ်တွေကို ရှာဖွေတဲ့အခါမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲက လာတဲ့ လူ ၁၂ ဦးကို ဖမ်းဆီးလိုက်တယ်။ သူတို့ကို ခေါ်လာတဲ့ ထိုင်းနိုင်ငံသား လူပွဲစား ၂ ဦးကိုလည်း ဖမ်းဆီးလိုက်တယ်။ ဖမ်းဆီးခံရတဲ့အထဲမှာ ၉ နှစ်နဲ့ ၃ နှစ်အရွယ် ကလေး ၂ ဦးလည်းပါတယ်။ ဖမ်းဆီးခံရသူတွေကို နေရပ်ရင်းကို ပြန်ပို့မယ်လို့တော့ ထိုင်းအာဏာပိုင်တွေက ပြောတယ်။"
ထိုင်းသတင်းတွေမှာ သူတို့ဟာ မြန်မာနိုင်ငံကလာတဲ့ ရိုဟင်ဂျာတွေ ဖြစ်တယ်လို့ ဖော်ပြပါတယ်။
မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံပါဘူး။ သူတို့ အားလုံးဟာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကိုဖြတ်ပြီး မလေးရှားအထိ သွားရောက် အလုပ်လုပ်ကြဖို့ လာကြရင်းနဲ့ ထိုင်းနဲ့ မြန်မာ လူပွဲစားတွေကို ငွေပေးပြီး လာခဲ့ကြတာပါ။ ပွဲစားတွေက တိုက်ခန်းတစ်ခုမှာ လူစုထားတဲ့အချိန် ဖမ်းဆီးခံရတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်ဆလင်တွေဟာ မြန်မာနိုင်ငံတွင်းမှာလည်း နယ်ကျော်သွားလာခွင့် မရှိတာကြောင့် လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ မြန်မာနိုင်ငံထဲမှာလည်း အလားတူ ဖမ်းဆီးခံရတာတွေ ရှိခဲ့ပါတယ်။ သူတို့ဟာ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေစခန်းတွေအတွင်းမှာ နှစ်ရှည်နေထိုင်ရပြီး နယ်စပ်ဖြတ်ကျော် အခြားနိုင်ငံတွေကို ထွက်ဖို့ ကြိုးစားရာက အခုလို ဖမ်းဆီးခံကြရတာပါ။
မဲဆောက်မှာ ဖမ်းမိရတဲ့အထဲ ထိုင်းနိုင်ငံသား လက်မှတ် ကိုင်ဆောက်ထားတဲ့ လူပွဲစားနှစ်ဦးကိုလည်း ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းတွေမှာ ဖေါ်ပြပါတယ်။ အခုလို COVID-19 အရေးပေါ်ကာလမှာ နယ်မြေတခုနဲ့ တခု ဖြတ်သန်းသွားလာခွင့်တွေ ပိတ်ဆို့ကန့်သတ်ထားချိန်မှာ သွားလာခွင့်မရတာကြောင့် မဲဆောက်ထဲမှာပဲ သူတို့ကိုဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတုန်းကလည်း ရိုဟင်ဂျာတချို့ကို မဲဆောက်မှာ ဖမ်းမိခဲ့တယ်လို့ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။
ထိုင်း လူကုန်ကူးမှှု တိုက်ဖျက်ရေးအဖွဲ့တွေရဲ့ ရရှိထားတဲ့ သတင်းအချက်အလက် တွေအရ ရိုဟင်ဂျာတွေကို လူပွဲစားတွေဟာ မဲဆောက်မြို့ကနေတဆင့် မလေးနယ်စပ်ကို ပို့နေကြောင်း သတင်းရရှိထားတဲ့အတွက် ဝင်ရောက် စစ်ဆေးခဲ့တာလို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။
[Unicode Version]