သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များအတွက် ရန်ပုံငွေ ဒေါ်လာ ၁ ဘီလီယံလိုအပ်


ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းမှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်တဲ့ ရိုဟင်ဂျာစုစုပေါင်း ၁ သန်းလောက်ကို ကျွေးမွေး စောင့်ရှောက်နိုင်ဖို့ လိုအပ်တဲ့ငွေဟာ ဒီနှစ်အတွက် ဒေါ်လာ သန်း ၁,၀၀၀ လောက် ရှိနိုင်တယ်လို့ ကုလသမဂ္ဂ အရာရှိတဦးက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ပြဿနာရဲ့ အတိုင်းအတာအရ ဒီနှစ်ထဲမှာ ဒေါ်လာ သန်း ၉၅၀ ထောက်ပံ့မှုရဖို့ ကြိုးစားချက်ဟာ ခိုင်လုံမှုရှိကြောင်းနဲ့ ဒီဒုက္ခသည်တွေဟာ လက်ဗလာနဲ့ လာကြသူတွေဖြစ်တဲ့တွက် သူတို့လိုအပ်ချက်က သိပ်ကို ကြီးမားတာမို့ အကူညီတွေ ဆက်ပြီးရဖို့ မျှော်လင့်ကြောင်းလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် Mia Seppo က AFP သတင်းဌာနကို ပြောပါတယ်။

သူတို့အတွက် ရန်ပုံငွေကို ဒီသီတင်းပတ်ထဲမှာပဲ Geneva ကုလသမဂ္ဂရုံးချုပ်က အစည်းအဝေးမှာ တောင်းခံဖို့ ရှိပါတယ်။ အောက်တိုဘာလ တုန်းက ကုလသမဂ္ဂက ရိုဟင်ဂျာအရေး တုန့်ပြန်တဲ့အနေနဲ့ ဒေါ်လာ ၃၄၅ သန်းပေးဖို့ ကတိပေးခဲ့တာပါ။ အခုအချိန်မှာတော့ ဖေဖော်ဝါရီလ အထိ ထပ်မံပြောင်းရွှေ့လာတဲ့ မွတ်ဆလင်တွေ ပါရှိနေတာမို့ သူတို့ကို စောင့်ရှောက်ဖို့ ဒေါ်လာ ၄၃၄ သန်း လိုအပ်မှာ ဖြစ်ကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

လွန်ခဲ့တဲ့ ၆ လလောက်ကတည်းက မြန်မာနိုင်ငံဘက်က ရောက်လာတဲ့ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ကျန်းမာရေးအတွက် လိုအပ်ရုံသာမကဘဲ အခု မုတ်သုံရာသီ နီးလာပြီမို့ ရေကြီးရေလျှံနိုင်တဲ့ ဒေသတွေမှာ ရှိနေတဲ့ ဒုက္ခသည် တသိန်းလောက်ကို ပြောင်းရွှေ့နေရာချဖို့ပါ လိုအပ်နေပြီလို့လည်း Mia Seppo ကပြောပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂက ပံ့ပိုးပေးတဲ့ ကျန်းမာရေးအဖွဲ့ကလည်း ဒုက္ခသည်တွေ အတွက် ဝမ်းရောဂါကာကွယ်ဖို့၊ ဝက်သက်ကာကွယ်ဆေး ထိုးပေးဖို့လည်း ငွေလိုအပ်နေတာပါ။

ဒုက္ခသည်တွေ နေရပ်ပြန်ရေး ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံအစိုးရတွေကြား သဘောတူညီမှုရခဲ့တာ နိုဝင်ဘာလကတည်းက ဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မပြန်နိုင်ကြသေးသလို ပြန်ပို့ဖို့လုပ်ငန်းစဉ် ဘယ်တော့မှ စနိုင်မယ်ဆိုတာ မသိသေးကြောင်းလည်း ဒုက္ခသည်ဆိုင်ရာဘင်္ဂလားဒေး့ရှ် ကော်မရှင်နာမင်းကြီး Mohammad Abul Kalam က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG