တနင်္သာရီတိုင်း ပုလောမြို့နယ်ထဲမှာ စစ်တပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲ ပြင်းထန်နေပါတယ်။ တိုက်ပွဲတွေကြောင့် မြိတ်မြို့နဲ့ ပုလောမြို့ကြားက ပြည်ထောင်စုကားလမ်းမကြီးမှာ ကားတွေ ရှေ့ဆက်မသွားနိုင်ဘဲ ပိတ်မိနေကြပါတယ်။ ဒီကားလမ်းမှာ မိုင်းနင်းမိလို့ ယာဉ်မောင်းတဦး ဒဏ်ရာပြင်းထန်စွာ ရခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။
တနင်္သာရီတိုင်း ပုလောမြို့နယ်အတွင်းက ကြဲကျေးရွာကို အောက်တိုဘာလ ၁၆ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းကနေ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်တပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ စစ်တပ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူ ၁ ထောင်ကျော်လောက်ဟာ ဘေးလွတ်ရာ ပြေးနေကြရပါတယ်။
တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် မြိတ်နဲ့ ပုလောသွားတဲ့ ကားလမ်းမကြီးမှာ ကားတွေ ရှေ့မတိုး နောက်မဆုတ်နိုင်နဲ့ ပိတ်မိနေကြပါတယ်။ မြိတ်မြို့ကိုသွားမယ့်ကားတွေရော ပုလောမြို့ကိုလာတဲ့ကားတွေပါ ပိတ်မိနေတယ်လို့ ဒေသခံတဦးကပြောပါတယ်။ မနေ့ ကြာသပတေးနေ့တုန်းကတော့ ကြဲတံတားအနီးက ကားလမ်းမမှာ ကားသမားတဦး မိုင်းနင်းမိခဲ့တယ်လို့လည်း VOAကိုပြောပါတယ်။
"ထွက်ပြေးတိမ်းရှောင်နေရသူလူ ၁ထောင်ကျော်လောက်ရှိတယ် ၊ အခုက ကားလမ်းတွေပိတ်ထားတယ် မြိတ်ကနေ ကြဲရွာဘက်တွေမှာ ကားတွေပိတ်မိနေတယ်၊ ကျနော်တို့ပုလောဘက်မှာ ကားတွေပိတ်မိနေတယ်၊ မြိတ်ပုလောကားလမ်းမမှာဖြစ်နေတယ် တိုက်ပွဲကပြင်းထန်တယ်၊ လေကြောင်းအသုံးပြုနေတဲ့အထိဖြစ်တာ ၊မနေ့ကတော့ ကားသမားတဦးမိုင်းထိတယ်၊ ကြဲတံတားနားမှာ ကားတွေပိတ်နေတုန်း ကြဲတံတားနားက သစ်ပင်နားမှာပဲ သွားတုန်း အဲဒီနားမှာ မိုင်းနင်းမိတယ် ဘယ်သူထောင်တဲ့မိုင်း ဆိုတာတော့ မသိဘူး မိုင်းက နင်းမိပြီးပေါက်ကွဲသွားတော့ ခန္ဓာကိုယ်တခုလုံးအကုန်လုံး နေရာအနှံပဲဒဏ်ရာတွေရသွားတယ် ၊၊ အခု မြိတ်ဆေးရုံကိုပို့ထားတယ် မနေ့ကတော့"
စစ်တပ်က စစ်ကားတွေပေါ် အရပ်သားတွေတင်ပြီး ခေါ်သွားနေတာကြောင့် လူသားဒိုင်းလို အသုံးပြုပြီး သွားလာနေပုံရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
"အခုပုလောဘက်ကို စစ်ကြောင်းထိုးတဲ့အခါမှာအရပ်သားတွေကိုတင်ဆောင်ပြီးသွားတယ် အရပ်သားကားတွေတော့မဟုတ်ဘူး စစ်ကားတွေမှာအရပ်သားတွေကိုတင်ပြီးသွားတယ်"
စက်တင်ဘာလတုန်းက ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ တနင်္သာရီတိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှုအများဆုံးဖြစ်ခဲ့ပြီး တနင်္သာရီတိုင်းမှာပဲ တိုက်ပွဲ ၆၈ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သလို မိုင်းဆွဲတိုက်ခိုက်မှု ၉ ကြိမ်ထက်မနည်းရှိခဲ့ကြောင်းနဲ့ စုစုပေါင်းထိတွေ့မှု အနည်းဆုံး ၇၇ ကြိမ်ထိရှိခဲ့တယ်လို့ ဒေသအတွင်း သတင်းအချက်အလက်ကောက်ယူခဲ့တဲ့ FE5 တနင်္သာရီရဲ့ တိုက်ပွဲကြားက မြေစာပင်ဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။
အခု အောက်တိုဘာလထဲမှာလည်း တနင်္သာရီမြို့နယ်၊ ပုလောမြို့နယ်နဲ့ လောင်းလုံးမြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး နေ့စဉ်ရက်ဆက် ရက်ရှည်တိုက်ပွဲတွေဖြစ်နေတယ်လို့လည်း ပြောထားပါတယ်။ တိုက်ပွဲပြင်းထန်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၅၉၀၀၀ ခန့်အထိရှိနေတယ်လို့ FE5 တနင်္သာရီရဲ့ အစီရင်ခံစာမှာဖော်ပြခဲ့ပါတယ်။ တိုက်ပွဲတွေဖြစ်နေတဲ့ တနင်္သာရီတိုင်းဘက်က စစ်ပွဲအခြေအနေကို စစ်ကောင်စီဘက်က အခုချိန်ထိ တစုံတရာ ထုတ်ပြန်ခြင်း မရှိပါဘူး။
Forum